သတင်း

မြောက်ဦးလူငယ် ၈ ဦးအမှု စွဲချက်တင်သင့်၊ မတင်သင့် လျှောက်လဲမည်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မြောက်ဦးအဓိကရုဏ်း ဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးချုပ်နှောင် ခံနေရသော ရခိုင်လူငယ် ၈ ဦးအမှုတွင် တရားလိုပြ သက်သေ စစ်ဆေးမှု ပြီးစီးသွားပြီ ဖြစ်သည့်အတွက် လာမည့် သြဂုတ်လ ၁၃ ရက်နေ့ ရုံးချိန်းတွင် စွဲချက်တင်သင့်၊ မတင်သင့်ကို နှစ်ဘက်လျှောက်လဲချက် ပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြောက်ဦး အဓိကရုဏ်းဖြစ်စဉ်ကြောင့် ဖမ်းဆီးခံ လူငယ် ၈ ဦးအမှုကို သြဂုတ်လ ၁ ရက်နေ့ ညနေပိုင်းက ရုံးထုတ်ခဲ့ပြီး တရားလိုသက်သေလည်းဖြစ်၊ အမှုစစ် ရဲအရာရှိလည်းဖြစ်သူ မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲမှူး သန်းနိုင်စိုးကို စစ်ဆေးခဲ့ကြောင်းလည်း ၎င်းအမှုအား လိုက်ပါဆောင်ရွက်နေသော အထက်တန်းရှေ့နေ ဦးထွန်းအောင်ကျော်က ပြောသည်။

အထက်တန်းရှေ့နေ ဦးထွန်းအောင်ကျော်က “ဒီကနေ့ ရုံးချိန်းမှာ ကျနော်တို့ တရားလိုပြ သက်သေ ဖြစ်တဲ့ ဒုရဲမှူး သန်းနိုင်စိုးကို စစ်ဆေးခဲ့တယ်။ တရားလိုဘက်က တင်ပြထားတဲ့ လိုပြသက်သေတွေ စစ်ဆေးမှုပြီးစီးသွားပြီ ဆိုတော့ ကျနော်တို့ လာမည့်ရုံးချိန်းမှာ စွဲချက်တင်သင့်၊ မသင့် နှစ်ဘက် အပြန်အလှန်ပေးမယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယင်း မြောက်ဦးအဓိကရုဏ်းကြောင့် ဖမ်းဆီးခံလူငယ်များ၏ အမှုတွင် တရားလိုပြ သက်သေ အဖြစ် ၁၆ ဦး တင်ပြ ထားခဲ့ရာတွင် သက်သေ ၁၂ ဦး စစ်ဆေးမှု ပြီးစီးခဲ့သော်လည်း အရေးအခင်း ကာလအတွင်း မြောက်ဦး မြို့နယ်အတွင်း တာဝန်ထမ်းဆောင်ခဲ့သော ရှေးဟောင်းသုတေသနဌာနမှ ညွန်ကြားရေးမှူး ဦးညိမ်းလွင်၊ မြောက်ဦး ခရိုင်အုပ်ချုပ်ရေးမှူး အပါအဝင် လိုပြသက်သေ ၄ ဦးမှာ တခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပြောင်းရွှေ့ သွားသည့်အတွက် စစ်ဆေးခံရန် မလာရောက်နိုင်သဖြင့် တရားရုံး လုပ်ထုံး၊ လုပ်နည်းအတိုင်း ကော်မရှင်ဖွဲ့ စစ်ဆေးမည် ဖြစ်ကြောင်းလည်း သိရသည်။

“ဒီအမှုမှာ သက်သေက ၁၆ ဦး ရှိပါတယ်။ အဲဒီအထဲက ၄ ဦးက တခြား နေရာဒေသကို ပြောင်းရွှေ့သွားပြီး တာဝန် ကျသွားတယ်။ သူတို့ လာရောက် အစစ်ခံဖို့အတွက် မိုးရာသီလည်း ဖြစ်တယ်၊ ခရီးလမ်းကလည်း ဝေးလံတယ်ဆိုတော့ တရားရုံး လုပ်ထုံး၊ လုပ်နည်းအတိုင်းပဲ သူတို့ ရောက်နေတဲ့မြို့နယ် တရားရုံးတွေကနေ ဒီကြားထဲမှာ စစ်ဆေးပြီးတော့ အဲဒီ ထွက်ချက်တွေကို စစ်တွေ တရားရုံးကို ပို့မယ်” ဟု အထက်တန်းရှေ့နေ ဦးထွန်းအောင်ကျော်က ရှင်းပြသည်။

၎င်းလူငယ် ၈ ဦးကို ကြီးလေးသော ပုဒ်မဖြစ်သည့် ပြည်သူပိုင်အကျိုး ဖျက်ဆီးမှု ပုဒ်မ ၆ (၁) ဖြင့် တရားစွဲဆိုထားပြီး ယမန့်နေ့ ရုံးချိန်းတွင် အမှုရင်ဆိုင်နေရသော ၈ ဦးတွင် ၃ ဦးမှာ လက်ရှိအချိန်အထိ ချိုင်းထောက်ဖြင့်သာ လမ်းလျှောက် နေရဆဲ ဖြစ်ကြောင်း၊ လက်မောင်းသေနတ်မှန်သော လူငယ် တဦးမှာလည်း လက် ကွေးဆန့်မရသည့် အခြေ အနေတွင်သာ ရှိနေသေးကြောင်း သိရသည်။

ဖမ်းဆီခံလူငယ် တဦး၏ ဖခင်ဖြစ်သူ ဦးအေးမောင်သိန်းက “ကျနော်တို့မှာ အခက်အခဲတွေကလည်း အများကြီးပါ။ အလုပ်ပျက်အကိုင်ပျက်၊ ရုံးချိန်းလာရ ဆိုတော့ ရှာဖွယ်စားသောက်ဆိုကလည်း မရဘူးလေ။ ပြည်သူတွေ ဆန္ဒ ဖော်ထုတ်တာကို ပြည်သူ့ရဲက သေနတ်နဲ့ပစ်တယ်။ ရဲက ပစ်တာကို တခါ အစိုးရက တရားလိုလုပ် စွဲတယ်။ ရခိုင်ပြည်သူတွေရဲ့ တောင်းဆိုချက်တွေကို အစိုးရက မပေးနိုင်သ၍ ဒီလိုပဲ သေနတ်နဲ့ ပစ်သတ်နေမယ်ဆိုရင် အဲဒီအစိုးရကို ကျနော်တို့ အလိုမရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ဖမ်းဆီးတရားစွဲခံ ရခိုင်တိုင်းရင်းသား လူငယ် ၈ ဦးသည် ဇန်နဝါရီလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သော မြောက်ဦး အဓိကရုဏ်း ဖြစ်စဉ်အတွင်းက သေနတ်ဒဏ်ရာများရရှိခဲ့ရာ ဒဏ်ရာပြင်းထန်သဖြင့် မြောက်ဦးဆေးရုံမှနေ၍ စစ်တွေမြို့ ပြည်သူ့ ဆေးရုံသို့ ပြောင်းရွှေ့ကုသခံခဲ့ရသူများ ဖြစ်သည်။

ဇန်နဝါရီလ ၂၃ ရက်နေ့က ၎င်းတို့ကို မြောက်ဦးမြို့မရဲစခန်းက အများပြည်သူပိုင် အဆောက်အဦ အကျိုး ပျက်စီးမှု ပုဒ်မ ၆ (၁) ဖြင့် အရေးယူထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading