သတင်း

ရှစ်လေးလုံး အရေးတော်ပုံ ရှားပါးဓာတ်ပုံများ ပြမည်

Want create site? Find Free WordPress Themes and plugins.

နှစ်ပေါင်း ၃၀ နီးပါးကြာမြင့်ခဲ့သည့်တိုင် ထိုစဉ်က သူမြင်တွေ့ခဲ့ရသည့် ပြည်သူများ၏ အစုအဝေးမှာ ကြီးမားလှသောကြောင့် ယနေ့တိုင် သူ၏ စိတ်ကို လှုပ်ရှားနေစေသေးသည်။

၁၉၈၈ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့နံနက်တွင် ဦးထိန်ဝင်းသည် သူငယ်ချင်းထံမှ ငှားရန်းထားသော ကင်မရာကိုကောက်ကိုင်ပြီး ရန်ကုန်ရှိ ရွှေတိဂုံဘုရား အနောက်ဖက်မုဒ်သို့ ဦးတည်ထွက်ခွာလာခဲ့သည်။ ထိုနေ့ ထိုနေရာတွင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သူတရပ်လုံးသည် ပါတီစုံ ဒီမိုကရေးစီ အုပ်ချုပ်ရေးစနစ်ကို ပြင်းပြစွာ လိုလားကြောင်း လူထုကို မိန့်ခွန်းပြောပြီး သူ၏ ဆယ်စုနှစ်များစွာ ရှည်ကြာသော စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးကို စတင်ခဲ့သည်။

“ဒီအကြောင်းကို တွေးမိတိုင်း စိတ်ထဲမှာ ပေါ်ပေါ်လာတာကတော့ လူပင်လယ်ကြီးပဲ” ဟု ဦးထိန်ဝင်းက မကြာသေးမီက ပြောသည်။

များပြားလှသော လူအုပ်ကြီးကို ကြည့်ပြီး အံအားသင့်နေသော ဦးထိန်ဝင်းသည် သူလုပ်ရမည့်အလုပ်ကို သိနေသည်။ ဒေါ်အောင်ဆန်းစုကြည် မရောက်မီလေးတွင် သူသည် စင်ပေါ်သို့ တက်လိုက်ပြီး မြင်ကွင်းကို ဓာတ်ပုံရိုက်ယူထားသည်။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားသောအခါ သူ မိန့်ခွန်းပြောနေသည့်ပုံများကို ထပ်မံ ရိုက်ကူးသည်။ ယခု ဆယ်စုနှစ် ၃ ခုကြာသောအခါ ဘုရားပရဝဏ်အတွင်းအပြင် ပြည်လျှံနေသော မျက်စိတဆုံးမြင်နေရသည့် လူအုပ်ကြီးပုံနှင့် ထိုစဉ်က အသက် ၄၃ နှစ်သာ ရှိသေးသော ဒေါ်အောင်ဆန်းစုကြည်သည် ရှေ့ဆုံးတန်းတွင် ကျောင်းသား အစောင့်အရှောက်များခြံရံပြီး မိန့်ခွန်းပြောနေသော ပုံတို့သည် သူ၏ စိတ်ကြိုက်ပုံများ ဖြစ်နေသေးသည်။

“မြန်မာ့သမိုင်းမှာ အရေးပါတဲ့ပုံတွေ ကို မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ ကျနော် ခံစားရတယ်” ဟု ဓာတ်ပုံဆရာ ဦးထိန်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ၏ နိုင်ငံရေးခရီး နိဒါန်းကို မှတ်တမ်းတင်နိုင်ခဲ့ခြင်းအပြင် ဦးထိန်ဝင်းသည် ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီးကို ဇူလိုင်လမှ စက်တင်ဘာလတွင် စစ်အာဏာ သိမ်းသည်အထိ မှတ်တမ်းတင်နိုင်ခဲ့သော ဓာတ်ပုံဆရာအနည်းငယ်တွင် ပါဝင်သူဖြစ်သည်။

၁၉၈၈ ဩဂုတ်လ ၂၆ ရက် ရွှေတိဂုံ အနောက်ဘက်မုဒ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို လာရောက်နားထောင်သော လူအုပ်ကြီး/ထိန်ဝင်း

စာပေစိစစ်ရေးကြောင့် ဆယ်စုနှစ် နှစ်ခုကျော်ကြာအောင် သိမ်းထားခဲ့ရသော ထိုစဉ်က သူ ရိုက်ကူးခဲ့သည့် ရာနှင့်ချီသည့် ဓာတ်ပုံများအနက် ၁၀၀ ကို ၈၈၈၈ အရေးတော်ပုံ နှစ်၃၀ ပြည့်သည့် လာမည့်လတွင် ပထမဆုံးအနေဖြင့် ရန်ကုန်တွင် ခင်းကျင်းပြသမည်ဖြစ်သည်။ အချို့သောဓာတ်ပုံများမှာ အင်တာနက်တွင် ပြန့်နှံနေပြီး ဖြစ်သော်လည်း ၎င်းတို့ကို မြန်မာနိုင်ငံတွင် ပြပွဲအဖြစ် ခင်းကျင်းပြသခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်သည်။

၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ဦးနေဝင်း တပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်သော တနိုင်ငံလုံး လှုပ်ရှားမှု၏ အမည်ကို အစွဲပြုခေါ်ဝေါ်ကြသော ရှစ်လေးလုံး အရေးတော်ပုံကြီးသည် ခေတ်သစ်မြန်မာ့သမိုင်းတွင် အရေးပါသော အလှည့်အပြောင်းဖြစ်သည်။ ထို အရေးတော်ပုံသည် လူအသေအပျောက် ရှိသော စစ်အာဏာသိမ်းမှုဖြင့် နိဂုံးချုပ်ခဲ့သော်လည်း နောင် ၂၈ နှစ်ကြာသောအခါ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာရရှိစေခဲ့သည့် အပြောင်းအလဲများကို ဖြစ်ပေါ်လာစေမည့် ပြည်သူတို့၏ နိုင်ငံရေးနိုးကြားမှုကို မွေးဖွားပေးနိုင်ခဲ့သည်ဟု ပြည်တွင်းပြည်ပ နိုင်ငံရေးလေ့လာသူများက လက်ခံကြသည်။

ရန်ကုန်ရှိ အလွှာစုံမှ ပြည်သူများဆန္ဒ ပြပွဲများတွင် ပါဝင်လာကြပြီး အရှိန်အဟုန် ရလာသည့် ကာလတွင် ကိုထိန်ဝင်းသည် ဆန္ဒပြပွဲများကို လိုက်လံ မှတ်တမ်းတင်ခဲ့သည်။

“ပထမတော့ အဖမ်းခံရမှာ စိုးလို့ သိပ်မရဲဘူး။ ဒါပေမယ့် ဆန္ဒပြပွဲတွေက ကြီးလာပြီး လူတိုင်းလည်း ပါဝင်လာကြတော့ ကျနော်လည်း မစိုးရိမ်တော့ဘူး” ဟု သူက ပြန်ပြောင်း အမှတ်ရစဖွယ် ပြောပြသည်။

မြန်မာ့အလင်း သတင်းစာတိုက် အလုပ်သမားများ အရေးတော်ပုံသို့ ပူးပေါင်းလာစဉ်/ထိန်ဝင်း

ဇူလိုင်လမှ စစ်တပ်က အာဏာသိမ်းသည့် စက်တင်ဘာလ ၁၈ ရက်နေ့အထိ သူသည် ကင်မရာတလုံးဖြင့် ရန်ကုန်မြို့၏ လမ်းများပေါ်တွင် မိုးလင်းမိုးချုပ် လှည့်လည်ရိုက်ကူးခဲ့သည်။ ထို့ကြောင့် သူသည် ကျောင်းသားများ၏ ဆန္ဒြုပပွဲများသာမက ရုပ်ရှင်မင်းသားများ၊ မင်းသမီးများ၊ သတင်းသမားများ၊ ဘုန်းတော်ကြီးများ၊ စာရေးဆရာများနှင့် စစ်သားများ ဆန္ဒပြပွဲများတွင် ပူးပေါင်းပါဝင်လာသည်ကိုလည်း ရိုက်ကူးနိုင်ခဲ့သည်။

ဆန္ဒပြပွဲများသည် လူထုကို ပိုမိုစွဲဆောင်လာပြီး ပြည်သူတရပ်လုံးပါဝင်လာသည့် အရေးတော်ပုံအဆင့်သို့ ကူးပြောင်းလာသောကြောင့် ထူးခြားသည်ဟု မြင်သောကြောင့် မှတ်တမ်းတင်ဓာတ်ပုံများကို ဆက်လက်ရိုက်ကူးခဲ့သည်ဟု ကိုထိန်ဝင်း က ဆိုသည်။

“အရင်က ကျောင်းသားတွေ၊ အလုပ်သမားတွေ သူတို့ရဲ့အခွင့်အရေးအတွက် ဆန္ဒပြခဲ့ကြဖူးတယ်။ ဒါပေမယ့် ၈၈ ကတော့ ထူးခြားတယ်။ လူတိုင်းပါဝင်ပြီး အားလုံးက တညီတညွတ်ထဲ ဒီမိုကရေစီကိုပဲ တောင်းဆိုကြတာ” ဟု သူက ရှင်းပြသည်။

၁၉၈၈ အရေးတော်ပုံအပြင် ကိုထိန်လင်းသည် သမိုင်းတွင် အရေးပါသည့် အခြားကာလတခုကိုလည်း မှတ်တမ်းတင်နိုင်ခဲ့သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ဈာပနကို နိုင်ငံတော်ဈာပန အဖြစ် သတ်မှတ်ပေးရန် ကျောင်းသားများက ဆန္ဒပြပွဲများ ၁၉၇၄ ခုနှစ် ဒီဇင်ဘာလတွင် ဆင်နွှဲသောအခါ သူသည် ရန်ကုန်တက္ကသိုလ်ဝန်းအတွင်းရောက်ရှိနေပြီး အကြမ်းဖက်ဖြိုခွင်းမှုအချို့ကို မှတ်တမ်းတင်နိုင်ခဲ့သည်။ စာပေစိစစ်ရေး နိဂုံးချုပ်သွားသောအခါ ထိုပုံများအနက် အချို့ ကို စာအုပ်အဖြစ် ၂၀၁၄ တွင် ထုတ်ဝေနိုင်ခဲ့သည်။ (ဧရာဝတီက ထုတ်ဝေခဲ့သော အပတ်စဉ်ထုတ် ဂျာနယ်တွင်လည်း ပုံနှိပ်ဖော်ပြခဲ့သည်။)

စစ်အာဏာ သိမ်းမှုနောက်ပိုင်း ဆန္စပြသူများကို စစ်တပ်က သွေးထွက်သံယို နှိမ်နင်းသည့် ပုံများ သူ့တွင် တပုံမျှ မရှိကြောင်း သူက ဆိုသည်။ အာဏာသိမ်းမှု သတင်း ကြားလိုက်ရသည်နှင့် အန္တရာယ်ကို သူမြင်နေသည်။ သူ ပထမဆုံး လုပ်ဆောင်သောအလုပ်မှာ လပေါင်းများစွာ သူ ရိုက်ကူးထားသည့် ရာပေါင်းများစွာသော ဖလင်များကို ဖွက်ထားရခြင်းဖြစ်သည်။ သူ့ကို ထိုဖလင်များနှင့်အတူ ဖမ်းဆီးလိုက်ပါက သူ ထောင်ကျမည်၊ ညှင်းပမ်းနှိပ်စက် ခံရကောင်း ခံရနိုင်သည်။ မိတ်ဆွေအချို့ထံအပ်ပြီး သိမ်းထားပေးရန် အကူအညီ တောင်းခဲ့သော်လည်း စစ်တပ်က လူထုအရေးတော်ပုံတွင် ပါဝင်သည်ဟု သံသယရှိသူများကို ဖြိုခွဲမှုများပြုလုပ်နေသောကြောင့် ထိုမိတ်ဆွေများလည်း လွန်စွာ စိုးရိမ်ပူပန်နေကြသည်။

“တချို့မိတ်ဆွေတွေက ဖလင်တွေကို မီးရှို့လိုက်တယ်၊ တချို့က လွှင့်ပစ်လိုက်တယ်” ဟု ဦးထိန်ဝင်းက စိတ်မကောင်းကြီးစွာဖြင့် ပြန်ပြောပြသည်။

ဓာတ်ပုံဆရာ ဦးထိန်ဝင်းကို ရန်ကုန်ဆေးရုံကြီးရှေ့ သပိတ်စခန်းတွင် မြင်တွေ့ရစဉ်

ထိုသို့သော ကံကြမ္မာမျိုးမှာ လူထုအရေးတော်ပုံကို မှတ်တမ်းတင်ခဲ့ကြသည့် အခြားသော သူများလည်း ရင်ဆိုင်ရသည့် ကံကြမ္မာပင်ဖြစ်သည်။ ဦးဆန်နီငြိမ်းသည်လည်း ဗီဒီယို ကင်မရာဖြင့် ဦးထိန်ဝင်းကဲ့သို့ပင် အရေးတော်ပုံကို မှတ်တမ်းတင်ခဲ့သည်။ သူရိုက်ကူထားသည်များတွင် ဒေါ်အောင်ဆန်းစုကြည်၏ အများပြည်သူသို့ ပထမဆဆုံးပြောကြားသော မိန့်ခွန်းများအနက်တခုဖြစ်သော ရန်ကုန်ပြည်သူ့ဆေးရုံကြီး မိန့်ခွန်းလည်း ပါဝင်သည်။ သူ၏ ဗီဒီယို အများအပြားမှာ လျှို့ဝှက်သိမ်းဆည်းထားစဉ်အတွင်း ပျက်ဆီးကုန်ကြပြီဖြစ်သည်။

“လူထုအရေးတော်ပုံကြီးကို မှတ်တမ်းတင်ခဲ့ကြသူ အများစုက အဖမ်းခံ အနှိပ်စက်ခံရမှာကြောက်တော့ သူတို့ရဲ့ ဖလင်တွေကို သူတို့ဘာသာ ဖျက်ဆီးပစ်ခဲ့ကြတယ်။ အခုတော့ ကျနော်တို့မှာ ကိုထိန်ဝင်းရဲ့ ဓာတ်ပုံတွေပဲ ရှိတော့တယ်။ ဒါတွေက သမိုင်းဝင်ပုံတွေ” ဟု ဦးဆန်နီငြိမ်းက ပြောဆိုသည်။

သူ၏ ဖလင်အချို့ကို ဖျက်ဆီးခဲ့သော်လည်း ဦးထိန်ဝင်းသည် သူငယ်ချင်းများ၏ အကူအညီဖြင့် ဖလင်အချို့ကို ပြည်ပသို့ ထုတ်နိုင်ခဲ့သည်။ ထို ဖလင်များသည် အမ်စတာဒမ်ရှိ နိုင်ငံတကာ မော်ကွန်းတိုက်တွင် ယခုအချိန်အထိ ရှိနေပြီး ယခု အရေးတော်ပုံ နှစ် ၃၀ ပြည့် အထိမ်းအမှတ် ပြသမည့် ဓာတ်ပုံ ၁၀၀ မှာ ထိုမော်ကွန်းတိုက်တွင် ကျန်ရှိသော ဖလင်များမှ ရွေးချယ်ပြသထားသော ပုံများဖြစ်သည်။

တခါတရံ ဓာတ်ပုံများသည် စာများထက် ပိုမိုခိုင်မာသော သက်သေဖြစ်သောကြောင့် လွန်ခဲ့သော နှစ် ၃၀ က တိုင်းပြည်တွင် မည်သည်တို့ဖြစ်ခဲ့သည်ကို ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် မွေးဖွားသူ လူငယ်များ သိရှိလာစေရေး သူ၏ဓာတ်ပုံများသည် သမိုင်းမှတ်တမ်းဖြစ်မည်ဟု သူယုံကြည်သည်။

“ကျနော်မသေခင် ဒီဓာတ်ပုံတွေကို အများပြည်သူကို ပြခွင့်ရလို့ ကျေနပ်ပါတယ်” ဟု အသက် ၇၂ နှစ်ရှိပြီဖြစ်သော ဦးထိန်ဝင်းက ပြောသည်။

ရှစ်လေးလုံး အရေးတော်ပုံ ဓာတ်ပုံပြပွဲကို သြဂုတ်လ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ဗိဿနိုး ပန်းချီပြခန်းတွင် ပြသမည်ဖြစ်ပြီး ဝင်ကြေး အခမဲ့ဖြစ်သည်။

(အင်္ဂလိပ်ဘာသာဖြင့် Historic ’88 Uprising Photos on Display 30 Years Later  တွင် ဖတ်ရှုပါ။)

Did you find apk for android? You can find new Free Android Games and apps.
Loading