မော်ဒယ် အမျိုးသမီးဖြစ်သူ စွဲဆိုထားတဲ့ မုဒိမ်းမှု အပါအဝင် ပုဒ်မ ၃ ခုနဲ့ တရားရင်ဆိုင်နေရတဲ့ အဆိုတော် အစ္စဏီဟာ အချုပ်ခန်းထဲနေထိုင်နေစဉ်မှာ နေမကောင်းဖြစ်နေတာ ၃ ပတ်ခန့်ရှိပြီလို့ အစ္စဏီရဲ့ အစ်ကိုဖြစ်သူ ကိုကျော်စွာက ပြောပါတယ်။
“နေမကောင်းတာက ကြာပြီ။ ၃ ပတ်လောက်ရှိပြီ။ သူ့ပရိသတ်တွေ စိုးရိမ်မှာစိုးလို့ မပြောတာ။ ရိုးရိုးဖျားတာတော့ မဟုတ်ဘူး။ သူ့က အသက်ရှုကြပ်တတ်တယ်။ အထဲမှာ ရေနည်းနည်း ခက်ခဲတယ်။ သူက ပဲနဲ့ မတည့်ဘူး။ အစားအသောက် အရမ်း ဒုက္ခရောက်တယ်” လို့ အစ္စဏီရဲ့ အစ်ကိုဖြစ်သူ ကိုကျော်စွာက ပြောပါတယ်။
လက်ရှိအခြေအနေမှာလည်း တရားလိုဖြစ်သူ မော်ဒယ်စူးရှထက်မှ တရားရုံးပြောင်းလဲ စစ်ဆေးရန် အတွက် ရုံးပြောင်း လျှောက်ထားသဖြင့် အမှုစစ်ဆေးမှုများ မပြုလုပ်ရခြင်းကြောင့် တရားစွဲဆို ခံထားရသူ အစ္စဏီဘက်က အချိန်ကြန့်ကြာမှုများ ရှိနေတယ်လို့ ဆိုပါတယ်။
“ကျနော်တို့က ဘယ်ရုံးမှာစစ်စစ် သိပ်အရေးမကြီးဘူး။ အမှန်ကတော့ အမှန်ပဲပေါ်မှာပဲ။ အဓိကက မြန်သွားဖို့ အရေးကြီးတယ်။ ကြန့်ကြာနေတာက စိတ်ပျက်စရာကြီး။ ကျနော်တို့က အဖြစ်မှန်ကို ဖော်မယ်ဆိုပြီး တရားရုံးမှာလည်း စစ်တယ်။ အပြင်မှာလည်း မီဒီယာတွေကို ပြန်ပြီးရှင်းပြတယ်”လို့ ကိုကျော်စွာက ပြောပါတယ်။
ယနေ့ ဇူလိုင်လ ၃၀ရက်နေ့မှာတော့ ၁၁ကြိမ်မြောက်ရုံးချိန်းအဖြစ် တာမွေမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး သြဂုတ်လ ၃ရက်နေ့မှာတော့ တရားလိုဖြစ်သူ လျှောက်ထားတဲ့ ရုံးအပြောင်းအရွေ့ အတွက် အရှေ့ပိုင်းခရိုင် တရားရုံးမှာ ကြားနာမှု များပြုလုပ်မှာ ဖြစ်ပါတယ်။
“ရုံးပြောင်းလျှောက်တယ်ဆိုတာ အခုလက်ရှိရုံးမှာ အမှန်တရားမပေါ်ပေါက်နိုင်ဘူးဆိုပြီးတော့ ခရိုင်ရုံးမှာ တင်လိုက်တာပေါ့။ အဲဒီအတွက် ခရိုင်ကနေပြီးတော့ သင့်တော်ရာ မြို့နယ်ရုံး တရုံးကို ပြန်ချပေးလိမ့်မယ်။ ကျနော်တို့ အရှေ့ပိုင်းခရိုင်ထဲက မြို့နယ်တွေပဲပေါ့။ ဒီကြားထဲမှာ အမှုစစ်တာကို ရပ်ထားပါမယ်” လို့ ကိုကျော်စွာက ပြောပါတယ်။
လက်ရှိမှာတော့ ရုံးအပြောင်းအရွေ့ကိစ္စရပ်များကြောင့် အမှုစစ်တာကို ရပ်နားထားမှာဖြစ်ပြီး ခရိုင် တရားသူကြီးထံမှ ရုံးပြောင်းရန်အမိန့်ကျမှသာ ပြန်လည်စစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
အဆိုတော် အစ္စဏီ(ခေါ်) ဟန်ထွန်းဇော် ကိုတော့ တာမွေမြို့နယ် တရားရုံးတွင် ဥပဒေ ပုဒ်မ ၃၇၆၊ ၃၂၄ ၊၃၂၃ တို့ဖြင့် တရားစွဲဆိုထားတာဖြစ်ပြီး သြဂုတ်လ ၃ရက်နေ့မှာတော့ ရုံးအပြောင်းအရွေ့ အတွက် အရှေ့ပိုင်းခရိုင်တရားရုံးမှာ ကြားနာမှာဖြစ်ပြီး သြဂုတ်လ ၁၃ရက်နေ့မှာတော့ ၁၂ ကြိမ်မြောက် ရုံးချိန်းကို ပြန်လည်ချိန်းဆိုခဲ့ပါတယ်။