သတင်း

မန္တလေးတိုင်း အခွန်စည်းကြပ်မှု လျာထားချက် ပြည့်မီနိုင် ဟုဆို

Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ အခွန်ထမ်း ပြည်သူများထံ ကောက်ခံသော အခွန် စည်းကြပ်ကောက်ခံမှု လျာထားချက် ပြည့်မီနိုင်ကြောင်း မန္တလေးတိုင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလ အတွင်း ကြားကာလ ဘတ်ဂျက် (Mini Budget) အဖြစ် မန္တလေးတိုင်း၌ အခွန်စည်းကြပ် ကောက်ခံမှု လျာထားချက်သည် ကျပ် ၃၃ ဘီလီယံ ဖြစ်ပြီး ဇူလိုင်လယ် အထိ ကောက်ခံရရှိသော အခွန် ငွေ ၂၄ ဘီလီယံကျော် ရှိနေပြီ ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ဦးအောင်စိုးနိုင် က ပြော သည်။

ဦးအောင်စိုးနိုင် က “လျာထားချက်က ပြည့်မီနိုင်ပါတယ်။ သတ်မှတ် ဘတ်ဂျက်ကာလ ကုန်ဖို့ နှစ်လလောက် ကျန်သေး တယ်။ လက်ရှိ ရရှိထားတာက ၇၂ ရာခိုင်နှုန်း ကျော်နေပါပြီ။ အခွန် ကောက်ခံရာမှာ ကြို/ စည်း/ကြွေး ဆိုတာ ရှိတယ်။ နောက်ပြီး အခု သွားနေတာက အခွန်ထမ်း ပြည်သူတွေ ကိုယ်တိုင် အခွန်ထမ်းတဲ့ စနစ် (SAS) ကို သွားနေပါတယ်” ဟု ဧရာဝတီကို ပြောသည်။

အခွန်စည်းကြပ်ရာ၌ ကြိုတင်ခွန် ကောက်ခံခြင်း၊ အပြီးသတ် စည်းကြပ်ခြင်း၊ အခွန်ကြွေးကျန် ကောက်ခံခြင်း စသည် တို့ကို လုပ်ဆောင်လျက် ရှိသည့် အပြင် အခွန်ထမ်းပြည်သူများအား အခွန်ဆောင်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေး ရှင်းပြခြင်း၊ အခွန် ဆိုင်ရာ အသိပညာပေးခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

ဦးအောင်စိုးနိုင်က“အခွန်ကြွေးကျန်ရင် အပြီးရအောင် ကောက်ခံနေပါတယ်။ သတ်မှတ် ဘဏ္ဍာနှစ်အတွင်း ကောက်လို့ မရ ရင် နောက်နှစ်မှာ ဆက်ကောက်တယ်။ ကြွေးကျန်ရှိတဲ့ အခွန်ထမ်းကို အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးတယ်။ အဲဒီလို တွေ့ ဆုံ ဆွေးနွေး ရှင်းပြလို့ မရရင် နောက်ဆုံး အခြေအနေမှာ ဘာလုပ်ရမယ် ဆိုတဲ့ အမိန်နဲ့ ညွန်ကြားချက် ဆိုတာ ရှိပါတယ်။ ဒါပေမယ့် အဲဒီ နောက်ဆုံး အဆင့်ထိတော့ လက်ရှိ အချိန်အထိ ရောက်တာ မရှိသေးပါဘူး”ဟု ပြောဆိုသည်။

ယင်းသို့ ကောက်ခံလျက်ရှိသည့် အခွန်အမျိုးအစားများမှာ ဝင်ငွေခွန်၊ ကုန်သွယ်ခွန်၊ အထူးကုန်စည်ခွန်၊ သွင်းကုန် အတွက် လိုင်စင်ခွန်၊ သယ်ယူပို့ဆောင်ရေး အခွန်၊ ယစ်မျိုးခွန် အစရှိသည့် အမျိုးအစားတို့ ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းမှ ကိုမြတ်ထွဋ် က “စီးပွားရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး လိုင် စင်တွေ သက်တမ်းတိုးတော့မယ် ဆိုရင် ပြည်တွင်း အခွန်မှာ အခွန်ကြေမှ သက်ဆိုင်ရာဌာနတွေက သက်တမ်းတိုးပေးတယ်။ လုပ်ငန်းလုပ်မယ် ဆိုရင်လည်း သတ်မှတ် အခွန်ကို အကြေသွင်းပြီးမှသာ စည်ပင်က လုပ်ငန်းချပေးတာမျိုး ဆိုတော့ နောက် ပိုင်း လုပ်ငန်းလည်ပတ်ဖို့ အတွက် မဖြစ်မနေ ပြည်တွင်း အခွန်ကြွေးကျန် မရှိမှ ဖြစ်မယ်။ ဒါကြောင့် အခွန် ဆောင်မှ သာ အဆင်ပြေမယ့် အနေအထား ဖြစ်လာတယ်။ လက်ရှိ ကာလမှာ ဘယ်လုပ်ငန်းမဆို သတ်မှတ်ထားတဲ့ အခွန် ရှောင်နေရင် တော့ လုပ်ငန်းဆက်လုပ်လို့ မရတော့ဘူး”ဟု ပြောသည်။

အခွန်စည်းကြပ်မှု လျာထားချက် သတ်မှတ်ရာတွင် ယခင်နှစ်များက ကောက်ခံရရှိမှု အပေါ်မူတည်၍ သတ်မှတ်ခြင်း ဖြစ်ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် လျာထားချက် ကျပ် ၁၄၀ ဘီလီယံတွင် ၁၆၀ ဘီလီယံကျော် ရရှိခဲ့ကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာ ရေးနှစ်၏ လျာထားချက်မှာ ကျပ် ၁၇၆ ဘီလီယံဖြစ်ပြီး ကျပ် ၁၄၀ ဘီလီယံသာ ရရှိခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ပြည်တွင်း အခွန်များ ဦးစီးဌာနမှ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading