ရန်ကုန် အခြေစိုက် နေ့စဉ်ထုတ် မြန်မာ သံတော်ဆင့် သတင်းစာအား ဇူလိုင် ၃၁ ရက်နေ့တွင် အမှတ်(၁၄၇) အဖြစ် နောက်ဆုံး ထုတ်ဝေ ပြီးနောက် ထုတ်ဝေမှု ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း သတင်းစာမှ တာဝန်ရှိသူ တဦးက ပြောသည်။
သတင်းစာ အနေနှင့် ဆက်လက် ရပ်တည်ရေး အတွက် ကြော်ငြာများ ရရှိမှု နည်းပါးလာချိန်တွင် စီးပွားရေး အခြေအနေ အရ ထုတ်ဝေမှု ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
မြန်မာ သံတော်ဆင့် သတင်းစာ၏ တာဝန်ရှိသူ တဦးက “သတင်းစာ အနေနဲ့ ကျနော်တို့ ၇ လတိတိ ရပ်တည်နိုင်ခဲ့ပါတယ်။ အခြေအနေ အရ သတင်းစာ ထုတ်ဝေမှုကို ရပ်နားလိုက်ရပေမယ့် မြန်မာသံတော်ဆင့် အမည်နဲ့ အပတ်စဉ် ဂျာနယ်က တော့ ဆက်လက် ထုတ်ဝေမှာပါ” ဟု ပြောသည်။
မြန်မာ သံတော်ဆင့် သတင်းစာကို ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင် ထုတ်ဝေခဲ့ခြင်း ဖြစ်ပြီး နေ့စဉ် သတင်းစာ စောင်ရေ ၁၀၀၀ နှင့် ၂၀၀၀ ကြား ရိုက်နှိပ် ထုတ်ဝေခဲ့ကြောင်း သိရသည်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၃ ခုနှစ်တွင် ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာများ ပြန်လည် ထုတ်ဝေခွင့်ပြုခဲ့ရာ သတင်းစာ ၃၁ စောင် ထုတ်ဝေခွင့် ရရှိခဲ့သည်။
မြန်မာနိုင်ငံ သတင်းနှင့် မီဒီယာ ကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော်က “ဒစ်ဂျစ်တယ် မီဒီယာခေတ်ကို သွားနေကြတဲ့ အခါမှာ ပုံနှိပ် မီဒီယာတွေ ရပ်တည် ရှင်သန်ဖို့၊ ဒစ်ဂျစ်တယ် ဘက်ကို အပြောင်းအလဲ လုပ်နိုင်ဖို့ကို အစိုးရ အနေနဲ့ ဘယ်လို ကူညီ ပေးနိုင်မလဲ ဆိုတာ ထည့်သွင်း စဉ်းစားဖို့ သင့်နေပါပြီ” ဟု ပြောဆိုသည်။
ပုံနှိပ် မီဒီယာများ တစတစ လျော့နည်းလာခြင်း၏ အကြောင်းအရင်းများတွင် အစိုးရ၏ ပံ့ပိုးမှု အားနည်းခြင်း၊ နိုင်ငံပိုင် သတင်း စာများက စီးပွားရေး အရ ကြော်ငြာများအား ဈေးကွက်ဝေစု အများစု ရယူထားခြင်းနှင့် အွန်လိုင်း မီဒီယာများ ဖွံ့ဖြိုး တိုးတက် လာခြင်းတို့ကြောင့် ဖြစ်ကြောင်း မြန်မာ သံတော်ဆင့် သတင်းစာ အယ်ဒီတာ တဦးကလည်း ပြောသည်။
အစိုးရ ဘတ်ဂျက်ဖြင့် ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ဝေလျက် ရှိသည့် နေ့စဉ်ထုတ် သတင်းစာများ အနေဖြင့် ကြော်ငြာ အရေအတွက် များစွာ လက်ခံရယူ နေခြင်းသည် ပုဂ္ဂလိက မီဒီယာများ ရှင်သန် ရပ်တည်ရေး အပေါ် သတ်နေသလို ဖြစ် ကြောင်းလည်း သတင်းမီဒီယာ အသိုင်းအဝိုင်းက ဝေဖန် ထောက်ပြနေကြသည်။
သတင်း အယ်ဒီတာ တဦးကလည်း “အစိုးရက ပုဂ္ဂလိက မီဒီယာတွေ ရှင်သန်အောင် ပံ့ပိုးရမယ့် အစား ဈေးကွက်ရှယ်ယာ ဝင်လု သလို လုပ်နေတော့ သတ်နေသလိုတောင် ဖြစ်နေပါတယ်။ မဏ္ဍိုင်တွေ အပြန်အလှန် ထိန်းကျောင်းဖို့က ပုဂ္ဂလိက မီဒီယာ တွေ အားကောင်းနေဖို့ လိုပါတယ်”ဟု ပြောကြားသည်။
၂၀၁၈ ခုနှစ် အတွင်း ရပ်နားခဲ့သည့် သတင်းစာနှင့် ဂျာနယ်များမှာ မတ်လ အတွင်း ရခိုင်ပြည်နယ် အစိုးရက ထုတ်ဝေနေ သည့် ရခိုင်ဂေဇက် သတင်း ဂျာနယ်၊ ဧပြီလ အတွင်း အလင်းတန်း အနုပညာ ဂျာနယ်၊ ဇွန်လတွင် နိရဉ္စရာ သတင်းဂျာနယ် နှင့် ပြည်သူ့ အရေး ဂျာနယ်၊ Flower News ဂျာနယ်တို့ ရပ်နားခဲ့ကြရသည်။
လက်ရှိ ထုတ်ဝေလျက်ရှိသည့် သတင်းစာ ဂျာနယ်များမှာ ၂၀၁၈ ခုနှစ် မေလ အထိ စာရင်းအရ သတင်းစာပေါင်း ၂၆ စောင်၊ ဂျာနယ် ၂၁၆ စောင်နှင့် မဂ္ဂဇင်း ၂၁၂ စောင် စာရင်းရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။