သတင်း

စစ်တွေမြို့မိမြို့ဖ ဦးအောင်သန်းဝေ၏ အာမခံ လျှောက်ထားမှု ပယ်ချခံရ

Want create site? Find Free WordPress Themes and plugins.

မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်း ဦးတင်မောင်ဆွေ ကို လူပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ထိပါးသည့် အသုံးအနှုန်းဖြင့် ဝေဖန်ပြောဆိုသည်ဟု ဆိုကာ ဖမ်းဆီး တရားစွဲခံနေရသော စစ်တွေမြို့မိမြို့ဖ အဖွဲ့ဝင် ဦးအောင်သန်းဝေ၏ အာမခံ လျှောက်ထားမှု ပယ်ချခံလိုက်သည်။

ဦးအောင်သန်းဝေ၏ အာမခံကို ပြီးခဲ့သည့် တတိယအကြိမ်မြောက် ရုံးချိန်း၌ လျှောက်ထား ခဲ့ခြင်း ဖြစ်ပြီး ယမန်နေ့ ဇူလိုင် လ ၂၅ ရက်နေ့ ညနေပိုင်းက စတုတ္ထအကြိမ်မြောက် ရုံးချိန်းတွင် နှစ်ဖက် အပြန်အလှန် လျှောက်လဲချက်များ ပေးကာ စစ်တွေမြို့နယ် တရားရုံးက လုံခြုံရေးအရ စိုးရိမ်စရာ ရှိသည် ဆိုသည့် အကြောင်း ပြချက်ဖြင့် ပယ်ချလိုက်ခြင်း ဖြစ်ကြောင်း ၎င်းအမှုအားလိုက်ပါ ဆောင်ရွက်သူ တရားလွှတ်တော် ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က “ကျနော်တို့ဘက်က လျှောက်ထားတာကတော့ ဦးအောင်သန်းဝေဟာ မြို့မိမြို့ဖ အဖွဲ့ဝင်တဦးလည်း ဖြစ်တယ်၊ သက်သေတွေကလည်း ရဲတပ်ဖွဲ့ဝင် တွေ၊ အစိုးရ ဝန်ထမ်းတွေ ဖြစ်တယ်။ သူ့အနေနဲ့ အာမခံပေးလိုက်လို့ သက်သေ တွေကိုလည်း မဖျက်ဆီးနိုင်ဘူး။ ထွက်ပြေးသွားမယ့် လူစားမျိုးလည်း မဟုတ်ဘူး။ အဲဒီအပေါ်မှာ တရားရုံးက ဒါကတော့ လုံခြုံရေးနဲ့လည်း ပတ်သက်တယ်၊ အာမခံမပေးနိုင်တဲ့ အမှုလည်း ဖြစ်တယ်ဆိုပြီးတော့ အာမခံကို ပယ်တယ်ဆိုပြီး အမိန့်ချ လိုက်ပါတယ်” ဟု သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

ဦးအောင်သန်းဝေသည် “လူသတ်လက်နက်နဲ့ ရခိုင်ပြည်နယ် အတွင်းရေးမှူး (ဟောင်း) ဦးတင်မောင် ဆွေ၊ မြောက်ဦး လူသတ်မှု (တရားခံ) ဘယ်သူလဲ” ဆိုသည့် စာသားကို ဦးတင်မောင်ဆွေ၏ ခါးကြား တွင် သေနတ်ထိုးထား သည့် ဓာတ်ပုံနှင့် တွဲကာ Facebook ပေါ်တွင်တင်ခဲ့သည်။ ထိုစဉ်က ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေသည် ရခိုင်ပြည်နယ်မှ စစ်ကိုင်းတိုင်း ဒေသကြီးသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရန် ရက်ပိုင်းအလိုတွင် ဖြစ်သည်။

ထို့ကြောင့် ဦးအောင်သန်းဝေကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ (၆၆/ ဃ) ဖြင့် ပြည်နယ် အစိုးရအဖွဲ့ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး တဦးက တရားလိုပြုလုပ်ကာ အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် ဦးအောင်သန်းဝေသည် ဒေါက်တာအေးမောင်၏ ရုံးချိန်း၌လည်း တရားရုံးရှေ့တွင် ဦးတင်မောင်ဆွေကို ပုဂ္ဂိုလ်ရေး ထိခိုက်သည့် စကားများကို ပြောဆိုသည်ဆိုသည့် စွပ်စွဲချက်ဖြင့် နိုင်ငံ သားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို အာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ ဖြင့် အမှုဖွင့် တိုင်ကြားခံခဲ့ရသည့်အတွက် ပုဒ်မနှစ်ခုဖြင့် ဇွန်လ ၂၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည်။

သို့သော် ဦးအောင်သန်းဝေကို တရားရုံး၌ အမှုစွဲတင်လာသည့်အခါတွင် ထောင်ဒဏ် ၃ နှစ် အထိ ပြစ်ဒဏ်ပေးနိုင်သော နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို အကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ တခုတည်းဖြင့်သာ တရားစွဲဆို ထားခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီး တရားစွဲခံ ဦးအောင်သန်းဝေက “ကျနော့်ကို လုံခြုံရေးအရ စိုးရိမ်ရတယ်ဆိုပြီး အာမခံကို ပယ်လိုက်ပါတယ်ခင်ဗျ။ အာမခံဆိုတာက ပြစ်ဒဏ် ၇ နှစ်အထက် သေဒဏ်အထိ အဲဒီပုဂ္ဂိုလ် တွေ တောင်မှ ယုံကြည်လောက်တဲ့ အကြောင်းပြချက် ရရှိရင် အာမခံပေးလို့ရတယ်။ ဒါပေမဲ့ သွားကြားထိုး တံတောင်မရှိတဲ့ ကျနော့်ကို ဘာတွေစိုးရိမ်လို့ ဘာကြောင့်တွေဖြစ်လို့ အာမခံမပေးတယ် ဆိုတာ မသိဘူး” ဟု တရားရုံးအပြီး သတင်း မီဒီယာများသို့ ပြောကြားခဲ့သည်။

ယမန်နေ့ စတုတ္ထအကြိမ်မြောက် ရုံးချိန်းတွင် တရားလိုပြသက်သေ ဖြစ်သည့် စစ်တွေအမှတ် (၁) စခန်းမှ နယ်ထိန်း ရဲအုပ် အေးခင်မောင်ကို စစ်ဆေးခဲ့ပြီး သြဂုတ်လ ၁ ရက်နေ့ကို ထပ်မံ ရုံးချိန်းပေး လိုက်ကြောင်း လည်း သိရသည်။

ဦးအောင်သန်းဝေသည် ဒေါက်တာအေးမောင်အမှုကို လိုက်ပါကူညီ ဆောင်ရွက်ပေးနေသူ တဦးဖြစ်ပြီး အရပ်ဖက် လူမှု အဖွဲ့အစည်းနှင့် ပြည်နယ် အစိုးရအဖွဲ့တို့ တွေ့ဆုံသည်ပွဲများတွင် အစိုးရ အဖွဲ့၏ အားနည်းချက်များကို ဝေဖန်ထောက် ပြတတ်သူ တဦးလည်း ဖြစ်သည်။

ဆက်စပ်ဖတ်ရှု့ရန်Facebook ၌ ဝေဖန်ရေးသားမှုကြောင့် စစ်တွေမြို့မိမြို့ဖ ဦးအောင်သန်းဝေ ဖမ်းခံရ
စစ်တွေမြို့မိမြို့ဖ ဦးအောင်သန်းဝေ ကို ပထမအကြိမ် ရုံးထုတ်

Did you find apk for android? You can find new Free Android Games and apps.
Loading