သတင်း

မန္တလေးမြို့လယ်တွင်ဖြစ်ပွားသည့်လူသတ်မှုတရားခံ ၂ ဦးဖမ်းမိ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေအရှေ့ရပ်ကွက်၊ ၈၁ လမ်း၊ ၂၄ လမ်းနှင့် ၂၅ လမ်းကြားရှိ ၇ထပ်တိုက်၊ လေးလွှာ အခန်း (A – 6) တွင် ဇူလိုင်လ ၂၆ ရက်ညနေပိုင်းက ဖြစ်ပွားခဲ့သည့် လူသတ်မှုအား CCTV မှတ်တမ်း၊ သေဆုံးသူ၏ လက်ကိုင်ဖုန်းတွင် ကျန်ရှိသည့် Call Log များမှ တဆင့် ပြစ်မှုကျူးလွန်ခဲ့သူ အချို့ကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

“ပြစ်မှုကျူးလွန်သူရဲ့ပုံရိပ်ကို CCTV မှတ်တမ်းနဲ့အတူ သေဆုံးသူရဲ့လက်ကိုင်ဖုန်းက Call Log တွေကို စစ်ဆေးတဲ့အခါမှာ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ သန်းထွန်းရဲ့ဖုန်းနံပတ်ကို သိခဲ့ရတယ်၊ အဲဒီကနေ ဆက်စပ်ပြီး စုံစမ်းတဲ့အခါ မှာ နာရီပိုင်းအတွင်းမှာပဲ သန်းထွန်းရဲ့တပည့် ချစ်ကောင်းကို ဖမ်းမိတယ်၊ ချစ်ကောင်း၏ ထွက်ဆိုချက်အရ သန်းထွန်းရဲ့ ဇနီးကိုလည်း ဖမ်းထားတယ်၊သန်းထွန်းကတော့ ဖမ်းမမိသေးပါဘူး”ဟု အောင်မြေသာစံမြို့နယ်ရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။

ဖြစ်စဉ်မှာ အခင်းဖြစ်ပွားရာနေရာတွင် ဓားပြတိုက်နေကြောင်း အုပ်ချုပ်ရေးမှူးရုံးသို့ သတင်းပေးတိုင်ကြားလာသည့်အတွက် အုပ်ချုပ်ရေးမှူးမှတဆင့် သက်ဆိုင်ရာရဲစခန်းသို့ အကြောင်းကြား၍ အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ အခန်းမှာ တံခါးပိတ်ထားပြီး အပြင်မှ ဖွင့်ပေးရန်အတွက် အော်ဟစ်ခေါ်ဆိုသော်လည်း ပြန်လည် ထူးသံ မကြားရသဖြင့် သက်ဆိုင်ရာမှ တံခါးကို ဖျက်၍ ဝင်ရောက်စစ်ဆေးခဲ့ရကြောင်း သိရသည် ။

ထို့နောက် အခန်းအတွင်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ အခန်းအတွင်း၌ လေဖြတ်နေသည့် အသက် ၇၃ နှစ်အရွယ် ဒေါ်ဥမ္မာကျော်နှင့် ၎င်း၏ သမီးဖြစ်သူ အသက် ၂၈ နှစ်အရွယ် မအေးမိဇော်အားတွေ့ရှိခဲ့ရပြီး မအေးမိဇော်မှာ ဘယ်ဘက်ရင်အုံတွင် သွေးများစွန်းပေ၍ သေဆုံးနေကြောင်း သိရသည်။

အခင်းဖြစ်စဉ်အချိန်က ဒေါ်ဥမ္မာကျော်သည် ဧည့်ခန်းအတွင်းရှိနေစဉ် အသက် ၂၀ ကျော်ခန့် လူငယ်တဦး အခန်းတွင်းသို့ ဝင်ရောက်လာပြီး အိပ်ခန်းအတွင်းရှိနေသည့် မအေးမိဇော်အား ချွန်ထက်သောအရာဖြင့် ညာဘက်ရင်အုံအောက်သို့ ထိုးသွင်းကာ အိပ်ခန်းအတွင်း ပစ္စည်းများအား မွှေနှောက်ရှာဖွေပြီး ထွက်ပြေးသွားခဲ့ကြောင်းသိရသည်။

“ဘာကြောင့် သတ်တာလဲဆိုတာကို အသေးစိတ်တော့ မသိရသေးပါဘူး၊ အကြမ်းဖျဉ်း စစ်ဆေးချက်အရတော့ ပိုက်ဆံနဲ့ ပစ္စည်းကို လိုချင်လို့လုပ်တာပေါ့၊ တရားခံ ၂ ယောက်ကိုတော့ ဖမ်းမိထားပါပြီ၊ အရေးကြီးတဲ့တရားခံတယောက်ကို ဖမ်းဆီး ရမိဖို့ ကြိုးစားနေဆဲပါပဲ၊ အဓိကတရားခံမမိသေးသေတာ့ အသေးစိတ်ကို ပြောလို့မရသေးဘူးဖြစ်နေတယ်” ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး မျိုးအောင်က ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အောင်မြေသာစံမြို့နယ်၊ အမှတ် ၅ မြို့မရဲစခန်းရဲစခန်းတွင် (ပ) ၆၃၁/၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ခဲ့ပြီး CCTV မှတ်တမ်းများ၊ သေဆုံးသူ၏ လက်ကိုင်ဖုန်းအတွင်းမှ ဖုန်း call log များအား ရယူကာ စုံစမ်းမှုများ ပြုလုပ်ခဲ့ကြသည်။

CCTV မှတ်တမ်းတွင် ပြစ်မှုကျူးလွန်သူများ၏ ပုံရိပ်များကိုတွေ့ရှိခဲ့ရပြီး သေဆုံးသူ အေးမိဇော်၏ လက်ကိုင်ဖုန်းအတွင်းမှ ဖုန်း call log များအား စစ်ဆေးရာ ပြစ်မှုကျူးလွန်ထွက်ပြေးသည့် သန်းထွန်း၏ ဖုန်းနံပါတ်အားစုံစမ်းပေါ်ပေါက်ခဲ့သည်။

ထိုဖုန်းနံပါတ်မှတဆင့် သန်းထွန်း၏ တပည့်ဖြစ်သူ အသက် ၁၉ နှစ်ရှိ ချစ်ကောင်း(ခ)ကောင်းခန့် ကို ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၂ နာရီကျော် အချိန်က ဖမ်းဆီးရမိခဲ့ပြီး ချစ်ကောင်းအား အသေးစိတ်စစ်မေးရာ ပြစ်မှုကျူးလွန်ရာတွင် သန်းထွန်းနှင့် ဇနီးဖြစ်သူ မသီတာဦးတို့ ပါဝင်ကြောင်း ထွက်ဆိုခဲ့သည့်အတွက် နံနက် ၂ နာရီခွဲအချိန်တွင် အသက် ၃၉ နှစ်ရှိ မသီတာဦး၊ ရွှေကျင် ကွက်သစ်၊ ပုသိမ်ကြီးမြို့နယ်နေသူတို့အား ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ချစ်ကောင်း(ခ)ကောင်းခန့်နှင့် သန်းထွန်း၏ ဇနီးဖြစ်သူ မသီတာဦးတို့ကို အမှတ်(၅)မြို့မရဲစခန်းတွင် (ပ)၆၃၁/၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂ဖြင့် ဖမ်းဆီးအမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Loading