စားသုံးသူများ၏ အကျိုးစီးပွားကို ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်ရန်နှင့် လက်တွေ့အကောင်အထည် ဖော်ဆောင်ရာတွင် အခက်အခဲများ ဖြစ်ပေါ်နေသဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ စားသုံးသူ ကာကွယ်ရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဦးအောင်ထူးက စားသုံးသူကာကွယ်ရေးဥပဒေကြမ်းကို ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဇူလိုင် ၃၀ ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် နဝမ ပုံမှန်အစည်းအဝေး တတိယ မြောက်နေ့အစည်းအဝေးသို့ တင်ပြခဲ့သည်။
၎င်းက “စားသုံးသူများရဲ့ အကျိုးကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တဲ့ ပိုမို ပြည့်စုံတဲ့ ဥပဒေတရပ် ဖြစ်ပေါ်လာနိုင်ရေး ဥပဒေတရပ် အဖြစ် ပြင်ဆင် ရေးဆွဲခဲ့တာ ဖြစ်ပါတယ်” ဟု လွှတ်တော်တွင် ထည့်သွင်းပြောကြားခဲ့သည်။
လက်ရှိ စားသုံးသူအကာအကွယ်ပေးရေးဥပဒေကို ၂၀၁၄ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ပြဌာန်း ထားသော်လည်း စားသုံးသူများ၏ အကျိုးစီးပွားကို ထိရောက်စွာ ကာကွယ်ရန်အတွက် အရေးကြီးသော အခြေခံအချက်အလက်များ အားနည်းနေပြီး လက်တွေ့ ဆောင်ရွက်ရာတွင်လည်း အခက်အခဲများနှင့် ရင်ဆိုင်နေခဲ့ရပါကြောင်းနှင့် ဥပဒေတွင် ဗဟိုကော်မတီ၊ စားသုံးသူ အငြင်းပွားမှု ဖြေ ရှင်းရေး အဖွဲ့များနှင့် စားသုံးသူရေးရာ ဦးစီးဌာန များ၏ လုပ်ငန်း တာဝန်ရောထွေးမှုများ ရှိနေခဲ့သဖြင့် ပိုမိုပြည့်စုံစေရန်အတွက် ဥပဒေသစ် တရပ်ပြင်ဆင် ရေးဆွဲခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်သို့ တင်ပြခဲ့ခြင်း ဖြစ်သည်။
မြန်မာ စားသုံးသူများ သမဂ္ဂ၏ အတွင်းရေးမှူး ဦးမောင်မောင်က “အရင် ဥပဒေက အရေးယူနိုင်မှု အားနည်းတယ်။ မထိရောက်ဘူး။ ဒီ ဥပဒေက ထိရောက်မယ်လို့လည်း မျှော်လင့်တယ်။ ဒီဥပဒေ အသစ်က အရင် ဥပဒေတွေလို လုပ်ငန်းရှင်လောက်နဲ့ပဲ တိုင်ပင်ပြီးတော့ ရေးတဲ့ ဥပဒေ မဟုတ်တော့ဘဲနဲ့ တကယ့် စားသုံးသူတွေဘက်က ရပ်တည်တဲ့ အဖွဲ့အစည်း တွေနဲ့ပါ တိုင်ပင်ပြီး သေချာရေးထားတဲ့ ဥပဒေဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယခင်ဥပဒေမှာ နည်းဥပဒေ မထွက်ခဲ့သည့် အတွက် ဥပဒေပိုင်းဆိုင်ရာတွင် ပြည့်စုံခြင်း မရှိကြောင်း၊ ယခု ဥပဒေအသစ် ရေးဆွဲသည့် အခါ၌ သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံး၏ ညှိနှိုင်းဆောင်ရွက် တိုက်တွန်းချက်များကြောင့် ရဲအရေးပိုင်သည့် ဥပဒေဖြစ်လာနိုင်သည့် အတွက် လုပ်ငန်း ဆောင်ရွက်ရာတွင် ပိုမိုလေးစားလိုက်နာ ဆောင်ရွက်မှုများ ရှိလာနိုင်ကြောင်း၊ ယခင်ဥပဒေ အဟောင်းမှာ ရဲ အရေးမပိုင်သည့် ဥပဒေ ဖြစ်သည့် အတွက် ချမှတ်နိုင်သည့် ပြစ်မှုမှာ ၃ နှစ်ခန့်သာ ဖြစ်ကြောင်း ဦးမောင်မောင်က ပြောသည်။
ဒုတိယဝန်ကြီး ဦးအောင်ထူးက “အာဆီယံ စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာ လမ်းညွှန်ချက်တွေ၊ အာဆီယံနိုင်ငံတွေရဲ့ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေတွေကို လေ့လာခဲ့ပြီး အာဆီယံနိုင်ငံတွေနဲ့ လိုက်လျောညီထွေရှိပြီး မိမိတို့နိုင်ငံနဲ့လည်း ကိုက်ညီမယ့် အချက်တွေကို ထည့်သွင်းရေးဆွဲခဲ့ပါတယ်” ဟု ဆိုသည်။
အသစ်ပြန်လည်ရေးဆွဲထားသည့် ဥပဒေကြမ်းကို ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူများနှင့်လည်း အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု ၎င်းကဆိုသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင် ဦးနေမျိုးထွန်းက “ကုန်စည်နှင့် ဝန်ဆောင်မှု၏ အဓိပ္ပာယ်ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ထားတယ်။ အခန်းတွေလည်း တိုးချဲ့ထားတယ်။ အရင်တုန်းက လုပ်ငန်းရှင်ကို အရေးယူနိုင်မယ့် ဥပဒေက ကျယ်ကျယ်ပြန့်ပြန့် မရှိဘူး။ စားသုံးသူက တခုခုဖြစ်ပြီဆိုရင် လုပ်ငန်းရှင်နဲ့ တင်သွင်းဖြန့်ဖြူးသူကို အရေးယူနိုင်မယ့် ဥပဒေ ထည့်သွင်းရေးဆွဲထားပါတယ်” ဟု ပြောသည်။
ဥပဒေကြမ်းကော်မတီ စိစစ်ချက်များတွင် အခန်း ၂၅၊ အပိုဒ် ၇၅ (ခ) အရ အဆိုပါ ပြစ်မှုထင်ရှား စီရင်ခြင်းခံရသူသည် ပုဒ်မ ၆၈ ပါ တားမြစ်ချက် တရပ်ရပ်ကို ထပ်မံကျူးလွန်းကြောင်း ပြစ်မှုစီရင်ခြင်းခံရလျှင် ထိုသူကို ၂ နှစ် ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ ကျပ်သိန်း ၁၅၀၀ ( ထောင့်ငါးရာ) ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ၂ ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဟူ၍ ပြဌာန်ထားသည်။
ပြည်သူ့ လွှတ်တော် ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင်၊ ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် အဆိုပါ ဥပဒေကြမ်းကို ရည်မှန်းချက် ၇ ချက်ဖြင့် ရေးဆွဲ အကောင်အထည် ဖော်ခဲ့ဖြင်းဖြစ်ကြောင်း အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းစဉ် ပြောကြားခဲ့သည်။
ရည်မှန်းချက် ၇ ချက် အတွင်း စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှု ရှိစေရေးတို့အတွက် အာမခံချက် ပေးနိုင်သော အရည်အသွေး မြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင် ဖြည့်ဆည်းနိုင်စေရန်၊ စာသုံးသူ ကာကွယ်ရေးနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်ဘက်မှလည်း လိုက်နာဆောင်ရွက်လာနိုင်စေရန်၊ စားသုံးသူတို့အား ဘေး အန္တရာယ် ကင်းရှင်းမှုမရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့် ယင်းတို့ကို သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသော နစ်နာဆုံးရှုံးမှုများကို ကာကွယ် ပေးနိုင်ရန်၊ စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များ အားကောင်းခိုင်မာမှု ရှိစေရန်အတွက် စီမံ ဆောင်ရွက် ပေးမှုများနှင့် ထိန်းကြောင်းမှုများ ဆောင်ရွက်ပေးနိုင်ရန်တို့ ပါဝင်သည်။
အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ပြင်ဆင်လိုသော ဥပဒေအပိုဒ်၊ အပိုဒ်ခွဲများကို တိတိကျကျဖော်ပြ၍ လာမည့် သြဂုတ်လ ၁ ရက်နေ့ နောက်ဆုံးထား၍ အမည်စာရင်း ပေးသွင်းနိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေညာခဲ့သည်။