ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး နေရာ အနှံအပြားတွင် မုတ်သုံရာသီ ရေကြီးမှုများ ကြောင့် အနည်းဆုံး လူဆယ်ဦးသေဆုံးပြီး လူတစ်သိန်းနီးပါး ထိခိုက်ခံစားခဲ့ရကြောင်း အစိုးရမီဒီယာ က ယနေ့ သတင်းထုတ်ပြန်သည်။
ကရင်ပြည်နယ် အစိုးရရဲ့ ထုတ်ပြန်ချက်အရ ဘားအံခရိုင် ပိုင်ကျုံမြို့ ဒေါ်လန်းကျေးရွာရှိ အသက် ၁၄နှစ်အရွယ် ၊အသက် ၇နှစ်အရွယ် ကလေးငယ်နှစ်ဦး နှင့် အမျိုးသားတဦးတို့သည် နေအိမ်မှ ကယ်ဆယ်ရေးစခန်းကို သွားရာ လမ်း၌ လှေမှောက် သေဆုံးကြောင်းသိရသည်။
သေဆုံးသူ စာရင်းတွင် မွန်ပြည်နယ်၌ သောကြာနေ့က ရေစီးနှင့် မျောပါ ပျောက်ဆုံးခဲ့သော တပ်မတော်သား ၃ဦး ကို လည်း ထည့်သွင်းတွက်ချက်ထားသည်။၎င်းတို့ အနက်မှ စစ်သည်တဦး၏ ရုပ်အလောင်းကို ရန်ကုန်-မော်လမြိုင် အဝေး ပြေးလမ်း အနီး တနင်္ဂနွေနေ့က တွေ့ရှိခဲ့သည်ဟု နိုင်ငံပိုင် သတင်းမီဒီယာက ဖော်ပြထားသည်။
မုတ်သုံ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာပေါင်း ၁ထောင်ခန့် ရေဖုံးလွှမ်းခဲ့ပြီး လမ်းများ၊ တံတားများ ပျက်စီးကာ လူ ၅၄၀၀၀ နီးပါး နေအိမ်များမှ စွန့်ခွာထွက်ပြေးခဲ့ရသည်။
အမျိုးသား သဘာဝဘေး စီမံခန့်ခွဲမှု ကော်မတီက တနင်္ဂနွေနေ့တွင် အရေးပေါ် ကယ်ဆယ်ရေး အမိန့်များ ထုတ်ပြန်ခဲ့ပြီးနိုင်ငံတောင်ပိုင်းတွင် ကယ်ဆယ်ရေး စခန်းပေါင်း ၁၆၃ခု ဖွင့်လှစ်ထားသည် ဟုဆိုသည်။
စပါးခင်းများနှင့် လယ်ကွင်း အများအပြားမှာ ရွှံရေများဖြင့် ပျက်စီးခဲ့ရပြီး လူနေအိမ်များ၏ ခေါင်မိုး မြင်ရသည်အထိ ရေမြုပ်ခဲ့ ပုံများကို ကောင်းကင်ဓာတ်ပုံများတွင် မြင်တွေ့ရသည်။
အချို့ ဓာတ်ပုံများတွင် မိုးရွာသွန်းနေသည့် ကြားမှ ရေဘေးဒုက္ခသည်များသည် ကလေးငယ်များ၊ အိမ်မွေး တိရစ္ဆာန်များ ချီပိုး၍ ခါးတဝက်အထိ နစ်မြှပ်သော ရေကိုဖြတ်ကာ ကယ်ဆယ်ရေး စခန်းများ ဆီကို သွားလာနေရသည်ကိုလည်း တွေ့ရသည်။
မြန်မာနိုင်ငံ နေရာ အတော်များများ၌ မုတ်သုံ ရာသီကာလ နှစ်စဉ်ရေကြီးမှုရှိကာ နိုင်ငံတဝန်းရှိ လယ်ယာများ၊ အခြေခံ အဆောက်အဦများ ပျက်စီးရသည်။
၂၀၁၅ခုနှစ်က မြန်မာနိုင်ငံတွင် အဆိုးဝါးဆုံး မုတ်သုံရာသီ ရေကြီးမှု ဖြစ်ပွားခဲ့ပြီး လူ၁၀၀ သေဆုံးကာ အနည်းဆုံး ၃၃၀,၀၀၀မှာ အိုးအိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ကုလသမဂ္ဂ၏ လူသားချင်း စာနာမှုရေးရာ သတင်းထုတ်ပြန်နေသည့် Relief ဝက်ဘ်ဆိုက်ကဆိုသည်။
ယင်း ဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ မြန်မာနိုင်ငံသည် ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှု အန္တရာယ်ရှိ သည့် နိုင်ငံ ၁၈၇ စာရင်းတွင် ဒုတိယအဆိုးဝါးဆုံးနေရာတွင် ရောက်ရှိနေပြီး အန္တရာယ် စီမံခန့်ခွဲမှု ညံ့ဖျင်းသည့် ၁၉၁နိုင်ငံ စာရင်းတွင် နံပါတ်၉ နေရာတွင်ရှိနေသည်။
ယင်း တိုင်းတာချက်မှာ ၎င်းနိုင်ငံအသီးသီး၏လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကျပ်အတည်းနှင့် သဘာဝဘေးအန္တရာယ် အပေါ် တိုင်းတာထားခြင်းဖြစ်သည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြသည့် သတင်းထောက် နန်းလွင်၏ 10 Dead, 100,000 Affected by Monsoon Floods ကို ဘာသာပြန်သည်။
ဆက်စပ်ဖတ်ရှု့ရန် – မြစ်ကြီးနှစ်စင်း နှစ်ပေါင်း ၅၀ ကျော်အတွင်း အမြင့်ဆုံးရေမှတ်ရောက်နေ
စစ်တောင်းမြစ် ရေကာတာ ကျိုးပြီ ဆိုသည့်သတင်းများ မမှန်ဟုဆို
စစ်တောင်းမြစ် ရေကာတာ ကျိုးပေါက်မှုမရှိစေရန် အရေးပေါ်ထိန်းသိမ်းနေ