ရန်ကုန်မြို့၌ တည်ဆောက်မည့် မိုးပျံ အမြန်လမ်းမကြီး (Yangon Elevated Expressway) စီမံကိန်းကို ၂၀၁၉ ခုနှစ် တွင် လုပ်ငန်းများ စတင် အကောင်အထည် ဖော်မည်ဖြစ်ပြီး ၃ နှစ်အတွင်း အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
ယနေ့ နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်တွင် ကျောက်တံတားမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထက်၏ ရန်ကုန်တိုင်း အတွင်း ပြည်သူများ သွားလာမှု အဆင်ပြေစေရန်နှင့် ကားကြပ်တည်းမှုများ လျော့ပါးစေရန် Inner Ring Road ပြုလုပ်ရန် စီစဉ်ထားမှု အခြေအနေနှင့် ပတ်သက်သည့် မေးခွန်းကို ဆောက်လုပ်ရေး ဒုဝန်ကြီး ဦးကျော်လင်းက အထက်ပါအတိုင်း ဖြေဆိုခြင်း ဖြစ်သည်။
ယင်းစီမံကိန်းကို တည်ဆောက်ရန် စိတ်ဝင်စားသည့် နိုင်ငံပေါင်း ၁၂ ခုရှိ ကုမ္ပဏီပေါင်း ၅၃ ခုထဲမှနေ၍ အဆင့်ဆင့် စိစစ်ပြီးနောက် စီမံကိန်း တတိယအဆင့်အဖြစ် Request for Proposal ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့ တွင် ခေါ်ယူကာ နောက်ဆုံးပိတ် အောင်မြင်သည့် ကုမ္ပဏီ တဖွဲ့ သို့မဟုတ် ၄ ဖွဲ့အတွင်းမှ အတည်ပြု ရွေးချယ်မည် ဖြစ် ကြောင်း သိရသည်။
“၂၀၁၉ ခုနှစ် အစပိုင်းမှာပဲ Inner Ring Road ကို စတင် ဆောင်ရွက်သွား မှာ ဖြစ်ပါတယ်။ စတင် ဆောင်ရွက်တဲ့ အချိန် ကနေ စပြီးတော့ ၃ နှစ်အတွင်းမှာ အပြီးတည်ဆောက်သွားမှာ ဖြစ်ပြီးတော့ ဒီစီမံကိန်း လုပ်ငန်းကို နိုင်ငံတော် ဘဏ္ဍာငွေနဲ့ တည်ဆောက်မှာ မဟုတ်ဘဲနဲ့ နိုင်ငံတကာ ကုမ္ပဏီတွေရဲ့ ကိုယ်ပိုင် အရင်းအနှီးနဲ့ ဆောင်ရွက်သွားစေမှာ ဖြစ်ပါတယ်” ဟု ဒုဝန်ကြီး ဦးကျော်လင်းက ပြောသည်။
ရန်ကုန် မိုးပျံ အမြန်လမ်း စီမံကိန်းသည် ဗိုလ်တထောင်ဘုရားလမ်းနှင့် ကမ်းနားလမ်းထောင့်မှစတင်၍ ဗိုလ်တထောင် ဘုရားလမ်း၊ ဗိုလ်ချုပ်လမ်း၊ ပုဇွန်တောင်၊ မြောက်ဥက္ကလာ၊ ခရေပင်လမ်း၊ အောက်မင်္ဂလာဒုံလမ်း၊ ဘုရင့်နောင်လမ်း၊ ကြည့်မြင့်တိုင် လမ်းတို့ကို ဖြတ်သန်းပြီး ပန်းလှိုင်လမ်းထောင့်တွင် ဆုံးမည့် လုပ်ငန်းစဉ်တခု ဖြစ်ကြောင်း၊ မိုးပျံလမ်း အရှည်သည် ၄၇ ကီလိုမီတာခန့် ရှိမည် ဖြစ်၍ စီမံကိန်း၏ Phase 1 အဖြစ် ဗိုလ်တထောင် ဘုရားလမ်းထိပ်မှ မင်္ဂလာဒုံ ခရေပင် လမ်းဆုံအထိကို စတင်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဒု ဝန်ကြီးက ပြောသည်။
သက်ဆိုင်ရာ ဝန်ကြီးဌာနက ယခုစီမံကိန်းနှင့် ပတ်သက်၍ နိုင်ငံဘဏ္ဍာကို သုံးစွဲမည် မဟုတ်ဟု ဆိုသော်လည်း အစိုးရ ၏ အာမခံချက်၊ ကတိကဝတ်ဖြင့် ဆောက်လုပ်ရမည် ဖြစ်ရာ နောက်ပိုင်းတွင် နိုင်ငံခြား ချေးငွေ ဖြစ်လာနိုင်ကြောင်း၊ လက်ရှိတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု မရှိသဖြင့် ပြဿနာတချို့ ရှိနေရာ အစိုးရတွင်လည်း တံတား ဆောက်လုပ်နိုင် သည့် ငွေ မရှိကြောင်း မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောဆိုသည်။
“ဒီပိုက်ဆံကို ဘယ်လို သုံးမလဲဆိုတာ အခုထိ မဆုံးဖြတ်ရသေးဘူးလို့ ထင်တယ်။ နိုင်ငံတကာမှာ မိုးပျံတံတား တစင်း ဟာ ခန့်မှန်း တွက်ချက်ကြည့်ရင် တမိုင်ကို ဒေါ်လာ ၁၀ သန်းလောက် ကုန်တယ်။ မြန်မာငွေနဲ့ ဆိုရင် ကျပ် ၁၄ ဘီလျံ လောက် သွားကျမယ်။ သူပြောတဲ့ မိုင်ပမာဏဆိုရင် နည်းနည်းနောနော ကုန်ကျငွေလား။ မလွယ်ဘူး”ဟုလည်း ၎င်းက ပြောသည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာနကမူ ပြန်လည် ရရှိမည့် ငွေကြေးမှာ ယင်းမိုးပျံလမ်းပေါ်မှ ဖြတ်သန်း သွားလာမည့် မော်တော်ယာဉ်များ ထံမှ လမ်းဖြတ်သန်းခ ကောက်ခံပြီး အရင်းကြေရန်နှင့် အကျိုးအမြတ် ရရန်တို့ကို စီမံ ဆောင်ရွက် ရမည့် စနစ်ဟု ပြောဆိုထားသည်။
ရန်ကုန်မြို့ ယာဉ်ကြော ကျပ်တည်းမှု၏ အခြေအနေကို ဖြေရှင်းနိုင်ရန် Yangon Inner Road Plan ကို ဂျပန် အပြည် ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ပဏာမ အဆိုပြု တင်ပြခဲ့ပြီး ယင်း အဆိုပြု တင်ပြချက်ကို ဆောက် လုပ်ရေး ဝန်ကြီးဌာနမှ World Bank Group အဖွဲ့ဝင် ဖြစ်သည့် International Finance Corporation (IFC) ကို Consultant (အကြံပေး) အဖြစ် ငှားရမ်းကာ အဆိုပါ ရန်ကုန် Inner Ring Road ကို အပြည်ပြည်ဆိုင်ရာ ဖိတ်ခေါ်တင်ဒါ စနစ်ဖြင့် စတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် IFC တို့သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် စာချုပ် လက်မှတ်ရေးထိုးခဲ့ပြီး စာချုပ်အရ IFC သည် ရန်ကုန် Inner Ring Road ဖြစ်သည့် ရန်ကုန် မိုးပျံ အမြန်လမ်းမကြီးကို အသုံးပြုမည့် နိုင်ငံ၊ သုံးစွဲမည့် ပြည်သူနှင့် ရင်းနှီးမြှုပ်နှံသူ တို့ကြား အကျိုးရှိ အဆင်ပြေ စေ မည့် ရင်းနှီးမြှုပ်နှံမှု ပုံစံတခုကို ရှာဖွေ ပေးရမည်ဟု ဆိုသည်။
စီမံကိန်းကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့် PPP အစီ အစဉ်ဖြင့် ဖော်ဆောင်သွားမည် ဖြစ်ကာ ရန်ကုန်မြို့ တွင်း၊ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မင်္ဂလာဒုံ စက်မှုဇုန်နှင့် ရန်ကုန်-မန္တလေး အမြန်လမ်းတို့ကို ဆက်သွယ်ပေးသွားမည်ဟုလည်း သိရသည်။
EIO အဆိုပြု လျှောက်လွှာ တင်သွင်းသည့် ကုမ္ပဏီ ၅၃ ခုမှာ ပြည်တွင်း ကုမ္ပဏီ စုစုပေါင်း ၁၆ ခုရှိပြီး ပြည်ပ ကုမ္ပဏီ များ ထဲ တွင် တရုတ်နိုင်ငံမှ ၁၃ ခု၊ ဂျပန် ၇ ခု၊ ကိုရီးယား ၄ ခု၊ အိန္ဒိယ ၃ ခု၊ ထိုင်း ၂ ခု၊ တူရကီ ၂ ခု၊ မလေးရှား ၁ ခု၊ အင်ဒိုနီးရှား ၁ ခု၊ ဖိလစ်ပိုင် ၁ ခု၊ ဗီယက်နမ် ၁ ခု၊ ပြင်သစ် ၁ ခုနှင့် မလေးရှားနှင့် မြန်မာ ဖက်စပ် ကုမ္ပဏီ ၁ ခုဟူ ၍ စုစုပေါင်း ကုမ္ပဏီ ၅၃ ခုက တင်သွင်းခဲ့ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ စာရင်းဇယားများတွင် ဖော်ပြထား သည်။