သတင်း

ညှဉ်းပန်း နှိပ်စက်မှု ခံခဲ့ရဟု အောင်ဝင်းဇော် ပြော

Want create site? Find Free WordPress Themes and plugins.

ဦးကိုနီ လုပ်ကြံခံရမှုတွင် အောင်သပြေ ရဲရိပ်သာ၌ ဖမ်းဆီးကာ ခေါင်းကို ကျွပ်ကျွပ်အိတ်နှင့် စွပ်၍ ညှဉ်းပန်း နှိပ်စက်မှု ခံခဲ့ ရကြောင်း အောင်ဝင်းဇော်က ဇူလိုင် ၂၆ ရက်နေ့ ရုံးချိန်းတွင် ထွက်ဆိုသည်။

တရားခွင်အတွင်း အောင်ဝင်းဇော်အား တရားလိုရှေ့နေဘက်က မေးမြန်းခဲ့ခြင်းဖြစ်ပြီး အမျိုးမျိုး နှိပ်စက်ခံရမှုကြောင့် စိတ် ကစဉ့်ကလျားဖြစ်ကာ စိတ်အားငယ်မှုကို ယနေ့ စစ်ဆေးချိန်တွင်လည်း ဖြစ်ပေါ်နေကြောင်း ၎င်းက ထပ်မံပြောကြားသည်။

အောင်ဝင်းဇော်က “ရှေ့နေကတော့ သူမေးစရာရှိတာတွေ မေးမှာပါပဲ၊ ကျနော် အမှန်အတိုင်းဖြေရင် ပြီးတာပါပဲ” ဟုလည်း တရားရုံးက အပြန်တွင် ပြောသည်။

ယနေ့ရုံးချိန်းတွင် အောင်ဝင်းဇော်အား တရားလိုများဘက်မှ တရားလွှတ်တော်ရှေ့နေ ဦးနေလက ပြန်လှန် မေးမြန်းခဲ့ခြင်း ဖြစ်ပြီး လေဆိပ် CCTV မှတ်တမ်းများ၊ တယ်လီဖုန်း ဆက်သွယ်မှု မှတ်တမ်းများကြောင့် အမှုကွင်းဆက်မှာ ပေါ်လွင်လာပြီ ဖြစ်ကြောင်း ပြောကြားသည်။

တရားလိုဘက်က ရှေ့နေ ဦးရောဘတ်ဆန်းအောင် ကလည်း “ကြည်လင်းနဲ့ ကွင်းဆက်ရှိနေတယ်၊ မြင့်ဆွေ ဆိုတာလည်း တခြား မဟုတ်ဘူး၊ အောင်ဝင်းဇော်ပဲ၊ ရှာလို့မရနိုင်တဲ့သူ လက်ညိုးထိုးပြီးတော့ ဟိုမှာ သေသွားပြီ၊ ဒီမှာ သေသွားပြီဆိုပြီး နာမည်ဝှက်တွေနဲ့ ကစားကြတာ၊ တယ်လီဖုန်း မှတ်တမ်း၊ CCTV မှတ်တမ်းတွေကြောင့် ပိုပေါ်သွားတာ”ဟု ပြောသည်။

လုပ်ကြံမှုမဖြစ်ပွားခင် ကြည်လင်းနှင့်အပြန်အလှန် ဖုန်းခေါ်ဆိုမှု မှတ်တမ်းများနှင့်ပတ်သက်၍ တရားလိုရှေ့နေက မေးမြန်း ရာတွင်လည်း အောင်ဝင်းဇော် အနေဖြင့် ၎င်း၏ ဖုန်းနံပါတ်နှင့် အောင်ဝင်းခိုင်၏ ဖုန်းနံပါတ်တို့ကို ဝန်ခံ ထွက်ဆိုခဲ့ပြီး ကြည်လင်း ဖုန်းနံပါတ်အား ဝန်ခံခြင်း မရှိခဲ့ကြောင်းလည်း ရှေ့နေ ဦးနေလ က တရားခွင် အခြေအနေကို ရှင်းပြသည်။

ဦးနေလက “ခိုင်းတဲ့လူက အောင်ဝင်းခိုင်၊ အလယ်လူက အောင်ဝင်းဇော်၊ သူက လုပ်ကြံဖို့ လူလိုက်ရှာတယ်၊ အောင်စိုးနဲ့ အဆင်မပြေဘူး၊ နဂါးလေးကလည်း ပိုက်ဆံယူပြီး ထွက်ပြေးသွားတယ်၊ နောက်တော့ ကြည်လင်းပေါ့၊ ဒီအမှုက အင်းစိန် အောင်စိုးက မဖော်ရင် ပေါ်ဖို့ ခက်ခဲနိုင်တယ်၊ အခုအခြေအနေကတော့ ပေါ်လွင်နေပါပြီ”ဟုလည်း ပြောသည်။

တရားခွင်အတွင်း အောင်ဝင်းဇော်က စွဲချက်တင်ထားမှုအား ကျူးလွန်ခဲ့ခြင်း မရှိကြောင်းနှင့် မသိရှိသည့် ကိစ္စတခုကို ဖြေရှင်းနေရခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့ပြီး လေဆိပ်သို့ ရောက်ရှိနေခြင်းမှာလည်း သားဖြစ်သူ၏ အလုပ်ကိစ္စဖြင့် ရောက်ရှိ နေခြင်းဖြစ်ကြောင်း တို့ကို ထွက်ဆိုခဲ့ကြောင်း သိရသည်။

စွဲချက်တင် ခံထားရသည့် ပုဒ်မများနှင့် ပတ်သက်၍ ဖမ်းဆီး ခံထားရသူ ဇေယျာဖြိုး ကလည်း ပြည်ထောင်စု တရား လွှတ်တော်ချုပ် သို့ ရာဇဝတ်ပြင်ဆင်မှု လျှောက်ထားရန် အတွက် ကာလစည်းကမ်းသတ် ကျော်လွန်ခဲ့သည့် အတွက် ယနေ့ ရုံးချိန်းတွင် ကျမ်းကျိန်ခဲ့ကြောင်းလည်း သိရသည်။

အမှုနှင့်ပတ်သက်ပြီး ဆက်လက်စစ်ဆေးရန် ရုံးချိန်းအား သြဂုတ်လ ၂ ရက်နေ့နှင့် ၃ ရက်နေ့ကို ပြန်လည် ချိန်းဆိုထားပြီး အောင်ဝင်းဇော် အား တရားလိုရှေ့နေများက ဆက်လက် စစ်ဆေးမည်ဖြစ်သည်။

ကြည်လင်း၏ ရှေ့နေ ဦးကျော်ကျော်ထိုက်က “စွပ်စွဲခံရသူကို ပြစ်မှု ထင်ရှားအောင် သက်သေပြရမယ့် တာဝန်က အမှု အမိန့် ချတဲ့အထိ တရားလိုမှာပဲ အစဉ်တစိုက် တာဝန်ရှိတယ်၊ ဒီနေ့ စစ်ဆေးပြီးတဲ့ အထိ အပြန်အလှန် လေးစားမှုအနေနဲ့ ကျနော် ပြန်ပညာယူရမယ့် မေးခွန်းမျိုးတွေ မပါဘူး၊ တဖက်ရှေ့နေတွေဆီက ဒီထက်ကောင်းတဲ့ မေးခွန်းတွေ မျှော်လင့် တယ်” ဟု ပြောသည်။

အမှုတွင် အောင်ဝင်းဇော်သည် ကြည်လင်းနှင့်အတူ သေဒဏ်အထိ ချမှတ်နိုင်သည့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂(၁)(ခ)/၃၄ ဖြင့် စွဲချက်တင် ခံထားရသူ ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading