တနင်္သာရီ တိုင်းဒေသကြီး၊ ကော့သောင်း မြို့နယ်၊ ပုလုံးတုံတုံး ကျေးရွာ၌ ယနေ့ မနက် ၇ နာရီခန့်က မြေပြိုကျမှု ဖြစ်ပွားကာ ၅ ဦး သေဆုံးခဲ့ကြောင်း ပုလုံးတုံတုံးကျေးရွာက ဦးဝင်းနိုင် က ဧရာဝတီသို့ ပြောသည့်
မြေပြိုကျသည့် အကျယ်အဝန်း အနေဖြင့် ပေ ၃၀ ခန့်ရှိပြီး လူနေအိမ် ၆ လုံးပေါ်သို့ ပြိုကျခဲ့ကာ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦး သေဆုံးသွားကြောင်း ၎င်းက ပြောသည်။
ဦးဝင်းနိုင်က “မိုးက တညလုံး ဆက်တိုက် ရွာနေတာ။ မိသားစု ၆ ဦးရှိတဲ့ အိမ်က ကလေးတဦး အပါအဝင် ၄ ဦး သေတယ်။ ၁၀ တန်း တက်နေတဲ့ သမီးက ကျောင်းသွားနေလို့ လွတ်သွားတယ်။ အမျိုးသားတဦး အသက်ရှင်တယ်။ တခြားမိသားစုက သေဆုံးတဲ့ တဦးက ထမင်းချက်နေရင်း ပါသွားတာ။ အခုတော့ မိုးက တိတ်နေတယ်” ဟု ပြောသည်။
မြေပြိုကျမှု ဖြစ်ပွားခဲ့သည့် ပုလုံးတုံတုံးရွာသည် ကော့သောင်းမြို့နှင့် လေးမိုင်ခန့် အကွာ ပါချမ်မြစ်လယ်ကျွန်းပေါ်တွင် တည်ရှိသည်။
လက်ရှိတွင် မြေပြိုမှု ဖြစ်စဉ်မှ အသက်ရှင်ကျန်သူ အမျိုးသားကို တပ်မတော် စစ်ဆေးရုံသို့ ပို့ဆောင်ကုသလျက် ရှိပြီး သေဆုံးသူများအား ကော့သောင်း ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
တနင်္သာရီတိုင်း၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမြင့်မောင်က “ပြန်လည် ထူထောင်ရေး အတွက် အိမ်တွေ ပြန်ဆောက်ပေးတာမျိုး လုပ်မှာပါ။ မိုးက ဆက်တိုက်ရွာထားတော့ အခုပြိုတဲ့နေရာ အနီး တောင်စောင်းက အိမ် တွေကို ရွှေ့ပြောင်းဖို့ သတိပေးထားပါတယ်” ဟု ပြောသည်။
တိုင်းဝန်ကြီး ဦးမြင့်မောင်သည် ကော့သောင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၂၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပြီး ပုလုံးတုံတုံးရွာသည် ၎င်း၏ မဲဆန္ဒနယ်မြေထဲတွင်၌ ရှိသည်။
လွန်ခဲ့သည့် တနှစ်ကျော်ကာလ အတွင်းကလည်း ပုလုံးတုံတုံး ကျေးရွာ အနီး၌ မြေပြိုကျမှု ဖြစ်ပွားဖူးကာ ပြိုကျမှုနည်း သည့် အတွက် လူထိခိုက်မှုမရှိခဲ့ကြောင်းကို ဒေသခံများက ပြောဆိုသည်။