ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စစ်တောင်းမြစ် နှင့် ပဲခူးမြစ်တို့သည့် နှစ်ပေါင်း ၅၀ ကျော်အတွင်း အမြင့်ဆုံး ရေမှတ် သို့ရောက်ရှိနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန (မိုး/ဇလ) မှ ထုတ်ပြန်ထားသည်။
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့တွင် စစ်တောင်းမြစ်ရေသည် နှစ်ပေါင်း ၅၃ နှစ်အတွင်း အမြင့်ဆုံး ရေမှတ်ရောက်ရှိနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန (မိုး/ဇလ) မှ ထုတ်ပြန်ထားသည်။
ထို့အပြင် ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယနေ့တိုင်းတာရရှိသော ၉၆၈ စင်တီမီတာသည် နှစ်ပေါင်း ၅၄ နှစ်အတွင်း အမြင့်ဆုံးရေမှတ်ဖြစ်ပြီး သြဂုတ်လ ၁၀ ရက်နေ့ ၂၀၁၁ခုနှစ်တွင် စံချိန်းတင်ခဲ့သည့် အမြင့်ဆုံးရေမှတ်မှာ ၉၆၀ စင်တီမီတာ ဖြစ်ကြောင်း မိုး/ဇလ က ထုတ်ပြန်ထားသည်။
မိုး/ ဇလ မှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက “မဒေါက်မြို့မှာဟာဆိုရင် နှစ်ပေါင်း ၅၃ နှစ်အတွင်း မှာ အခုလက်ရှိ ရေအမှတ်က အမြင့်ဆုံးကို ရောက်နေတာ။ အဓိကကတော့ ဒီရက်ပိုင်းတွေမှာ မွန်၊ ကရင်၊ ရခိုင်ပြည်နယ် ဒီဒေသတွေမှာ ၅၊၆ ရက်လောက် ဆက်တိုက်မိုးကြီးတဲ့ အတွက် မြစ်ရေတွေ တက်လာတာပေါ့” ဟုပြောသည်။
မဒေါက်မြို့တွင် ယခင်အမြင့်ဆုံးရေမှတ်ဖြစ်သည့် သြဂုတ်လ ၂ ရက်နေ့ ၁၉၉၇ ရက်နေ့တွင် ၁၂၄၄ စင်တီမီတာ ဖြစ်ပြီး ယနေ့ တိုင်းတာရရှိမှုသည် ၁၂၇၀ စင်တီမီတာဖြစ်ကြောင်း မိုး/ဇလက ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်လိုက်သည်။
မဒေါက်မြို့တွင် မြစ်ရေမြင့်တက်လာမှုကြောင့် လူဦးရေ ၉၀၀၀ ခန့်သည် ရေဘေးကြုံတွေ့နေရပြီး ကယ်ဆယ်ရေး စခန်း ၄ ခုဖွင့်ထားကြောင်း ညောင်လေးပင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးညီညီထွေး က ဧရာဝတီသို့ ပြောသည်။
ဦးညီညီထွေးက “မြို့ထဲမှာ နေထိုင်တဲ့သူတွေကို သတိပေးထားပါတယ်။ ကိုယ့်ရဲ့ အရေးကြီးတဲ့ စာရွက်စာတန်းတွေရယ် တန်ဖိုးရှိပစ္စည်းတွေကို ထုပ်ပိုးသိမ်းဆည်းထားပြီးတော့ ကိုယ်ဝန်ဆောင်တွေ ကလေးတွေကို ရေလွတ်ရာကို ပြောင်းရွှေ့နေထိုင်ဖို့ အတွက် စခန်းတွေလည်း ဖွင့်ပေးထားပါတယ်” ဟုဆိုသည်။
ဇူလိုင်လ ၂၄ ရက်နေ့မှစတင်ကာ မဒေါက်မြို့တွင် ရေဝင်ရောက်လာပြီး မြို့နေပြည်သူများ ရေလွတ်ရာသို့ ရှောင်တိမ်းနေရ ကြောင်းသိရသည်။
စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ပေဝက်ခန့်နှင့် မဒေါက်မြို့တွင် ၇ ပေခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း တောင်ငူမြို့တွင် ၁ ပေခန့်၊ မဒေါက်မြို့တွင် ၁ ပေခွဲခန့် ဆက်လက်တက်လာနိုင်ကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်။
ထို့ပြင် ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ၆ ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း ၂ ပေခန့် ဆက်လက်တက်လာနိုင်ကြောင်း သိရသည်။ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ၃ ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့် ဆက်လက်တက်လာနိုင်ကြောင်း ထုတ်ပြန်ထားသည်။
သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ၅ ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း ၁ ပေခန့် ဆက်လက် တက်လာနိုင်ကာ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ၂ ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း ယင်းမြို့၏ စိုးရိမ် ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
ထို့ကြောင့် ဘားအံမြို့နယ်၊ ပဲခူးမြို့နယ်၊ ရွှေကျင်မြို့နယ်နှင့် မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်ကြသူများအနေဖြင့် မြစ်ရေကြီးမှုဘေးအန္တရာယ်မှ ကင်းလွတ်ရာသို့ ရှောင်ရှားကြပါရန်နှင့် တောင်ငူမြို့နယ်နှင့် ဘီးလင်းမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် မိုး/ဇလက သတိပေး ထုတ်ပြန်ထားသည်။