မြန်မာအစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသော အာရကန်ရိုဟင်ဂျာလွတ်မြောက်ရေးတပ်(ARSA) သည် မကြာသေးမီက အိန္ဒိယ-မြန်မာနယ်စပ်တွင် ကင်းလှည့်နေသော အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ကြကြောင်း အိန္ဒိယ သတင်းစာ Daily News and Analysis က ဖော်ပြသည်။
အာသံရိုင်ဖယ်တပ် သတင်းရင်းမြစ်များကို ကိုးကားပြီး သတင်းက ရေးသားရာတွင် ARSA အကြမ်းဖက်သမားများသည် အိန္ဒိယနယ်စပ်အနီး မြန်မာဘက်ခြမ်းတွင် အခြေစိုက်စခန်းများ တည်ဆောက်ရန် နေရာရှာဖွေလျက် ရှိကြောင်း ဆိုသည်။
သတင်းအဆို အာသံရိုင်ဖယ်တပ်ဖွဲ့များသည် မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်းခရိုင်တွင် ယခင်လကလည်း တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။ တောတောင်ထူထပ်မှုကို အကာအကွယ်၍ အကြမ်းဖက်သမားများက တိုက်ခိုက်ခဲ့သော်လည်း အာသံရိုင်ဖယ်တပ်က လက်တုံ့ပြန်ချေမှုန်းသဖြင့် အကြမ်းဖက်သမားအားလုံး မြန်မာနယ်စပ်သို့ ထွက်ပြေးသွားခဲ့ကြောင်းလည်း ဆိုသည်။ တိုက်ခိုက်ရသည့် ရည်ရွယ်ချက်မှာ နယ်စပ်တွင် အခြေစိုက်စခန်း ထူထောင်နိုင်ကြောင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
ပါကစ္စတန် ထောက်လှမ်းရေးအေဂျင်စီက ARSA ဘက်သို့ ငွေကြေးအမြောက်အမြားထောက်ပံ့ထားကြောင်း အိန္ဒိယ ထောက်လှမ်းရေးများက ယုံကြည်နေသည်။ ARSA အကြမ်းဖက်သမားများကို အိုင်အက်စ်အဖွဲ့ဘက်မှ ထောက်/ပို့နှင့် စစ်သင်တန်းများ ပေးနေပြီး လက်စကာ အီ တိုင်ဘာ Lashkar-e-Taiba အကြမ်းသမားများသည်လည်း ARSA တပ်ကို စစ်သင်တန်းပေးရာတွင် ပါဝင်ပတ်သက်နေကြောင်း သတင်းက ရေးသားသည်။
လျှို့ဝှက်သည့် လက်နက်ကိုင် အဖွဲ့အစည်းတခု ဖြစ်သည့် ARSA သည် ပြီးခဲ့သည့် ၅ လအတွင်း ၎င်းဝါဒဖြန့်ချိရာ ဆိုရှယ်မီဒီယာတခုဖြစ်သည့် တွစ်တာတွင် သတိပြုစရာ ကောင်းလောက်အောင် ငြိမ်သက်နေခဲ့သည်။ ယင်းသည် ရိုဟင်ဂျာခေါ် ဘင်္ဂလီအရေး လှုပ်ရှားတက်ကြွသူများက ARSA မရှိကြောင်း ငြင်းဆိုလာနေမှုနှင့်လည်း တိုက်ဆိုင်နေသည်။ ယခု အာသံရိုင်ဖယ်အဖွဲ့ တိုက်ခိုက်မှုက ARSA ကို ပြန်လည် ဂရုစိုက်လာစေခဲ့သည်။
ဆက်စပ်ဖတ်ရှုရန် – ARSA အသံတိတ်နေခြင်းအား စူးစမ်းခြင်း