သတင်း

ရထားလမ်းရေကျော် ခရီးသည် ၄၀၀ ကျော်ပိတ်မိနေ

Want create site? Find Free WordPress Themes and plugins.

မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုများကြောင့် ရန်ကုန်- မန္တလေး မီးရထား လမ်းပိုင်းနှင့် မော်လမြိုင်၊ ပဲခူး မီးရထားလမ်းများရေကျော်သဖြင့် ရထားပြေးဆွဲမှု ယာယီရပ်နားထားပြီး ခရီးသည် ၄၀၀ ကျော်ပိတ်မိနေကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့မီးရထား သွားလာပို့ဆောင်ရေးဌာန အထွေထွေ မန်နေဂျာ ဦးကျော် ကျော်မျိုးက” ကျနော်က အခုနှင်းပုလဲရောက်နေတာပေါ့ နှင်းပုလဲ -တောင်စွန်း လမ်းပိုင်းကတော့ ပိတ်နေတယ်။ အဲလိုပဲ လမ်းပိုင်းပိတ်နေတာက ပဲခူးနဲ့ ကလစ်လမ်းပိုင်းပိတ်နေ တယ်။ နောက်တခါ ပဲခူးနဲ့ ရွှေလှေ လမ်းပိုင်းပိတ်နေတယ်။ ဘုရားသုံး ဆူနဲ့ တာဝလမ်းပိုင်း ပိတ်နေတယ်။ ဇူလှိုင် ၂၇ ရက်ထဲက စပိတ်တာပါ။ လက်ရှိထိလည်းပိတ်ဆဲပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ ၎င်းက “မနက်ပိုင်းရတဲ့ စာရင်းအရဆို ခရီးသည်က နှင်းပုလဲဘက်အခြမ်းမှာ ၅၉၇ ဦးရှိတယ်။ ဒုံဝန်းဘက အခြမ်း မှာက ၆၁ ယောက်ရှိတယ်။ ဒီဘက်က ရထား ၃ စီး ရပ်ထားတာက နှင်းပုလဲရယ်၊ တောင်စွန်းရယ်၊ ကျိုက်ထို ရယ်ပေါ့။ ဒါတွေပေါင်းရင် ၅၉၇ ယောက်ရှိတယ်” ဟု ပြောသည်။

ယခု လောလောဆယ်တွင် နေပြည်တော် ရထား ၁ စင်းကို ပြန်လှည့်ပေးလိုက်သောကြောင့် ထိုရထား တွင် ပိတ်မိနေသော ခရီးသည် ၅၀၀ ကျော် အနက်မှ ဦးရေ ၁၀၀ ခန့်ပြန်ပါသွားပြီဖြစ်သဖြင့် လူဦးရေ ၄၀၀ ကျော် ဆက်လက်ပိတ်မိနေကြောင်း ၎င်းကပြောသည်။

လက်ရှိအချိန်တွင် ရေပြန်မကျသေးကြောင့် ကားလမ်းနှင့် ရထားလမ်းများမှာ ပိတ်ထားပြီး လူစီး ရထား နှင်းပုလဲဘက်ခြမ်း တွင် ရထား ၃ စီးနှင့် ဒုံဝန်းဘက်ခြမ်းတွင် ရထား ၂ စီးပိတ်မိနေကြောင်း ၎င်းကပြောသည်။

“ကုန်ရထားတော့မပါဘူး။ လူစီးရထားတွေပဲ ပိတ်မိနေတာ။ ရေကမကျသေးတော့ ဘယ်လောက် ကြာမယ်ဆိုတာ ခန့်မှန်း လို့ မရသေးဘူးဖြစ်နေတယ်။ ရေကျသွားမှ လမ်းပိုင်းကို သေချာပြန်စစ်ဆေး ရမယ်။ အခုကတော့ ဇလီဖားတုန်း ချတာတို့ ဘာတို့ လုပ်လို့ရတဲ့ဟာ မှန်သမျှ လုပ်နေတယ်” ဟု ၎င်းကပြောသည်။

မြန်မာ့မီးရထားမှ လက်ရှိအချိန်တွင် ရန်ကုန်နှင့် မန္တလေးဘက်ခြမ်းမှ လက်မှတ်ဝယ်ယူထားသူများ ကို ငွေပြန်အမ်းပေး လျက်ရှိသည်။

ဦးကျော်ကျော်မျိုးက”ရထားလမ်းပိုင်းက ပိတ်နေပေမယ့် ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းက ဖွင့်တယ်။ ကားနဲ့ သွားချင် သွားလို့ရအောင် ငွေပြန်အမ်းပေးတယ်။ အကယ်၍ လမ်းများ ဖွင့်သွားပြီဆိုလျှင် ယခုပိတ်မိနေသော ခရီးသည်များ ကားနှင့် ပြန်တင်ပေးလိုက်မယ်” ဟု ပြောသည်။

ရထားလမ်းများရေကျော်သဖြင့် ရန်ကုန် မှ ထွက်ခွာပေးရမည့် ရထားများဖြစ်သည့် အမှတ် ၉အဆန်(ရန်ကုန်-သာစည်) ၅အဆန် ၃အဆန် (ရန်ကုန်-မန္တလေး) ၇အဆန် (ရန်ကုန်-နေပြည်တော်) နှင့် ယနေ့မနက်ထွက်ခွာမည့် ၁အဆန် ၁၁ အဆန် ၃၁အဆန် ၉အဆန် ရထားများ ပြေးဆွဲမှုကို ယာယီရပ်နားထားမည် ဖြစ်ပြီး မန္တလေး သာစည် နှင့် နေပြည်တော် ဘူတာများမှလည်း ၆အစုန် ၄အစုန် ၁၀အစုန် ၈အစုန် ၁၂အစုန် ၂အစုန် ၃၂အစုန်ရထားများကို ယာယီရပ်နားထားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား၊တိုင်း-၇၊(သွားလာပို့ဆောင်ရေးဌာန)မှ သိရသည်။

မွန်ပြည်နယ်အတွင်း ၌လည်း မိုးသည်းထန်စွာသွန်းမှု ကြောင့် နှင်းပုလဲ-ဒုံဝန်းကြားမိုင်တိုင်အမှတ် ၁၁၈/၂၀မှ ၁၁၉/ ၁၆ အထိရထားသံလမ်းပေါ်ရေကျော်ခဲ့ပြီး အလျား ၁၀၀ ပေ အနက် ၃ပေ ခန့် ရေတိုက်စားသွားပြီး မွန်ပြည်နယ်သွား ရထားလမ်းပိုင်း ပိတ်သွားသဖြင့် ရန်ကုန်မှ ထွက်မည့် ၃၅အဆန် ၈၉အဆန်ရထားများနှင့် မော်လမြိုင်မှထွက်မည့် ၃၆အစုန် ၉၀အစုန်ရထားများ ထားဝယ်အထိပြေးဆွဲ သည့် ၁၇၅အဆန်/၁၇၆အစုန် ရထားများ ယာယီဖျက်သိမ်းထားသည်။

ရန်ကုန်မှ မန္တလေးသို့ သွားမည့် ခရီးသည် မမြင့်ဆန်းက ” အရင်ကလည်း အဲလို ရထားလမ်းတွေ ရေကျော်ရင် ပိတ်တာတွေ တော့ ရှိတယ်။ ကျမတို့က ရထားလမ်း ပိတ်မှန်းမသိဘူး။ ဒီနေ့မနက်မှ သိရတာ။ ရေပြန်ကျရင်လည်း လမ်းကချက်ချင်း တော့ ပြန်ဖွင့်မရဘူးပေါ့။ တရက် နှစ်ရက်တော့ကြာတယ်။ ရထားက ပိတ်ထားတော့ ကားနဲ့ပဲ သွားရတော့ မယ်။ ပုံမှန်က ရထားနဲ့ သွားနေကြ” ဟု ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading