သတင်း

Friendly Clinic အမည်ရှိ တရားမဝင် တရုတ်ဆေးကုခန်း ဖမ်းမိ

Want create site? Find Free WordPress Themes and plugins.

အယောင်ပြဆေးခန်း နှင့် ခွဲစိတ်ခန်းပါဝင်သည့် Friendly Clinic ဆေးကုသခန်းကို ဇူလိုင် ၂၅ ရက်နေ့က သက်ဆိုင်ရာက ရှောင်တခင်ဝင်ရောက် စစ်ဆေးဖမ်းဆီးခဲ့ပြီး ယနေ့အထိ ပိုင်ရှင်ကိုမမိသေးကြောင်း သိရသည်။

ဆေးခန်းလိုင်စင်ရယူထားသည့် ဦးဆန်းနွယ်ကို ဖမ်းဆီးရမိခြင်းမရှိသေးကြောင်းနှင့် ၎င်းကို အမျိုးသားဆေးဝါး ဥပဒေ ပုဒ်မ ၁၈ နှင့် ပုဂ္ဂလိက ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၄ (က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်းဒေါပုံမြို့မရဲစခန်းမှ ဒုရဲမှူး ထွန်းထွန်းနိုင်ကပြောသည်။

“ဖမ်းဆီးရမိလာရင် စစ်ဆေးပေါ်ပေါက်တဲ့ ဥပဒေပေါ်မှာလည်း ဆက်လက်အရေး ယူသွားမှာ ဖြစ်ပါတယ်။
ဆေးခန်းပိုင်ရှင် ဦးဆန်းနွယ်ကိုပါ။ ဆေးခန်းမှာ ကျန်ခဲ့တဲ့ အလုပ်သမားတွေကို အသေးစိတ်မေးနေပါတယ်”ဟု ဒုရဲမှူး ထွန်းထွန်းနိုင်က ဆိုသည်။

လိင်ပိုင်းဆိုင်ရာ ပြဿနာများကို တရုတ်နိုင်ငံသားများ တရားမဝင်လာရောက်ကုသနေသည့် အဆိုပါ ဆေးခန်းကို ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့် ဆက်စပ်အဖွဲ့အစည်းများ မှ တာဝန်ရှိသူများက ဇူလိုင်လ ၂၅ ရက်နေ့တွင် ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ၎င်းကိစ္စနှင့် ပတ်သက်၍ ဇူလိုင် ၂၆ ရက်တွင် ရန်ကုန်တိုင်းကျန်းမာရေး ဦးစီးဌာနက ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

အဆိုပါဆေးခန်းကို ရှောင်တခင်စစ်ဆေးရာမှ မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးအသုံးအဆောင်များ၊ တရား မဝင်ဆေးဂိုဒေါင်နှင့် ခွဲစိတ်ခန်း၊ ကုသခန်းများပါဝင်သည့် ယင်းဆေးခန်းကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာထွန်းမြင့်က ပြောသည်။

ဒေါက်တာထွန်းမြင့်က “Facebook မှာ အလွန်အကျူးကြော်ငြာတာတွေ တွေ့ပါတယ်။ အချို့ comment တွေမှာ ထိုင်ဝမ်ဆရာဝန်တွေလည်း ရှိပါတယ် အဲဒီလိုမျိုး ပြန်ဖြေထားတာတွေ့ရပါတယ်။ အဲဒါကလည်း ကျနော်တို့ အတွက်မသင်္ကာစရာ အကြောင်းအရင်းဖြစ်နေပါတယ်။ ဥပဒေအရ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေ ဆေးကုသခွင့် မရှိဘူး။ အဲဒါကြောင့် ရှောင်တခင် စစ်ဆေးဖို့ ဖြစ်လာတာပါ”ဟု ပြောသည်။

ဒေါပုံမြို့နယ် ဗမာအေးရပ်ကွက်၊ မင်းနန္ဒာလမ်းမကြီးပေါ်တွင် ဖွင့်လှစ်ထားသည့် အဆိုပါဆေးခန်းတွင် အသုံးပြုသော စက်ကိရိယာများမှ အစ၊ ဆေးဝါးများအထိ တရုတ်စာများဖြင့်သာ ဖြစ်ပြီး FDA တွင် တရားဝင်မှတ်ပုံ တင်ထားခြင်းမရှိသည့် ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းများဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို Friendly ဆေးခန်းတွင် အမျိုးသားသားဆက်မြုံ၊ အရေပြားဖုံးအုပ်ရှည်လွန်ခြင်း၊ ဆီလီကွန်ခြစ်ထုတ်ခြင်း၊ လိင်အင်္ဂါ ကြွက်နို့၊ ပန်းသေ/ညှိုး၊ လိပ်ခေါင်းရောဂါ၊ အမျိုးသားစွမ်းရည်လျော့နည်းခြင်း၊ အမျိုးသမီးများတွင် သားဆက်မြုံခြင်း၊ အပျိုအမြှေးပါး ဖာထေးဖြည့်စွတ်ခြင်း၊ လိင်အင်္ဂါ လမ်းကြောင်းပြုပြင်ကုသခြင်း၊ မိန်းမကိုယ်လမ်းကြောင်း ကျဉ်း/ချုံ့ခြင်း၊ လိင်အင်္ဂါအပြင်ဘက် မွမ်းမံပြင်ဆင်ခြင်းစသည့် ရောဂါများကို ကုသပေးနေကြောင်း အဆိုပါဆေးခန်း၏ လူမှုကွန်ရက်စာမျက်နှာအရ သိရသည်။

အဆိုပါဆေးခန်းသည် အယောင်ပြဆေးခန်းဖြစ်သည့်မြေညီထပ်နှင့် ပထမထပ်အတွက် ဆေးကုသခွင့် တရားဝင် လိုင်စင်ရှိခဲ့ပြီး ကျန်အထပ်များနှင့် လှို့ဝှက်ဆက်သွယ်ထားသည့် ဘေးတိုက်တွင် ခွဲစိတ်ခန်းထားရှိခြင်းဖြစ်ကြောင်း စစ်ဆေးသည့်နေ့တွင် လာရောက်ကုသသည့် လူနာထံမှ သိရှိရကာ ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာရန်နောင်ထွန်းက ပြောသည်။

ဒေါက်တာရန်နောင်ထွန်းက “လူနာက သူတို့ဆီးနဲ့ သွေးစစ်တဲ့အခါမှာ အထပ် ၅ ထပ်ကို တက်ရတယ် ပြောပါတယ်။ ၅ ထပ်မှာ တံခါး တချပ်ရှိတယ်။ အဲဒီတံခါးကနေပြီး သွားတော့မှ နောက်ထပ်အဆောက်အဦတခုကို ရောက်တယ်။ အပြင်မှာ ဆေးထည့်ခန်းရှိတယ်။ အထဲမှာမှ ခွဲစိတ်ခန်းရှိတယ်။ အဲဒီမှာ ကုသပေး တယ်လို့ ပြောပါတယ်”ဟု ဆိုသည်။

ဖမ်းဆီးရမိခဲ့သော Friendly Clinic သည် အယောင်ပြဖွင့်လှစ်ထားသည့်နေရာ တိုက်ခန်းမှတဆင့် ခွဲစိတ်ခန်းရှိနေသည့် တိုက်ခန်းသို့ လှို့ဝှက်တံခါးပြုလုပ်ကာ စြင်္ကန်လျှောက်လမ်းဖြင့် ချိတ်ဆက်ထားကြောင်း သိရသည်။

သွားရောက်စစ်ဆေးချိန်တွင် အလုပ်သမား ၄ ဦးသာတွေ့ရှိရပြီး ဆေးကုသသူဟုယူဆရသည့် တရုတ်လူမျိုး တဦး၏ ပတ်စပို့နှင့် ခရီးဆောင်အိတ်ကို တွေ့ရှိရပြီး အခန်းများကို ကြိုတင်ရှင်းလင်းထားသော်လည်း ဆေး ကုသထားသည့် အထောက်အထားများနှင့် အမှိုက်ပုံးများတွင်လည်း ခွဲစိတ်ခန်းသုံး ဆေး ဝါး၊ ကိရိယာများ စွန့်ပစ်ထားသည်ကိုလည်း တွေ့ရှိရကြောင်း ဒေါက်တာရန်နောင်ထွန်းက ပြောသည်။

ယင်းဆေးခန်းသည် ၂၀၁၇ ဇန်နဝါရီ ၁ ရက်နေ့မှစတင် မှတ်ပုံတင်ထားပြီး ၂၀၁၇ ဒီဇင်ဘာတွင် သက်တမ်းကုန်ဆုံးခဲ့ကြောင်း၊ သက်တမ်းတိုး ပြန်လည်လျှောက်ထားပြီး သက်တမ်း တိုးပေးရန် စိစစ်ဆဲကာလတွင် ယခုကဲ့သို့ ဖမ်းဆီး နိုင်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အထူးကုဆေးရုံ ၁၃ ရုံ ၊အထွေထွေရောဂါကုဆေးရုံ ၄၁ ရုံ၊ အထူးကု ဆေးခန်း ၂၃၀၊ အထွေထွေရောဂါကုဆေးခန်း ၂၆၆၃ ခန်း ခွင့်ပြုထားကြောင်း တိုင်းကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading