သတင်း

နိုင်ငံခြားသား ခရီးသွား Show Money ဒေါ်လာ ၁၀၀၀ ပြရေး ယာယီဆိုင်းငံ့

မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သော နိုင်ငံတချို့မှ ကမ္ဘာလှည့် ခရီးသည်များကို Show Money အဖြစ် အမေရိကန် ဒေါ်လာ ၁၀၀၀ ပြရန် သတ်မှတ်ခြင်းကို ဆိုင်းငံ့ လိုက်ကြောင်း သိရသည်။

ဂျပန်၊ တောင်ကိုရီးယား နှင့် တရုတ် (ဟောင်ကောင်၊ မကာအို အပါအဝင်) စသည့် နိုင်ငံများမှ ကမ္ဘာလှည့် ခရီးသွားများ အတွက် မူလက Show Money ပြရန် သတ်မှတ်ခြင်းဖြစ်ပြီး ယခု ဆိုင်းငံ့လိုက်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန (ဟိုတယ်/ခရီး) က သြဂုတ်လ ၁ ရက်တွင် ထုတ်ပြန်ထားသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ စတင်၍ သာမန် တရုတ် နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူ တရုတ်နိုင်ငံသားများ (ဟောင်ကောင်နှင့် မကာအို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နိုင်ငံသားများ) ကို ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ဆိုက် ရောက် ဗီဇာဖြင့်လည်းကောင်း၊ သာမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သော ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံသား ကမ္ဘာ လှည့် ခရီးသည်များ ကိုလည်း ရက် ၃၀ ဗီဇာ ကင်းလွတ်ခွင့် ပြုမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနက အသိပေး အကြောင်းကြားထားသည်။

အဆိုပါ Show Money ကိစ္စရပ်နှင့် ပတ်သက်၍ ခရီးသွား ကဏ္ဍ နယ်ပယ်နှင့် ပြည်သူများကြား ဝေဖန်မှုများ ပေါ်ထွက် လာ သဖြင့် သြဂုတ်လ ၁ ရက်မှ စ၍ ဆိုင်းငံ့ခြင်းဖြစ်ကြောင်း ဟိုတယ်/ခရီး က သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန ဒု ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်းက “အဲဒါက လူဝင်မှု ကြီး ကြပ်ရေး ကနေ ဖြုတ်သိမ်းလိုက်တာပါ။ Show Money အမေရိကန် ဒေါ်လာ ၁ ထောင် ကိစ္စလေးက နည်းနည်းလေး ဂယက် ရိုက်သွားတော့ ဒါလေးကို ပြန်ပြီး ညိုတဲ့အခါကျတော့ ဆိုင်းငံ့လိုက်တာ ဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးလင်းထိန်က “အရင်တုန်းကတော့ ကျနော်တို့ အစည်းအဝေးမှာ ပြောခဲ့တာ ရှိတယ်။ အဲဒါတွေက အဆင်မပြေဘူးပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုတော့ ဥပမာ ဧည့်အဖွဲ့ ဆယ်ယောက် လာမယ် ဆိုရင် မိသားစု တစုမှာ ငါးယောက်ရှိတယ်။ ငါးယောက်က ဒေါ်လာ ၅ ထောင် ပြရမယ်ဆိုရင် နိုင်ငံတကာမှာက ပိုက်ဆံ အဲဒီ လောက်ကြီး ပေးမသုံးဘူးလေ။ Credit Card တွေ ရှိတယ်ဆိုတော့ သူတို့အနေနဲ့ ငွေကြေးက ပြစရာမလိုဘူး။ အခုလို ဆိုင်းငံ့ လိုက်တာ ကောင်းပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဦးခင်အောင်ထွန်းကလည်း “ကျနော်တို့ကတော့ ခရီးသည်တွေကို အခက် အခဲ ဖြစ်စေနိုင်တဲ့ အတွက် ပြောင်းလဲပေးဖို့၊ တခြားနည်းလမ်းနဲ့ ဆောင်ရွက်ပေးဖို့ အကြံပြု တိုက်တွန်းတာပါ။ ပိုကောင်းတဲ့ နည်း လမ်းတွေ ကျင့်သုံးနိုင်မယ်လို့ ယုံကြည်တယ်။ ဒီလထဲမှာတင် ကောင်းမွန်တဲ့ စီစဉ်မှုတွေနဲ့ အဆင်ပြေသွားမယ်လို့ ထင်ပါ တယ်။ အချိန်ကလည်း၂ လလောက် ကျန်သေးတယ်” ဟု ပြောသည်။

လက်ရှိ ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသည်မှာ ၁ ဒသမ ၂ သန်းကျော် ဝင်ရောက်ထားရာ တရုတ်နိုင်ငံသား ခရီးသွား ဧည့်သည် ၃၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံသား ခရီးသွားဧည့်သည် ဝင်ရောက် မှုမှာ ၂ ရာခိုင်နှုန်းနှင့် ကိုရီးယား နိုင်ငံသား ခရီးသွား ဧည့်သည်ဝင်ရောက်မှုမှာ အလွန်နည်းပါးကြောင်း ဟိုတယ်နှင့် ခရီး သွားလာ ရေး ဝန်ကြီးဌာန စာရင်းများအရ သိရသည်။

Loading