ဝရမ်းပြေးဖြစ်နေသူ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင့်လပ်ကို ထောင်ဒဏ် ၅ နှစ် ကျခံစေရေးအတွက် တရားခံလွှဲပြောင်း ပေး ရန် ဗြိတိသျှအစိုးရ၏ နိုင်ငံခြားရေးနှင့် ဓနသဟာယရုံးသို့ လန်ဒန်ရှိ ထိုင်းသံရုံးက တောင်းဆိုလွှာတစောင် ပေးပို့ခဲ့ကြောင်း ဘီဘီစီသတင်းဌာန၏ ထိုင်းဘာသာ ဝက်ဘ်ဆိုက်က ယနေ့ သတင်းဖော်ပြကြောင်း Thai PBS သတင်းက ဆိုသည်။
ယခင်ထိုင်းဝန်ကြီးချုပ်ဟောင်း ယင့်လပ်၏ အစိုးရသည် ဆန်စပါး အာမခံမှုနှင့်ဆက်စပ်၍ ထိုင်း တရားရုံးချုပ်၊ ရာဇဝတ်မှု ဌာနခွဲက နိုင်ငံရေးရာထူး ရယူခဲ့ဖူးသူများအပေါ် အမိန့်ချမှတ်ထားပြီး ဖြစ်သည်။
၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၅ ရက် ရက်စွဲတပ်ထားသည့် အဆိုပါတောင်းဆိုလွှာတွင် ဗြိတိန်နှင့် ထိုင်းတို့ အကြား ၁၉၁၁ ခုနှစ်၊ မတ်လ ၄ ရက်က ဘန်ကောက်မြို့တွင် လက်မှတ်ထိုးခဲ့သည့် တရားခံပြေး လွှဲပြောင်းပေးရေး သဘောတူညီချက်ကို ကိုးကား၍ ရေးသားထားသည်။
ထိုင်းအာဏာပိုင်များက အလိုရှိနေသည့် မစ္စယင်လပ်သည် ထိုင်းတရားရုံးချုပ်၏ နိုင်ငံရေးရာထူး ရယူဖူးသူများအပေါ် အမိန့်ချမှတ်မှုအရ ထောင်ဒဏ် ၅ နှစ်ကျခံရမည်ဖြစ်ကြောင်း၊ ၎င်းသည် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၅၇ နှင့် အကျင့် ပျက်ခြစားမှု ကာကွယ်ရေးနှင့် နှိမ်နင်းရေး B.E 2442 (၁၉၉၉) အက်ဥပဒေ ပုဒ်မ ၁၂၃/၁ တို့ကို ချိုးဖောက်ခဲ့ကြောင်း အဆိုပါတောင်းဆိုလွှာတွင် ဖော်ပြထားသည်။
ယင့်လပ်နှင့်ပတ်သက်သည့် ဖမ်းဝရမ်းကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက် ကတည်းက တရားရုံးမှ ထုတ်ခဲ့ကြောင်း ယင်းစာလွှာက ဆိုသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ နိုင်ငံခြားရေးဌာန ပြောခွင့်ရှိသူ ဘူဆဒီ ဆန်တီပီတက်ကို မေးမြန်းရာ ထိုင်းနိုင်ငံ၏ တရားဝင် ယူနစ်တခုက တရားခံ လွှဲပြောင်းရေး ဆောင်ရွက်နေကြောင်း ပြန်လည် ဖြေကြားသည်။
ဗြိတိသျှအစိုးရထံ တရားဝင်တောင်းဆိုလွှာ ပေးပို့သည့်ကိစ္စ ဆက်လက်မေးမြန်းရာ မစ္စဘူဆဒီက ယခုလတ်တလော ၎င်းအနေဖြင့် အင်ဒိုနီးရှားနိုင်ငံ၊ လတ်ဘော့ငလျင်တွင် ထိခိုက်ခဲ့သည့်ထိုင်းပြည်သူ များကို အကူအညီပေးနေ၍ ဖြေကြား ရန် အဆင်မပြေသေးကြောင်း တုံ့ပြန်သည်။
ဗြိတိသျှအစိုးရ နိုင်ငံခြားရေးနှင့် ဓနသဟာယရုံးသို့ ယင်းကိစ္စနှင့်စပ်လျဉ်း၍ မေးမြန်းရာ သဘော ထားမှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ပြီး ပြည်ထဲရေးရုံးသို့ မေးရန် ရည်ညွန်းကြောင်း ဘီဘီစီဝက်ဘ်ဆိုက်က ဆိုသည်။
ဗြိတိသျှအစိုးရပြည်ထဲရုံးက အီးမေးလ်ဖြင့် အကြောင်းပြန်ရာတွင် ၎င်းတို့ရုံးအနေဖြင့် ရည်ညွှန်းသူ ဖမ်းဆီးခံရသည့် တိုင်အောင် တရားခံ လွှဲပြောင်းရေး တောင်းဆိုလွှာကို ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ မူဝါဒနှင့် လုပ်ထုံးလုပ်နည်းအရ အတည်ပြုခြင်း (သို့မဟုတ်) ငြင်းပယ်ခြင်း မပြုနိုင်ကြောင်း တုံ့ပြန်ခဲ့သည်။