တရုတ်နိုင်ငံ အခြေစိုက် ကျယ်ကျန်း ဟွာဟိုင် ဆေးဝါးလုပ်ငန်းမှ ထုတ်လုပ်သည့် ဘယ်ဆာတန် သွေးကျဆေးနှင် နှလုံး ဆေးများသည် ကင်ဆာရောဂါ ဖြစ်စေသည့် အရာများပါဝင်သည့်အတွက် သုံးစွဲခြင်းမှ ရှောင်ရှားရန် တရုတ်ကျန်းမာ ရေး အာဏာပိုင်များက ယမန်နေ့က ထုတ်ပြန်လိုက်သည်။
ဘယ်ဆာတန် ဆေးတွင် ကင်ဆာဖြစ်စေနိုင်သော အရာများပါဝင်ကြောင်း ဥရောပ ဆေးဝါးအေဂျင်စီ ကတွေ့ရှိပြီးနောက် အမေရိကန် ပြည်ထောင်စုတွင် ရောင်းချနေသော ဘယ်ဆာတန်ဆေးများကို ပြန်လည်သိမ်းဆည်းခဲ့ကြောင်း အထက်ပါ တရုတ်ဆေးဝါးလုပ်ငန်းက ဇူလိုင်လ အစောပိုင်းတွင် ကြေညာခဲ့သည်။
ယင်း ဆေးဝါးများကို ရောဂါရှာဖွေကုသရာတွင် မသုံးသင့်ကြောင်း တရုတ်နိုင်ငံ အမျိုးသားကျန်းမာ ရေးနှင့် မိသားစုစီမံကိန်း ကော်မရှင်၏ အင်တာနက်စာမျက်နှာတွင် သတိပေး ထုတ်ပြန်ထားသည်။
ထိုဆေးများကို အမေရိကန်ပြည်ထောင်စုနှင့် ဥရောပမှ ပြန်လည်ရုပ်သိမ်းခဲ့ပြီဖြစ်ပြီး ဟွာဟိုင် ဆေးဝါး လုပ်ငန်းသည် ဆေး ထုတ်လုပ်ရာတွင် သုံးသည့် ကုန်ကြမ်းများကို တရုတ်နိုင်ငံတွင်လည်း ပြန်လည် ရုပ်သိမ်းခြင်း ဆောင်ရွက်ပြီးဖြစ်ကြောင်း တရုတ် ကျန်းမာရေး အာဏာပိုင်များကပြောသည်။
ဟွာဟိုင်ဆေးဝါးလုပ်ငန်းက ထုတ်လုပ်သော ဘယ်ဆာတန် ဆေးကို သုံးသည့် တရုတ်ကုမ္ပဏီ ခြောက်ခုရှိကြောင်း တရုတ် ကျန်းမာရေး အာဏာပိုင်များက ဖော်ပြထားပြီး ထိုကုမ္ပဏီများအနက် ၅ ခုသည်ဈေးကွက်တွင် ထုတ်ကုန်များ ရှိနေသော ကြောင့် ပြန်လည် သိမ်းဆည်းရန် ညွှန်ကြားခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
ဆဌမမြောက် ကုမ္ပဏီဖြစ်သော ကျုကျုတ် ချန်ကျင် ဆေးဝါးလုပ်ငန်း မှာမူ ၎င်းတို့၏ ထုတ်ကုန်များ ကို တင်ပို့ရခြင်းမရှိ သေးကြောင်း၊ ဟွာဟိုင် ကုမ္ပဏီထုတ် ဘယ်ဆာတန် ဆေးများကို ဇူလိုင်လ အစောပိုင်းကပင် ပြန်လည်ပေးပို့ခဲ့ကြောင်း၊ ၎င်းတို့၏ မည်သည့် ထုတ်ကုန်မျှ ဈေးကွက်မှ ပြန်လည်သိမ်းဆည်းရန် မလိုကြောင်း ကြေညာထားသည်။
ဟွာဟိုင်ဆေးဝါးလုပ်ငန်းကမူ ၎င်းတို့၏ ထုတ်ကုန်များတွင် ကင်ဆာဖြစ်စေနိုင်သော NDMA ပါဝင်ခြင်းမရှိကြောင်းနှင့် အလားတူဖြစ်ရပ်မျိုး မဖြစ်ပွားရေးအတွက် ထုတ်လုပ်မှုစနစ်များ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်မည်ဖြစ်ကြောင်း ဇူလိုင်လ ၃၀ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။