သတင်း

စစ်တွေ မြို့ပြစီမံကိန်းကိစ္စဖြေရှင်းပေးရန် ဒေသခံများ တောင်းဆို

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် စစ်တွေမြို့၏ အနောက်ဖက် Waterfront New City Project မြို့ပြ စီမံကိန်း လုပ်ဆောင်သည့် ကုမ္ပဏီ မှ မြေများကို အကွက်ရိုက် ရောင်းချခဲ့ပြီးမှ ငွေပြန်အမ်းလာသည့် အပေါ် ဖြေရှင်းပေးရန် ဝယ်ယူခဲ့သော ဒေသခံများ က ဇူလိုင်လ ၃၀ ရက်တွင် ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြ တောင်းဆိုထားကြောင်း သတင်း ရရှိသည်။

အဆိုပါ Waterfront New City Project မြို့ပြ စီမံကိန်းကို ရခိုင်ပြည်နယ် အစိုးရနှင့် ကိုးရီးယား အခြေစိုက် BXT ကုမ္ပဏီ တို့ အကျိုးတူ ပူးပေါင်း၍ မြို့၏ အနောက်ဖက် မြစ်ကမ်းကို မြေဖို့ကာ အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။

မြေကွက်ဝယ်ယူခဲ့သူ စစ်တွေမြို့ခံ ဦးလှမောင်သိန်းက “ကျနော်တို့ကို ဒီလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ငွေကို ပြန်လာ ထုတ်ပါ ဆိုပြီး BXT ကုမ္ပဏီက အကြောင်းကြားလာပါတယ်။ မြေကွက်ကို နိုင်ငံပိုင် သတင်းစာတွေမှာ ကြော်ငြာပြီးတော့ ရောင်းတာပါ။ ရောင်းပြီးမှ ဒီလိုမျိုး အရောင်းအဝယ် ပျက်တယ် ဆိုပြီးတော့ တဖက်သက် ငွေပြန်အမ်းလာတာကို ကျနော် တို့ လက်မခံနိုင်တဲ့ အတွက် အစိုးရအနေနဲ့ ဖြေရှင်းပေးဖို့ အကူအညီ တောင်းခံထားတာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယင်းသို့ ကုမ္ပဏီဘက်က မြေကွက် ရောင်းချငွေများကို ပြန်လည် ထုတ်ယူရန် အကြောင်းကြားစာများ ပေးပို့ထားသော် လည်း မြေကွက် ဝယ်ယူခဲ့သူများအနေနှင့် ငွေပြန်လည် ထုတ်ယူမည် မဟုတ်ဘဲ ရောင်းချခဲ့စဉ် အတွင်းက သဘောတူညီ ချက်အတိုင်း မြေကွက် လက်ဝယ် ရရှိရေး အစိုးရအဖွဲ့အနေဖြင့် ဖြေရှင်းပေးရန် တောင်းဆိုထားကြကြောင်း သိရသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ် မြေယာ စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သူ စိုက်ပျိုးရေးဝန်ကြီး လည်း ဖြစ် သူ ဦးကျော်လွင်က ကုမ္ပဏီအနေဖြင့် မြေကွက် ရောင်းချပိုင်ခွင့်မရှိကြောင်းနှင့် လက်ရှိ ဖြစ်ပွားနေသော ပြဿနာမှာ ရောင်းသူနှင့် ဝယ်သူ နှစ်ဖက်ကြားက ပြဿနာ တခုသာ ဖြစ်သည်ဟု ဆိုသည်။

ဝန်ကြီး ဦးကျော်လွင်က “BXT ကုမ္ပဏီသည် နိုင်ငံခြားသား ဖြစ်တဲ့ အတွက် မြေရောင်းလို့မရဘူး။ ဒီမြေကို ဝယ်ပါလို့လည်း ဝယ်တဲ့လူတွေကို အစိုးရက တိုက်တွန်းတာ မရှိခဲ့ဘူး။ မြေကွက် ဝယ်တဲ့သူတွေကတော့ ဖြေရှင်းပေးဖို့ စာလာတင်ပေမယ့် ဒီကိစ္စက အစိုးရနဲ့ မဆိုင်ဘူး။ ကျနော်တို့ဘက်က လုပ်ပေးနိုင်တာကတော့ ရောင်းသူနဲ့ ဝယ်သူတို့ နှစ်ဖက် ပြဿနာ မဖြစ် အောင် ညှိနှိုင်းဖြေရှင်းဖို့လောက်ပဲ ပြောပေးနိုင်မယ်” ဟု ဧရာဝတီသို့ ပြောသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံနှင့် BXT ကုမ္ပဏီမှ တာဝန်ရှိသူတို့ က ရန်ကုန်မြို့၌ မီဒီယာများနှင့် တွေ့ကာ Waterfront New City Project မြို့ပြ စီမံကိန်း နှင့် ပတ်သက်သော ရှင်းလင်းပွဲ ပြုလုပ်ပြီးသည့်နောက်၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၆ ရက်မှ စတင်ကာ BXT ကုမ္ပဏီက မြေ ကွက်များကို အကွက်ရိုက် ရောင်းချခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မြေကွက် ရောင်းချစဉ်က အရောင်းပြပွဲကြီးများ ပြုလုပ်ကာ ရောင်းချခြင်း ဖြစ်ပြီး စီမံကိန်းမှာလည်း အစိုးရအဖွဲ့နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းဖြစ်သဖြင့် ယုံယုံကြည်ကြည်ဖြင့် ဝယ်ယူကြခြင်း ဖြစ်ကြောင်း မြေကွက် ဝယ် ယူထားသည့် ဒေသခံများမှ ပြောဆိုကြသည်။

သို့သော် အစိုးရနှင့် အကျိုးတူ လုပ်ဆောင်ထားသည့် စီမံကိန်းဖြစ်သည့်အတွက် စီမံကိန်း မပြီးဆုံးခင်အထိ ရောင်းချခွင့်မရှိကြောင်း၊ စီမံကိန်းပြီးမှသာ အစိုးရကို လက်ဝယ်ပြန်အပ်ပြီး စီမံခန့်ခွဲမည်ဖြစ်ကြောင်း သိရသည်။

မြေကွက် ဝယ်ယူခဲ့သူ ဦးလှမောင်သိန်း က “မြေကွက် ရောင်းချပွဲကိုလည်း နိုင်ငံပိုင် သတင်းစာတွေမှာ ကြော်ငြာပြီးတော့ နိုင်ငံကျော် အရောင်းပြပွဲကြီး လုပ်ပြီး ရောင်းခဲ့တာပါ။ အဲဒါကြောင့် ကျနော်တို့ ငွေကို ပြန်လည်း ထုတ်ယူဖို့ အစီအစဉ် မရှိပါ ဘူး” ဟု ဆိုသည်။

BXT ကုမ္ပဏီသည် ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်း မြေကွက်များကို ရောင်းချခဲ့စဉ်က စီမံကိန်း ဧရိယာ အတွင်း A၊ B၊ C အုပ်စု များခွဲ၍ ၁ ပေ ပတ်လည် မြေကွက်ကို ငွေကျပ် ၆ သောင်း၊ ၅ သောင်း စသည်ဖြင့် ဈေးနှုန်းများကို သတ်မှတ်ကာ ရောင်းချ ခဲ့ပြီး ဝယ်ယူသူများ အနေဖြင့် စရံငွေ အဖြစ် ငွေကျပ် ဆယ်သိန်းကိုလည်း ပေးသွင်းခဲ့ရသည်ဟု ဝယ်သူများက ပြောသည်။

ယင်းသို့ စရံငွေ ကျပ် ၁၀ သိန်း ပေးချေရသည့် နောက်ပိုင်း BXT ကုမ္ပဏီဘက်မှ ဖေဖော်ဝါရီလ ၁၃ ရက်နေ့စွဲဖြင့် ထပ်မံ၍ မြေကွက် တန်ဖိုးစုစုပေါင်း ကျသင့်ငွေ၏ ၃၀ ရာခိုင်နှုန်းကို ပေးသွင်းရန် အကြောင်းကြားလာခဲ့သော်လည်း စီမံကိန်း၏ မြေပြင် အခြေအနေမှာ ရောင်းချစဉ်က ကြော်ငြာ ဒီဇိုင်းဆွဲပြီး ပြသသည့် အနေအထားမျိုး မဟုတ်သည့် အပြင် မြို့ပြ အင်္ဂါရပ်နှင့် အညီ အကောင်အထည် ဆောင်ရွက်ချက် တခုမှ မရှိသည့် အတွက် မြေကွက် ရောင်းချခဲ့သော ကုမ္ပဏီနှင့် မြေကွက် ဝယ်ယူခဲ့သူတို့ ကြားတွင် မပြေလည်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းသို့ မပြေလည်မှုများ ဖြစ်ပေါ်ခဲ့သည့် အတွက် Waterfront New City Project မြို့ပြစီမံကိန်း မြေကွက်များအား BXT ကုမ္ပဏီ အနေဖြင့် ဆက်လက်၍ ရောင်းချခြင်း မပြုရန် ပြည်နယ် အစိုးရအဖွဲ့ ဖေဖော်ဝါရီလ ၁၄ ရက် ရက်စွဲဖြင့် ညွန်ကြား ခဲ့ပြီး မြေကွက် ဝယ်ယူသော ဒေသခံများကလည်း ရောင်းချသည့် အချိန်အခါ ဒီဇိုင်းဆွဲပြထားသည့် အတိုင်း စီမံကိန်းအား မြို့ပြ အင်္ဂါရပ်နှင့် အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြသည်။

စစ်တွေမြို့၏ အနောက်ဖက် မြစ်ကမ်ဘေးအား မြေဖို့ပြီး တည်ဆောက်မည့် Waterfront New City Project မြို့ပြစီမံ ကိန်းကို၂၀၁၆ ခုနှစ် မတ်လ ၁၆ ရက်နေ့က စတင် အကောင်အထည် ဖော်ခြင်းဖြစ်ကာ ထွက်ပေါ်လာမည့် ဧက ၉၀ ခန့် ကိုလည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ၃၀ ရာခိုင်နှုန်းနှင့် BXT ကုမ္ပဏီက ၇၀ ရာခိုင်နှုန်းဖြင့် အကျိုးတူ ပူးပေါင်း ဆောင် ရွက်ခြင်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading