သတင်း

မကရင်မ ဒဏ်ရာများသည် နှိပ်စက် ခံရမှုကြောင့်ဟု တရားလိုပြ သက်သေ ထွက်ဆို

Want create site? Find Free WordPress Themes and plugins.

အိမ်အကူ မကရင်မ ခန္ဓာကိုယ်တွင် ရှိနေသည့် ဒဏ်ရာများသည် နှိပ်စက်ခံရမှုများကြောင့် ရရှိခဲ့ခြင်း ဖြစ်ကြောင်း တရား လိုပြ သက်သေက ယနေ့ ရုံးချိန်းတွင် ထွက်ဆိုချက် ပေးသည်။

သြဂုတ်လ ၂ ရက် သံလျင်မြို့နယ် တောင်ပိုင်းခရိုင် တရားရုံး၌ အိမ်အကူ မကရင်မ သေဆုံးမှု သံသယရှိသူ ဒေါ်သိင်္ဂီစု ကို ရုံးထုတ်ရာတွင် တရားလိုပြ သက်သေက ထွက်ဆိုခြင်း ဖြစ်သည်။

မကရင်မ မသေဆုံးခင် အချိန်က နှိပ်စက်ခံရမှုကို ပြောပြခဲ့ကြောင်း နှင့် ယင်းဒဏ်ရာများကို အနီးကပ် သေချာမြင်တွေ့ ခဲ့ရမှု များကို တရားလိုပြ သက်သေ တဦးဖြစ်သူ ဒေါ်လှလှဌေးက ထွက်ဆိုချက်များ ပေးသည်။

ယနေ့ တရားခွင်နှင့် ပတ်သက်၍ တရားလိုရှေ့နေ ဒေါ်စန်းစန်းမြင့်က“ကရင်မ ရောက်လာတဲ့ အချိန်မှာပဲ ကရင်မ ဒဏ်ရာ တွေကို ကြည့်တယ်။ ကရင်မကလည်း သူ့ဒဏ်ရာတွေကို လှန်ပြတယ်။ အဲဒီလိုပြတဲ့ အချိန်မှာ ကျန်တဲ့သက်သေ တွေက လည်း ရှိနေတယ် ဆိုတာကို သေသေချာချာ ထွက်ဆိုသွားတယ်”ဟု ပြန်ပြောပြသည်။

လှည်းကူးမြို့နယ် အင်းတိုင် သံချပ်ကာ တပ်ရင်း၏ အရာရှိရိပ်သာရှိ တပ်မတော် အရာရှိတဦး နေအိမ်တွင် မကရင်မ သည် အိမ်အကူ လုပ်ကိုင်နေရာမှ ဒဏ်ရာများဖြင့် သေဆုံးသွား၍ သံသယရှိသူ အဖြစ် အရာရှိ ကတော် ဒေါ်သိင်္ဂီစုကို ဖမ်းဆီးပြီး နောက် တောင်ပိုင်းခရိုင် တရားရုံးတွင် လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သံသရှိ တရာခံအား တရားခွင်မှ ပြန်လည် ခေါ်ဆောင်ချိန်၌ သတင်းယူနေသည့် မီဒီယာများကို တရားစွဲဆို ထောင် ချမည်ဟု ဒေါ်သိင်္ဂီစု၏ မိသားစုဝင် တဦးက ကြိမ်းမောင်း ပြောဆိုခဲ့ကြောင်းလည်း တရားရုံး၌ သတင်းယူနေသည့် သတင်း သမားများက ပြောသည်။

တရားလို ရှေ့နေ ဒေါ်စန်းစန်းမြင့်က “ခြိမ်းခြောက်ခွင့်တော့ လုံးဝမရှိဘူး။ မီဒီယာတွေက လွတ်လပ်စွာ သတင်းယူပိုင်ခွင့် ရှိတယ်။ မီဒီယာတွေ သတင်းယူနေတာသည် ဘက်လိုက်ပြီး သတင်းယူနေတာ မဟုတ်ဘူး။ အမှုတခုမှာ အမှန်တရား ပေါ် ပေါက်ဖို့ အတွက်ကို အထောက်အကူ ပေးနေတာ ဖြစ်တယ်” ဟု ဆိုသည်။

ထိုကဲ့သို့ ခြိမ်းခြောက်ပြောဆိုမှုများသည် ယခုတကြိမ်သာမက ယခင် ရုံးချိန်းများတွင်လည်း ပြောဆိုခဲ့ဖူးကြောင်း သတင်း ထောက်များက ဆိုသည်။

ထိုကဲ့သို့ ခြိမ်းခြောက်ပြောဆိုမှုနှင့် ပတ်သက်၍ တရားရုံးအနေနှင့် အရေးယူနိုင်မှု ရှိမရှိကို သတင်းထောက်များက မေးမြန်း ရာ၌ တောင်ပိုင်းခရိုင် တရားရုံး၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ယူထားသူ ဦးမိုးဝေ က ဖြစ်စဉ်ကို မသိသည့် အတွက် မည့်သည့် အဖြေမှ မပေးနိုင်ကြောင်း ပြန်လည် ပြောဆိုသည်။

သံသယရှိသူ ဒေါ်သိင်္ဂီစု၏ ခင်ပွန်း တပ်မတော် အရာရှိက ရုံးချိန်း၌ သတင်း မီဒီယာများ ဓာတ်ပုံ၊ ရုပ်သံများ ရိုက်ကူးခွင့်ကို ကန့်သတ်ရန် တရားရုံးသို့ စာပေးပို့ခဲ့ပြီး ထိုစာသည် မကရင်မ အမှု၏ ပဉ္စမ အကြိမ်မြောက် ရုံးချိန်း မတိုင်မီ ရောက်ရှိလာ ခဲ့ကြောင်း တောင်ပိုင်းခရိုင် တရားရုံးက သိရသည်။

ထို့နောက် ပဉ္စမ အကြိမ်မြောက် ရုံးချိန်းတွင် တောင်ပိုင်းခရိုင် တရားရုံးသည် သတင်းထောက်များ သတင်းရယူရာတွင် ဓာတ်ပုံနှင့် ရုပ်သံ သတင်း ရယူခွင့်ကို ကန့်သတ်ခဲ့သည့် အပြင် ယခင် ရုံးချိန်းများတွင် ရိုက်ကူးခဲ့သည် များကိုပါ အသုံးမပြု ရန်လည်း တားမြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading