တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်(PLA) အနေဖြင့် နိုင်ငံရပ်ခြားသို့ ကူးသန်းရောင်းဝယ် ရေး လုပ်ကိုင်နေမှုများ အဆုံးသတ်ရန် တရုတ်သမ္မတရှီကျင့်ဖျင်က ပြောလိုက်ကြောင်း China Daily သတင်းက ဆိုသည်။
တရုတ် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌနှင့် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ သမ္မတ ရှီကျင့် ဖျင်က ပြီးခဲ့သည့် အင်္ဂ ါနေ့က ကျင်းပသည့် တရုတ်ကွန်မြူနစ်ပါတီ ၏နိုင်ငံရေး ဦးဆောင်အဖွဲ့ (ပေါ်လစ်ဗျူရို) စုစည်း လေ့လာ သုံးသပ်သည့် အစည်းအဝေးတွင် အထက်ပါအတိုင်း ပြောခြင်းဖြစ်သည်။
တဆက်တည်း သမ္မတ ရှီကျင့်ဖျင်က စစ်တပ်၏ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများ အားလုံးကို ယခုနှစ်ကုန်ပိုင်းတွင် ရပ်တန့်ရန် မျှော်လင့်ထားပြီး၊ ဆက်စပ်နေသည့် လုပ်ငန်းများမှာမူ အရှိန်အဟုန် ကောင်းနေဆဲ ဖြစ်ကြောင်းပြောသည်။
ပြီးခဲ့သည့် နှစ်နှစ်ကျော်ကာလက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ ဗဟိုစစ်ကော်မရှင်တို့၏ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန် အားထုတ်ခဲ့သည့် အကျိုးကျေးဇူးနှင့် အခက်အခဲများကို ဖြေရှင်းရန် အာရုံစိုက်မှုတို့ကြောင့် တရုတ်စစ်တပ်သည် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများ၏ အဓိကလုပ်ငန်းစဉ်များကို ရပ်တန့်နိုင်မည့် အလား အလာများ ရရှိလာခဲ့ကြောင်း သမ္မတက ဆက်လက်ပြောကြားသည်။
ကူးသန်းရောင်းဝယ်ရေးဆောင်ရွက်ချက်များမှ စစ်တပ်ကို ဖယ်ထုတ်ခြင်း၏ ရည်မှန်းချက်ပန်းတိုင်သို့ အခြေခံအားဖြင့် ရောက်ရှိနေပြီဖြစ်ပြီး ပါတီနှင့် စစ်တပ်၏အုပ်ချုပ်ရေး ထက်မြက်မှု တိုးတက်လာ ခြင်းတို့က စစ်တပ်၏ အဓိကဝတ္တရား ဖြစ်သော စစ်မြေပြင်တာဝန်ကိုသာ ထမ်းနိုင်ရန် အထောက် အကူပြုခဲ့ကြောင်း ၎င်းက ပြောသည်။
စစ်တပ်ပိုင်ဆိုင်မှုများစီမံခန့်ခွဲမှုတွင် စုစည်းမှုရှိသကဲ့သို့ တီထွင်ဆန်းသစ်မှုနှင့်ထိုးဖောက်မှုတို့ကို နယ်ပယ်အသီးသီးတွင် အောင်မြင်သင့်ကြောင်း၊ စစ်တပ်နှင့်ဒေသဆိုင်ရာအစိုးရများအကြား ပိုင်ဆိုင် မှုများပြန်လည်ပေးအပ်သည့်လမ်းစဉ်ကို လိုက်နာရန်ဖြစ်ကြောင်း၊ စစ်တပ်နှင့်အရပ်ဘက်ကဏ္ဍ များအကြား ပေါင်းစည်းနိုင်ရေး တွန်အားပေးလုပ်ဆောင်နေကြောင်း တရုတ်သမ္မတက ပြောကြား ခဲ့သည်။