သတင်း

BOT ကုမ္ပဏီများ လမ်းမပြင်ဘဲ ငွေကောက်နေ၍ ပြည်သူနစ်နာဟုဆို

Want create site? Find Free WordPress Themes and plugins.

လမ်းမကြီးများ အဆင့်မြှင့်တင် ထိန်းသိမ်းရန် BOT စနစ်ဖြင့် လုပ်ခွင့်ရ ကုမ္ပဏီအများစုသည် စာချုုပ်ပါ အချက်များ အတိုင်း အဆင့်မြှင့်တင်ခြင်းမပြုလုပ်ဘဲ ငွေကြေးကောက်ခံနေခြင်းကြောင့် ပြည်သူလူထု နစ်နာ နေရသည်ဟု ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်းက ပြောကြားသည်။

ဇူလိုင်လ ၃၀ ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မြန်မာနိုင်ငံတဝှမ်း BOT စနစ်ဖြင့် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများအား စာချုပ်ပါ အချက်များအတိုင်း လိုက်နာဆောင်ရွက်နေခြင်း ရှိ၊ မရှိ စိစစ် အရေးယူရန်နှင့် လိုက်နာစေရန် ထိန်းချုပ်ခြင်းဖြင့် ပြည်သူ့ဝန်ဆောင်မှုစနစ်များ ဖြစ်ပေါ်လာစေရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို ဦးကျော်ဆွေဝင်းက အထက်ပါအတိုင်း တင်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အစိုးရအဆက်ဆက် BOT စနစ်ဖြင့် လုပ်ခွင့်ရကုမ္ပဏီများတွင် တချို့ကသာ စာချုပ်ပါ ကတိကဝတ်များအတိုင်း အပြည့်အ၀ လိုက်နာဆောင်ရွက်သည်ကို တွေ့ရပြီး အများစုမှာ သာမန် ပြုပြင်ထိန်းသိမ်းသည့် အလုပ်ကိုသာ ဆောင်ရွက်၍ လမ်းအသုံးပြုခ အပြည့်အ၀ ကောက်ခံနေသည်မှာ စိတ်ပျက်ဖွယ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အများစုကတော့ စာချုပ်ပါကတိကဝတ်ထက် သူတို့ကိုယ်ကျိုး စီးပွားကိုသာ အဓိကထား ရှေးရှုဆောင်ရွက် နေကြတဲ့အတွက် လမ်းကြီးတွေဟာ သူတို့တာဝန်ယူစဉ်ကနဲ့ ထူးမခြားနား ဖြစ်နေပြီး ပိုမို ကောင်းမွန် လာခြင်းမရှိလို့ ယာဉ်နဲ့ လမ်းလည်း မမျှတပါဘူး။ လမ်းအသုံးပြုသူ ပြည်သူလူထု မှာလည်း နေ့စဉ်နဲ့အမျှ လမ်း အသုံးပြုခ ပေးနေရတာပဲ အဖတ်တင်ပြီး ငွေကုန်အကျိုးမရှိ ဖြစ်နေကြရပါတယ်” ဟု ဆိုသည်။

ယင်းအဆိုကို ထောက်ခံဆွေးနွေးခဲ့သည့် ဒလမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြအေးကလည်း BOT စနစ်ဖြင့် ဆောင်ရွက်ခွင့်ရ ကုမ္ပဏီများသည် စာချုပ်ချုပ်ဆိုထားသကဲ့သို့ သတ်မှတ်ကာလအတွင်း လမ်းပြုပြင်ခြင်း၊ လေးလမ်းသွားအဖြစ် အဆင့်မြှင့်တင်ခြင်းတို့ကို ပြီးစီးအောင် မပြုလုပ်ဘဲ ငွေကြေး ကြိုတင် ကောက်ခံနေသည်ကို တွေ့နေရကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြပ်မတ်ထိန်းသိမ်းရမည် ဖြစ်ကြောင်း ပြောကြားသည်။

၎င်းက “စာချုုပ်ကို ပြောင်ပြောင်တင်းတင်း ဖောက်ဖျက်ပြီး ခရီးသွားပြည်သူတွေရဲ့ ပိုက်ဆံကို ယူနေတဲ့ လုပ်ငန်းရှင် ကုမ္ပဏီတွေကို အရေးမယူဘဲ နေနေတာကို သံသယဖြစ်မိပါတယ်” ဟု ဆိုသည်။

ပျဉ်းမနားမြို့မှ အဝေးပြေးကုန်တင်ယာဉ် လုပ်ငန်းရှင်တဦးက အဝေးပြေးလမ်းများသည် ယခင်ထက် ပိုကောင်းလာသည်ကို တွေ့ရပြီး ဖြတ်သန်းခများလည်း ပိုမိုကုန်ကျလာကြောင်း၊ ကောင်းမွန်ခြင်းမရှိသည့် လမ်းပိုင်းများကို ဖြတ်သန်းခမပေးလိုကြောင်း ပြောသည်။

“သူတို့ စာချုပ်တွေက ဘယ်လိုတွေလဲတော့ ကိုယ်လည်း မသိဘူးပေါ့နော်။ လမ်းပိုင်းကတော့ ကောင်းတဲ့နေရာ ကောင်းတယ်၊ မကောင်းတဲ့နေရာ မကောင်းဘူး။ မကောင်းတဲ့နေရာ တွေကတော့ သွားရလာရတာ ပေးရ ကမ်းရတာ မတန်ဘူးပေါ့ဗျာ” ဟု ပြောကြားသည်။

ယခုအဆိုနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က လမ်းများနှင့်ပတ်သက်၍ အဓိက လိုအပ်ချက်သည် ဝန်ကြီးဌာနအနေဖြင့် အရည်အသွေးထိန်းသိမ်း ကြတ်မတ်ခြင်း (Quality Control) ကို တိတိကျကျ ဆောင်ရွက်ပေးရန် ဖြစ်ကြောင်း သုံးသပ်ပြောကြားသည်။

နိုင်ငံတဝှမ်းတွင် BOT စနစ်ဖြင့် ပုဂ္ဂလိကကုမ္ပဏီ ၂၅ ခုက အကောင်အထည် ဖော်ဆောင်ရွက်နေသည့် လမ်းမကြီးပေါင်း ၆၁ လမ်း၊ လမ်းအရှည်မိုင်ပေါင်း ၃၀၂၅ မိုင် ရှိကြောင်း၊ ကုမ္ပဏီအများစုက နှစ် ၄၀ မှ ၄၅ နှစ်အထိ လုပ်ပိုင်ခွင့်ရရှိထားကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်းက တင်ပြ ဆွေးနွေးခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading