မဲဆွယ်အပြုံး အမည်ရ သရော်စာ ဖော်ပြသည့် တနင်္သာရီ အပတ်စဉ် ဂျာနယ်အား တနင်္သာရီတိုင်း အစိုးရအဖွဲ့က တရားစွဲ ဆိုထားသည့် အမှုအား ချေဖျက်ပေးရန် စွပ်စွဲခံရသူ၏ လျှောက်ထားချက်ကို တနင်္သာရီတိုင်း ဒေသကြီး တရားလွှတ်တော် က ပလပ်(ပယ်ချ) လိုက်ကြောင်း သိရသည်။
ယင်းအမှုအား ချေဖျက်(ပယ်ဖျက်) ပေးရန် တနင်္သာရီတိုင်း ဒေသကြီး တရားလွှတ်တော်သို့ မေ ၂၁ ရက်က တင်ခဲ့ရာ လက်ခံခဲ့ကာ ဇွန် ၁၂ ရက်၌ နှစ်ဖက် လျှောက်လဲချက်ပေးပြီးနောက် ယနေ့ ဇူလိုင် ၃၁ တွင် ယင်းသို့ အမိန့် ချမှတ်လိုက် ခြင်းဖြစ်ကြောင်း တနင်္သာရီ ဂျာနယ်ဘက်မှ အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေများက ရှင်းပြသည်။
ယင်းသို့ ပယ်ချလိုက်သည့် အတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်(နေပြည်တော်)သို့ အမှုတွဲ ချေဖျက်ရေး ဆက် လက် လျှောက်ထားရန် စွပ်စွဲခံရသူဘက်မှ စီစဉ်နေကြောင်း သိရသည်။
ဂျာနယ်ဘက်မှ လိုက်ပါ ဆောင်ရွက်ပေးသည့် အထက်တန်းရှေ့နေ ဒေါ်အေးမွန်သူက “ကျမတို့ လျှောက်ထားချက်ကို ပလပ် လိုက်တယ်။ ဒါကြောင့် စီရင်ချက် အမိန့်ကို ကူးထားပြီး နေပြည်တော်တက်ဖို့ စီစဉ်နေပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ဆက်လက်၍ ၎င်းက စွပ်စွဲခံရသူဘက်မှ အမှုတွဲ ချေဖျက်ပေးရန် တင်ပြချက်သည် ပြည့်စုံမှုရှိကြောင်း၊ မည်သည့်အကြောင်း ကြောင့် ပလပ်ခံရသည်ကို စီရင်ချက်နှင့် အမိန့် မိတ္တူ ရရှိမှ အတိအကျ ပြောနိုင်မည် ဖြစ်ကြောင်း ရှင်းပြသည်။
တနင်္သာရီ အပတ်စဉ် တာဝန်ခံ အယ်ဒီတာ ဦးမျိုးအောင်က “ဒီအမှုမှာ တနင်္သာရီ အပတ်စဉ်က ရင်ဆိုင်နေရပေမယ့် မီဒီ ယာလောက တခုလုံးနဲ့လည်း သက်ဆိုင်တယ်လို့ ယုံကြည်တယ်။ ပြီးတော့ လွတ်လပ်စွာ ထုတ်ဖော် ရေးသားခွင့် ပြောဆို ခွင့်ဆိုတဲ့ စံနှုန်းတွေ အရ အမှုကို ချေဖျက်သင့်တယ်လို့ ယုံကြည်တယ်။ ယုံကြည်တဲ့ အတိုင်းပဲ ဥပဒေကြောင်း အရ လုပ်လို့ ရတာတွေ လုပ်သွားမယ်” ဟု ဆိုသည်။
တနင်္သာရီ အပတ်စဉ်၌ ဖော်ပြခဲ့သည့် ကလောင်ရှင် မူးဆေးအိုး၏ “မဲဆွယ်အပြုံး” ခေါင်းစဉ်ဖြင့် ရေးသားသည့် သရော်စာ သည် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေသည် ဟုဆိုကာ အရေးယူပေးရန် ၂၀၁၇ နိုဝင်ဘာ ၂၃ တွင် တိုင်းအစိုးရ အဖွဲ့ရုံး ဒု ညွှန်ကြားရေးမှူးက ထားဝယ်မြို့နယ် တရားရုံးကို ဦးတိုက် လျှောက်ထားခဲ့ပြီး သတင်း မီဒီယာ ဥပဒေ ပုဒ်မ၂၅(ခ)ဖြင့် တရားစွဲဆိုရန် မြို့နယ်တရားရုံးက ဒီဇင်ဘာ ၂၁ ရက်တွင် ဆုံးဖြတ်ခဲ့သည်။
ယင်းအမှုကို မြို့နယ် တရားရုံးတွင် ၁၄ ကြိမ်မြောက် ရုံးချိန်း စစ်ဆေးပြီးချိန်၌ စွပ်စွဲခံရသည့် တနင်္သာရီ ဂျာနယ်ဘက်က အမှု ချေဖျက်(ပယ်ဖျက်)ပေးရန် တိုင်းတရား လွှတ်တော်ကို လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
တိုင်းတရားလွှတ်တော်၏ ဆုံးဖြတ်ချက်သည် မီဒီယာ၊ လူ့အခွင့်အရေး စံချိန်စံညွှန်းများ အရ မှန်ကန်မှုမရှိဟု ယူဆကြောင်း ဂျာနယ်ဘက်မှ အမှုလိုက်ပါ ဆောင်ရွက်ပေးသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ဇာနည်စိုး က မှတ်ချက်ပြုသည်။
“စွပ်စွဲခံရသူဘက်က ဒီအမိန့်ကို လက်ခံပြီး ပြည်ထောင်စု တရားလွှတ်တော်ကို မတက်ဖြစ်ဘူး ဆိုရင်တော့ အမှုကို ရောက် ရှိတဲ့ အဆင့်ကနေ ပြန်ပြီး ဆက်စစ်ရမှာ။ အမှုသဘော အရ အမိန့်ချပြီးရင် မြို့နယ် တရားရုံးကို ပြန်ချပေးတယ်ဆိုတော့ ချပေးတဲ့အတောအတွင်း မြန်မြန်ဆန်ဆန် တက်မယ်ဆို အမှုက ရပ်နေမယ်။ နောက်ကျမယ်ဆိုရင်တော့ အမှုက မြို့နယ် တရားရုံးမှာလည်း ဆက်စစ်ဖို့ ရှိတယ်” ဟု အမှုဖြစ်စဉ်နှင့် ပတ်သက်၍ ၎င်းက ရှင်းပြသည်။
တိုင်းအစိုးရက တနင်္သာရီ အပတ်စဉ်ဂျာနယ်သည် မီဒီယာကျင့်ဝတ် မလိုက်နာ၍ ဟူသော အကြောင်းပြချက်ဖြင့် တာဝန်ခံ အယ်ဒီတာအား တရားစွဲဆိုခြင်း ဖြစ်ကြောင်း တရားလိုဖြစ်သူ တိုင်းအစိုးရ အဖွဲ့ရုံး ဒုညွှန်ကြားရေးမှူး ဦးအေးလူက ဧရာဝတီကို ပြောဆိုထားသည်။
တနင်္သာရီ အပတ်စဉ် ဂျာနယ်သည် တနင်္သာရီတိုင်း အခြေစိုက် ဖြန့်ဝေသည့် ဂျာနယ်တခုဖြစ်ပြီး NLD အစိုးရ လက်ထက် အတွင်း တနင်္သာရီတိုင်း၌ သတင်းမီဒီယာကို ပထမဆုံး တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်– တနင်္သာရီ ဂျာနယ်အမှု ချေဖျက်ပေးရန် လျှောက်လဲချက်တင်