သတင်း

ဒုက္ခသည် စာရင်း ဘင်္ဂလားဒေ့ရှ် ပထမဆုံး တရားဝင် ကောက်ယူ ပြီးစီး

Want create site? Find Free WordPress Themes and plugins.

ဒုက္ခသည်များကို ပထမဆုံးအကြိမ် တရားဝင်ရေတွက်ပြီးနောက် ကော့စ်ဘဇားတွင်နေထိုင်နေသော ရိုဟင်ဂျာခေါ် ဘင်္ဂလီ ဦးရေ ၁, ၁၁၈, ၅၇၈ ရှိကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံကူးလက်မှတ်ဌာန DIP က ထုတ်ပြန်ကြေညာသည်။

၂၀၁၇ ခုနှစ် သြဂုတ်လက ရခိုင်ပြည်နယ်တွင် မြန်မာစစ်ဘက်က စစ်ဆင်ရေးများ ပြုလုပ်ပြီးနောက်ပိုင်း ဒုက္ခသည်များ ထောင်ပေါင်းများစွာ နယ်စပ်ဖြတ်ကျော်လာခဲ့ကြသည်။ ယခုအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဒုက္ခသည်များကို မိသားစုလိုက် မှတ်ပုံတင်ရန် ကုလသမဂ္ဂ နှင့် ပူးပေါင်းဆောင်ရွက်နေသည်။

“အခု အချိန်အထိ မိသားစု ၂၅၃၈ စုက ရိုဟင်ဂျာ ၁၁၆၄၉ ကို ပူးတွဲမှတ်ပုံတင်ပြီး လုပ်ငန်းတွေလည်း ဆက်လက်ဆောင်ရွက်နေပါတယ်။ စနစ်ကျတဲ့ စာရွက်စာတမ်းတွေလိုတော့ ဒီအလုပ်က ရှုပ်ထွေးပြီး အချိန်ကုန်တယ်” ဟု ကော့စ်ဘဇားမှ ထုတ်ဖေါ်ပြောဆိုခွင့် မရှိသောကြောင့် အမည်မဖေါ်လိုသော အဆင့်မြင့်အရာရှိတဦးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

အစိုးရနှင့် ကုလသမဂ္ဂတို့သည် ပူးတွဲမှတ်ပုံတင်ခြင်းကို နိုဝင်ဘာလတွင် ပြီးစီးအောင်ဆောင်ရွက်ရန် ရည်ရွယ်ထားသည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးနှင့် ကယ်ဆယ်ရေးဝန်ကြီးဌာနမှ ဒုက္ခသည်ရေးရာအကြီးအကဲ မူဟာမက် ဟာဘီဘူလ် ကဘာ ချောင်ဒရီက လွန်ခဲ့သော အပတ်က ဧရာဝတီ သတင်းဌာနသို့ပြောခဲ့သည်။

ဒုက္ခသည်ပြန်လည်ပို့ဆောင်ရေးကို မကြာမီ ပြန်လည်စတင်နိုင်မည်ဟု မျှော်လင့်ကြောင်းနှင့် နေရပ်ပြန်လိုသော အတင်းအကျပ် မောင်းထုတ်ခံရသော မြန်မာနိုင်ငံသား ၁၅၀၀၀ ၏ စာရင်းကို ယခုလကုန်တွင် နေပြည်တော်သို့ ပေးပို့မည်ဟု ပြောသည်။

ဖေဖော်ဝါရီလက ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နေရပ်ပြန်ရန် ပြင်ဆင်ထားသော ဒုက္ခသည် ၈၀၃၂ ဦး ၏ စာရင်းကို မြန်မာနိုင်ငံသို့ပေးပို့ခဲ့ပြီး ၎င်းတို့အနက် ၂၅၀၀ ခန့်ကို မြန်မာနိုင်ငံက ခွင့်ပြုခဲ့သည်။

သို့သော် ၎င်းတို့အနက် မည်သူမျှ မြန်မာနိုင်ငံသို့ ပြန်လည် သွားရောက်ခြင်း မရှိသေးပေ။ နောက်ဆက်တွဲလုပ်ငန်းများဆောင်ရွက်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လာမည့်လတွင် နေပြည်တော်သို့ ကိုယ်စားလှယ် အဖွဲ့တဖွဲ့ စေလွှတ်မည်ဖြစ်သည်။

မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ဒုက္ခသည်များ၏ စာရွက်စာတမ်းများနှင့် မျိုးရိုးဆိုင်ရာ အချက်အလက်များကို အတည်ပြုနိုင်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ဇွန်လ ၂၆ ရက်နေ့က ထုတ်ပြန်သောကြေညာချက်တွင် ဖေါ်ပြထားသည်။ UNHCR သည် ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းများတွင် ကူညီရန် နှစ်နိုင်ငံလုံးနှင့် သဘောတူစာချုပ်များ ချုပ်ဆိုထားသည်။

“ ငါးလမှ ခြောက်လအထိကြာနိုင်သော စိစစ်ရေးလုပ်ငန်းများသည် မျိုးရိုးအချက်အလက် စီမံခန့်ခွဲမှု၊ မှတ်တမ်းတင်ခြင်း၊ အကာအကွယ်ပေးခြင်း၊ အကူအညီပေးခြင်း၊ လူဦးရေ စာရင်းနဲ့ အဖြေရှာဖွေခြင်းများအတွက် ညီညွတ်သော အချက်အလက်ဘဏ်တခု ထူထောင်ရာတွင် အထောက်အကူပြုလိမ့်မည်” ဟု UNHCR က ဆိုသည်။

အသက် ၁၂ နှစ်အထက် ဒုက္ခသည်များအားလုံးကို ၎င်းတို့၏ ဓာတ်ပုံများနှင့် မျက်လုံးသူငယ်အိမ် ပတ်ဝန်းကျင်ကို ဗီဒီယို ရိုက်ကူူးခြင်းနှင့် လက်ဗွေတို့မှ ရယူထားသည့် ဘိုင်အိုမက်ထရစ် အချက်လက်များပါဝင်သည့် အတုမပြုလုပ်နိုင်သော ပလပ်စတစ် မှတ်ပုံတင်ကတ်များ ထုတ်ပေးမည်ဖြစ်သည်။

ထိုကတ်များကို ဘင်္ဂလားဒေ့ရှ်နှင့် UNHCR တို့ ပူးတွဲထုတ်ပေးမည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေထိုင်စဉ်အတွင်း ဝန်ဆောင်မှုများ ရရှိစေရန် အထောက်အကူပြုမည်ဖြစ်သည်။

“ဒီလုပ်ငန်းဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ တရားဝင် မျိုးရိုးဆိုင်ရာအချက်အလက်တွေ ထူထောင်နိုင်ဖို့ အဓိကကျတဲ့ လုပ်ငန်းဖြစ်တယ်” ဟု ကော့စ်ဘဇားရှိ UNHCR လုပ်ငန်းများ၏ အကြီးအကဲ ကီဗင် အလန်ကပြောသည်။

DIP ဌာနတွင် ကောက်ခံထားပြီး ရှိသော အချက်အလက်များသည် တဦးချင်းအနေဖြင့်သာ ကောက်ခံထားသောကြောင့် ၎င်းတို့ကို ပြန်လည်ပို့ဆောင်ရေးတွင် အသုံးမပြုနိုင်ကြောင်း အမည်မဖေါ်လိုသော ကော့စ်ဘဇားမှ အဆင့်မြင့် အရာရှိတဦးက ဧရာဝတီ သတင်းဌာနသို့ပြောသည်။

“DIP က ကောက်ထားတဲ့အချက်အလက်တွေက အထောက်အကူ မပြုဘူး။ ကျနော်တို့ လိုနေတာက ရိုဟင်ဂျာတွေရဲ့ မိသားစုဆိုင်ရာ အချက်အလက်တွေ လိုနေတာ။ လောလောလောလော လုပ်ခဲ့တော့ အခုရှိပြီးသား အချက်အလက်တွေက သုံးမရတော့ဘူး” ဟုလည်း ထိုအရာရှိကပြောသည်။

DIP ၏ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် မာဆတ် ရက်ဇ်ဝန် က တစုံတရာ ဝေဖန်ပြောကြားခြင်း မပြုခဲ့ပေ။

ဘင်္ဂလားဒေ့ရှ် တပ်မတော်နှင့် နယ်ခြားစောင့်တပ်တို့သည် ၂၀၁၇ ခုနှစ် သြဂုတ်လနှောင်းပိုင်းက ဒုက္ခသည်များ အလုံးအရင်း စတင် ဝင်ရောက်လာပြီးနောက် စက်တင်ဘာလ ၁၁ ရက်နေ့က စတင် မှတ်ပုံတင်ခဲ့သည်။

လုပ်ငန်းစဉ်များကို UNHCR နှင့် နိုင်ငံတကာရွှေ့ပြောင်းနေထိုင်မှုအဖွဲ့ IOM တို့က ပူးပေါင်းဆောင်ရွက်နေေကြောင်း ဗိုလ်ချုပ် ရက်ဇ်ဝန် နှင့် ပြည်ထဲရေးဝန်ကြီး အဆာဒဇ်မန် ခန် ကမဲ တို့ကပြောသည်။

သြဂုတ်လ ၂၅ ရက်နေ့နောက်ပိုင်းတွင် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လူ ၇၂၁,၇၃၂ ဦး ဖြတ်ကျော်ဝင်ရောက်ခဲ့သည်ဟု UNHCR ကခန့်မှန်းပြီး ထိုအချိန်မတိုင်မီက ရောက်ရှိနေသူများနှင့် ပေါင်းလိုက်သောအခါ မိသားစု ၂၀၄,၃၅၄ စုမှ လူ ၈၈၇,၆၆၁ ဦးရှိသည်ဟု သိရသည်။

ထိုရိုဟင်ဂျာများ၏ ၆၇ ရာခိုင်နှုန်းသည် ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှဖြစ်ပြီး ဒုက္ခသည် ၈၀ ရာခိုင်နှုန်းသည် သြဂုတ်လနှင့် ဒီဇင်ဘာလအကြားတွင် ရောက်ရှိလာခြင်းဖြစ်သည်။

နောက်ဆုံးရောက်ရှိသူများမှာ ၂၈ ယောက်အုပ်စုဖြစ်ပြီး မေလ ၂၀ ရက်နေ့က ရောက်ရှိလာသည်။

DIP ၏ မှတ်ပုံတင်ရေးလုပ်ငန်းများကို စိတ်ပျက်ကြောင်းနှင့် ထိုချို့ယွင်းချက်များသည် အတွေ့အကြုံ ကင်းမဲ့မှုကြောင့်ဖြစ်ကြောင်း လွတ်လပ်သော လူ့အခွင့်အရေးလှုပ်ရှားသူ နာခန်လစ်တန်က ပြောသည်။

“အစိုးရနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက အပြစ်အနာအဆာ ကင်းတဲ့ မှတ်ပုံတင်လုပ်ငန်းဆောင်ရွက်နိုင်မယ်လို့ ကျနော်တို့ထင်ခဲ့ကြတယ်” ဟု သူက ပြောသည်။

မှတ်ပုံတင်လုပ်ငန်းတွင် ဒုက္ခသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံကူးလက်မှတ် ရယူခြင်းနှင့် နိုင်ငံသားကတ် ရယူခြင်းကို တားမြစ်ပိတ်ပင်ထားသည်။

သို့သော် ဇူလိုင်လ ၆ ရက်နေ့ကမူ ဒုက္ခသည် ၅ ဦးတို့ကို အိန္ဒိယနယ်စပ်အနီးရှိ လူဝင်မှုကြီးကြပ်ရေးစခန်းတွင် အသစ်ထုတ်ပေးထားသော နိုင်ငံကူးလက်မှတ်များနှင့် အိန္ဒိယ နိုင်ငံသို့ ပြည်ဝင်ခွင့် ဗီဇာများနှင့် ဖမ်းမိသည်။

“ သူတို့ထဲက တယောက်က သူလာခဲ့တယ်လို့ ဖေါ်ပြထားတဲ့နေရာရဲ့ အသေးစိတ်တွေကို မပြောနိုင်တော့ သူတို့ရဲ့ စာရွက်စာတမ်းတွေက သံသယဖြစ်ဖို့ ကောင်းတယ်လို့ ထင်လိုက်တယ်။ ဒါကြောင့် ကျန်တဲ့နှစ်ယောက်ရဲ့ နိုင်ငံကူးလက်မှတ်တွေကို လည်း စစ်နေတုန်း နောက်ထပ် နှစ်ယောက် ထပ်ဝင်ပြီး တန်းစီတယ်” ထိုစဉ်က စစ်ဆေးရေးစခန်းကို တာဝန်ယူနေသော တွဲဖက် စစ်ဆေးရေးမှူး အဗ္ဗဒယ်လ် အလမ်းကပြောသည်။

နိုင်ငံကူးလက်မှတ်များကို ၎င်းတို့ မည်သို့ရရှိခဲ့သည်ကို ရဲအဖွဲ့က စုံစမ်းစစ်ဆေးသောအခါ လေးဦးကို ကမ်မီလာ ခရိုင်တွင် မေလက ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး အခြားသူတဦးကို ဖီနီခရိုင်တွင် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့က ထုတ်ပေးခဲ့ခြင်းဖြစ်သည်။ ထိုခရိုင် နှစ်ခုလုံးသည် မြန်မာနှင့်နယ်စပ် စစ်တကောင်းဒေသတွင် ရှိသည်။

“သူ့နိုင်ငံကူးလက်မှတ်ကို ကြည့်လိုက်တာနဲက သံသယတွေ ဝင်လာတယ်။ လိပ်စာက ဒါရှာနာဖြစ်နေပြီး နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့နေရာကကျတော့ ကမ်မီလာဖြစ်နေတယ်။ အဲဒီနေရာနှစ်ခုက ကီလိုမီတာ ၃၀၀ လောက်ဝေးတယ်” ဟု အထက်ပါ တွဲဖက်စုံစမ်းစစ်ဆေးရေးမှူးက ပြောသည်။ ၎င်းတို့ကို ဒေသ ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ဆိုသည်။

၎င်းတို့ ယခုနှစ်အစောပိုင်းက မြန်မာနိုင်ငံမှရောက်ရှိလာပြီး ကော့စ်ဘဇားရှိ ဒုက္ခသည် စခန်းများတွင် နေထိုင်ခဲ့သူများ ဖြစ်ကြောင်း ရဲစခန်းမှူး က ဧရာဝတီ သတင်းဌာနသို့ပြောသည်။

“သူတို့အားလုံးကို ဖမ်းထားတယ်။ ဘယ်လိုအရေးယူရမလဲဆိုတာကို ဆွေးနွေးနေတယ်” ဟုလည်း ရဲစခန်းမှူးက ပြောသည်။

စက်တင်ဘာလမှ စတင်ပြီး ဒုက္ခသည်စခန်းမှ ထွက်ပြေးရန်ကြိုးစားသူ ၅၄၇၆၁ ဦးကို ဟန့်တားခဲ့သည်ဟု ရဲတပ်ဖွဲ့ကပြောသည်။ မှတ်ပုံတင်လုပ်ငန်းများကို ရှောင်ရှားရန် ကြိုးစားသူ ၃၃၄၈ ဦး ကိုလည်း နိုင်ငံတဝန်းမှ ကော့စ်ဘဇားသို့ပြန်လည်ပို့ဆောင်ခဲ့ကြောင်းလည်းသိရသည်။

“ကျနော်တို့က သူတို့ကို ကယ်ထုတ်ပြီး ကျနော်တို့ ကြီးကြပ်မှုအောက်မှာ သူတို့အရင်နေခဲ့တဲ့ စခန်းတွေကို ပြန်ပို့လိုက်တယ်” ဟု ကော့ဗဇားရှ် လက်ထောက်ရဲအုပ် အဖရူဇူလ် ဟော့တူတယ်ကပြောသည်။

ဒုက္ခသည်များ စခန်းမှ မထွက်ခွာနိုင်ရေးအတွက် ရဲတပ်ဖွဲ့သည် ခရီးသည်တင် ဘတ်စ်ကား ပိုင်ရှင်များနှင့်လည်း ပုံမှန်ဆွေးနွေးနေကြောင်းလည်း ပြောသည်။

စက်တင်ဘာလမှ စတင်ပြီး ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် ကော့စ်ဘဇားတွင် စစ်ဆေးရေးစခန်း အများအပြားတည်ဆောက်ကာ ဒုက္ခသည်များ လှုပ်ရှားသွားလာမှုကို ထိန်းချုပ်နေသော်လည်း အများအပြားမှာ လွတ်ထွက်နေဆဲဖြစ်သည်။

၎င်းတို့အများအပြားသည် မှတ်ပုံတင်နံပါတ်အတုများကို ရယူ အသုံးပြုနေကြောင်းနှင့် သတင်းပို့ တိုင်ကြားသည်နှင့် ထိုမှတ်ပုံတင် နံပါတ်တုများကို ဖျက်သိမ်းနေကြောင်း ဇူလိုင်လ ၁၇ ရက်နေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြည်ထဲရေးဝန်ကြီး အဆာဒဇ်မန် ခန် ကမဲ ကပြောသည်။

( Muktadir Rashid ၏ Dhaka Completes First Official Count of Rohingya Refugees Since 2017 Influx  ကို ဘာသာပြန်သည်။ Muktadir Rashid သည် ဒါကာအခြေစိုက် ဧရာဝတီ သတင်းထောက်ဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading