သတင်း

NSCN-K ဥက္ကဋ္ဌ ကို နယ်မြေ ကန့်သတ်ထား

Want create site? Find Free WordPress Themes and plugins.

နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ်ပလန် (NSCN-K) ဥက္ကဋ္ဌ ခန်ဂိုကွန်ညက် (Khango Konyak) အား စစ်ကိုင်း တိုင်း ဒေသကြီး ဟူးကောင်း တောင်ကြားရှိ တာဂါကျေးရွာမှာပဲ နေထိုင်ရန် တပ်မတော်ဘက်မှ အကြောင်းကြားခဲ့သည်ဟု NSCN-K ဘက်က ပြောသည်။

NSCN-K သည် မြန်မာ-အိန္ဒိယ နယ်စပ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း လှုပ်ရှားနေသော နာဂ လက်နက်ကိုင် အဖွဲ့ ဖြစ် ကာ ဌာနချုပ်ကို တာဂါကျေးရွာတွင် ထားရှိကြောင်း သိရသည်။

အဆိုပါ တာဂါကျေးရွာ၌ပင် NSCN-K ဥက္ကဋ္ဌ ခန်ဂိုကွန်ညက် အနေဖြင့် နေထိုင်၍ သွားလာ လှုပ်ရှားရန်နှင့် တာဂါဒေသမှ တခြားသော ဒေသများသို့ သွားလာမှု မပြုလုပ်ရန် စစ်ကိုင်းတိုင်း၊ အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဖုန်းမြတ်က ဇွန်လကတည်းက ပြောလာကြောင်း NSCN-K မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးအန်ကန့်က ပြောသည်။

ဦးအန်ကန့်က “NSCN-K ဥက္ကဋ္ဌ ခန်ဂိုကွန်ညက်ကို တာဂါမှာပဲနေဖို့ ဘယ်မှ မသွားဖို့ ပြောတာတော့ ဟုတ်ပါတယ်”ဟု ဆို သည်။

အနောက်မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးက NSCN-K ဥက္ကဋ္ဌ ခန်ဂိုကွန်ညက်ကို တာဂါမှာပဲ နေထိုင် လှုပ်ရှားရန် ပြောလာသည်မှာ ၃ ကြိမ်ရှိပြီး ဖြစ်ကြောင်း မိမိတို့ အနေဖြင့်လည်း တာဂါ အနီးအနား၌ သွားလာကြောင်းလည်း NSCN-K ဘက် က ပြောဆိုသည်။

ဦးအန်ကန့်က “ဒါဆို ၂ ခါ၊ ၃ ခါ ရှိပါပြီ။ ဒါက သူ့ရဲ ကျန်းမာရေးကြောင့် သွားတယ်ဆိုတဲ့ ကိစ္စပါ။ အဝေးကြီး မဟုတ်ပါဘူး။ တာဂါနဲ့ အနီးအနားမှာပါပဲ။ ကျန်းမာရေး မကောင်းတာ မဟုတ်ဘူး။ အပူပိုင်းမှာ မနေနိုင်လို့ အအေးပိုင်းမှာ နေချင်လို့ ကုန်း နိမ့်ပိုင်းကို သွားတာပါ။ စစ်ကိုင်းတိုင်း တိုင်းမှူးက ပြောတာ တာဂါမှာပဲ နေဖို့ပေါ့။ အဲဒါကို အရင်လကတည်းက ပြောတာ ပါ” ဟု ပြောသည်။

တချို့သော သတင်းများတွင် NSCN-K ၏ ဌာနချုပ်ကို တပ်မတော်က အင်အားဖြည့်၍ ဝိုင်းထားကြောင်း၊ NSCN-K မှ အမာခံ ကေဒါများကို ဖမ်းဆီး၍ အိန္ဒိယဘက်သို့ လွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်း ရေးသားဖော်ပြကြသည်။

ဇူလိုင် ၂၉ ရက်က အိန္ဒိယနိုင်ငံရှိ Firstpost သတင်းဌာနမှ NSCN-K နှင့် မြန်မာ့ တပ်မတော်တို့ ရင်ဆိုင် ထိတွေ့မှုမှာ ဟူးကောင်း တောင်ကြား၊ တာဂါရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းအနီး လက်နက်ကိုင် အဖွဲ့ တဖွဲ့၏ စစ်ဆေးရေးပွိုင့် တခု အကျော်တွင် ဖြစ်ပွားခဲ့ပြီး ယင်းနေရာသည် NSCN-K အဖွဲ့၏ ဗဟို ဌာနချုပ် တည်ရှိရာနေရာ ဖြစ်ကြောင်း NSCN-K ဘက် က ပြောသည်ဟုလည်း ပါရှိသည်။

ဦးအန်ကန့်က “ဒါကတော့ ကောလာဟလ သတင်းတွေ ဖြစ်မှာပါ။ အခု လောလောဆယ် ဒီမှာ ဘာမှ မရှိဘူး။ အမြဲတမ်း တပ်မတော်နဲ့ တွေ့ထိမှု ရှိပါတယ်။ စကားပြောတာပေါ့လေ။ ကျနော်တို့ အဖွဲ့က ကေဒါတွေကို ဖမ်းမယ် ဆိုတာလည်း မဟုတ်ပါဘူး” ဟု ပြောသည်။

NSCN-K ဥက္ကဋ္ဌ ခန်ဂိုခွန်ညက်အား တာဂါ၌ နေထိုင်ရန် တပ်မတော်ဘက်က ပြောကြားမှုနှင့် ပတ်သက်ပြီး ငြိမ်းချမ်း ရေးကော်မရှင်(PC) ဖြင့် ညှိနှိုင်းသွားရန် အစီစဉ်ရှိကြောင်းနှင့် ထိုကိစ္စအပေါ် PC ထံ အကြောင်း မကြားရသေးကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းအတွင်းရှိ သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများကို တွေ့ဆုံ၍ ဆွေးနွေးမှု များလည်း ရှိကြောင်း NSCN-K ဘက်က ပြောသည်။
ငြိမ်းချမ်းရေး လုပ်ငန်းများတွင် ပါဝင်နေသူ တဦးက NSCN-K ဌာနချုပ်ကို တပ်မတော်က ဝိုင်းထားသည်ကို မကြားမိ ကြောင်းနှင့် NSCN-K ဥက္ကဋ္ဌကို တာဂါဒေသ၌ နေထိုင်ရန် ပြောသည်မှာ ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုသည်။

NSCN-K သည် အိန္ဒိယ- မြန်မာ ၂ နိုင်ငံရှိ နာဂများ ပူးပေါင်းနိုင်ရေးနှင့် နာဂနိုင်ငံ ထူထောင်နိုင်ရေး အတွက် ကြိုးပမ်း နေသော နာဂ လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

မြန်မာ့ တပ်မတော်နှင့် NSCN-K ကြား ၂၀၀၂ ခုနှစ် နောက်ပိုင်း ပစ်ခတ် တိုက်ခိုက်မှုများ မရှိတော့သော်လည်း အိန္ဒိယ တပ်မတော်နှင့်မူ ယနေ့တိုင် ပစ်ခတ် တိုက်ခိုက်မှုများ ရှိနေသည်။

NSCN-K သည် ၂၀၁၂ ခုနှစ်က တိုင်းဒေသကြီးအဆင့် အပစ်အခတ် ရပ်စဲရေး စာချုပ်ကို အစိုးရနှင့် လက်မှတ်ရေးထိုး ထားသော်လည်း အစိုးရက ကမ်းလှမ်းထားသော တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကိုမူ မထိုးနိုင်သေးကြောင်း ပြန်လည် အကြောင်းကြားထားသည်။

၂၀၁၈ ခုနှစ်၊ ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်ထိ ကျင်းပသွားခဲ့သော တတိယ အကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံတွင် လည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့ပြီး PC နှင့် NSCN-K မှ ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးရေး အပါအဝင် NCA ၌ NSCN-K ပါဝင် လက်မှတ်ရေးထိုးရန် စသည့် ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

အိန္ဒိယ အစိုးရနှင့် NSCN-K ကြား ၂၀၀၁ ခုနှစ်က အပစ်အခတ်ရပ်စဲရေး စာချုပ်(တနှစ်တကြိမ် သက်တမ်းတိုးရ) ချုပ်ဆိုခဲ့ သော်လည်း သဘောထားများ ကွဲလွဲကာ ပစ်ခတ်မှုများ ပြန်လည် ဖြစ်ပွားခဲ့ရာမှ စာချုပ် ပျက်ပြယ်သွားခဲ့သည်မှာ ယနေ့ထိ တိုင်ပင် ဖြစ်သည်။

NSCN-K ဗဟိုဌာနချုပ်ရှိသော တာဂါဒေသတွင် အိန္ဒိယ တပ်မတော်ကို တိုက်ခိုက်နေသော PREPAK (အိန္ဒယ လက်နက် ကိုင် သူပုန်အဖွဲ့)နှင့် ကသည်းအဖွဲ့ KYKL တို့လည်း အခြေစိုက် လှုပ်ရှားလျက်ရှိကြောင်း Firstpost သတင်းဌာနက ဖော်ပြ ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading