ပဲခူးတိုင်း ဒေသကြီး၊ ရွှေကျင်မြို့နယ်၌ ရေကြီးသဖြင့် လယ်ယာမြေ အများအပြား ပျိုးထောင်စ အချိန်၌ နစ်မြုပ် ပျက်ဆီး ခဲ့ရမှုကြောင့် လယ်သမားများ အကြွေးတင်မည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံ လယ်သမားအချို့ထံမှ သိရသည်။
ရွှေကျင် မြို့နယ်၊ ညောင်ပင်ကြီး ကျေးရွာရှိ လယ်မြေများ ပျိုးကျဲ မြေသြဇာကျွေးပြီးချိန်၌ ရေနစ်မြုပ်သဖြင့် ပျက်ဆီး ဆုံးရှုံး ခဲ့ရကြောင်း ဒေသခံ တောင်သူ တဦးဖြစ်သူ ဦးကျော်ဆန်းဝင်း က ဧရာဝတီသို့ ပြောသည်။
“ရေမြုပ်တာက ၅ ရက် ၆ ရက်လောက် ရှိပြီ။ ဒီနှစ် ၁ ဧကကို ၁ သိန်းခွဲလောက်တော့ ဆုံးရှုံးတယ်။ မျိုးစေ့၊ ထွန်းယက်ခတို့။ ကျဲခင်းတွေမို့လို့ပေါ့။ စိုက်ခင်းတွေ ဆိုရင် ဘယ်ကမလဲ ဆေးဖြန်းတာတို့ ပေါင်းသတ် ဆေးဖြန်းတာတို့။ ကျနော်တို့ မြေသြ ဇာ ကျွေးပြီးမှ မြုပ်တာ” ဟု ၎င်းက ဆိုသည်။
အဆိုပါ ရွှေကျင်မြို့နယ်ရှိ ကျေးရွာများတွင် ဇူလိုင်လ၂၅ ရက်မှ စတင်၍ ရေဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး ဇူလိုင်လ ၃၀ ရက်၌ ရေအနည်းငယ် ကျသွားသော်လည်း အိမ်များ၊ လမ်းနှင့် လယ်ယာမြေများ ရေနစ်မြုပ်နေဆဲပင် ဖြစ်သည်။
ဝိုင်ပျဉ်ရေ ကျေးရွာနေ မမေပုလဲဝါကလည်း “အစိုးရဆီက ပိုက်ဆံတွေ ချေးရတယ်။ ၇ ဧက ရှိတော့ ၁၀ သိန်းလောက် ရတယ်။ အခု သူများဆီက ချေးရတော့မှာပေါ့။ ပိုက်ဆံတွေ အကြွေးတွေ တင်သွားတော့ ဆက်ယူဆက်ယူနဲ့ အကြွေး တွေက ဘယ်လိုမှ မဆက်နိုင်တော့ဘူး။ အခု လယ်တွေမြုပ်သွားပြီဆိုတော့ ပိုဆိုးသွားပြီပေါ့” ဟု ဆိုသည်။
မြစ်ရေ ရုတ်တရက် မြင့်တက်လာကာ ရေကြီးမှုကို ကြုံတွေ့ရခြင်း ဖြစ်သောကြောင့် ကြိုတင် ပြင်ဆင်ချိန် မရသဖြင့် ဆုံးရှုံးမှု ပိုမိုများပြားကြောင်း ဒေသခံများက ပြောဆိုသည်။
ညောင်ပင်ကြီး ကျေးရွာနေ မသင်းပပစိုးက “ဒီ ၃၊ ၄ နှစ်မှာတော့ ရေသိပ်မလာတော့ လူတွေက ပေါ့ပြီး လှေတောင် မဖာတဲ့ သူ မဖာဘူး။ အရင်ကဆို ဝိရီယနဲ့ပေါ့။ ရေသိပ်မကြီးတော့ဘူး ဆိုပြီး စပါးတွေလည်း ကျဲကြတယ်။ ဒီနှစ်တော့ အကြိုက်ကျဲ ထားတာ သိပ်မကြီးဘူး ဆိုပြီးတော့ ကြီးလည်း မြန်မြန်ကျသွားမယ် ဆိုပြီးတော့လေ။ အခုတော့ အကုန်မြုပ် ကုန်ပြီ” ဟု ပြောသည်။
မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းမှုကြောင့် စစ်တောင်းမြစ်ရေနှင့် ပဲခူးမြစ်ရေတို့် မြင့်တက်ခဲ့ပြီး ရွှေကျင်မြို့ အပါအဝင် ပဲခူးတိုင်း အတွင်းရှိ အိမ်ထောင်စု ၁၆၀၀၀ နီးပါးနှင့် လူဦးရေ ၇၇၀၀၀ ကျော် ရေဘေးသင့်နေကြောင်း သိရသည်။
ရွှေကျင်မြို့နယ်တွင် လယ်မြေဧက ၄၅၃၀၅ ဧက ရှိသည့် အနက် လယ်ဧက၂၅၅၀၀ ရေမြုပ်နေကြောင်း ရွှေကျင်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနက ဇူလိုင်လ ၃၁ ရက် အထိ ကောက်ယူ ရရှိသော စာရင်းများ၌ ဖော်ပြထားသည်။
ရွှေကျင်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သက်သက်ခိုင်က “စိုက်ပျိုးရေး အရ ပျက်တယ် ဆိုရင် စပါးက မထွက် လာလို့ မဖြစ်ဘူးလေ။ မဖြစ်တဲ့အတွက်ကြောင့်မို့ ရတဲ့နည်းနဲ့ ရက်တိုစပါးပဲ ဖြစ်စေ၊ ရေကျ နောက်စိုက်ပဲဖြစ်စေ မျိုးပြန်ယူ မယ်။ တောင်သူနဲ့ ပူးပေါင်းပြီးတော့ လူထုလုပ်အားပေးနဲ့ ဖြစ်စေ အစီအစဉ်တွေ ဆွဲပြီး စီမံချက် ကမ်ပိန်း သဘောနဲ့ ဒီ လယ်တွေ ပြန်ရရေး အတွက် လုပ်ရမယ့် ကိစ္စ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်တောင်းမြစ် ရေကြီးမှုကြောင့် ရွှေကျင်မြို့နယ် အတွင်း ရပ်ကွက် ကျေးရွာအုပ်စုပေါင်း ၁၇ ရွာ၊ အိမ်ထောင်စုပေါင်း ၅၇၆၈ စု၊ လူဦးရေ ၂၇၂၆၆ ဦး တို့အား ရေလွတ်ရာ နေရာသို့ ယာယီ ရွှေ့ပြောင်းထားပြီး စာသင်ကျောင်း ၇၀ ခန့်ကို ယာ ယီ ပိတ်ထားရကြောင်း ရွှေကျင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက သိရသည်။