စစ်ကိုင်းတိုင်း ဒေသကြီး ၊ ကလေးဝမြို့နယ်ရှိ ကျောက်မီးသွေး လုပ်ကွက်တခု အတွင်း အောက်ဆီဂျင် ပြတ်လပ်ပြီး ပိတ်မိနေသည့် အလုပ်သမား ၅ ဦးကို သေဆုံးလျက် ပြန်လည် တွေ့ရှိရသည် ဟု သတင်း ရရှိသည်။
ကလေးဝမြို့နှင့် ၁၀ မိုင်ခန့် ကွာဝေးသည့် နေရာတွင် ရှိသည့် ရွှေပေါက်ပေါက် ကုမ္ပဏီလုပ်ကွက် အတွင်း လုပ်ငန်းများ လုပ်ကိုင်နေကြစဉ် သြဂုတ်လ ၂ ရက်၊ ည ၁၁ နာရီဝန်းကျင်က တွင်းအတွင်း မီသိန်း ဓာတ်ငွေ့လိုင်း ပေါက်ကွဲပြီး လုပ်သား ၅ ဦး ပိတ်မိနေကြခြင်း ဖြစ်သည်။
ကလေးဝမြို့နယ်၊ ရဲတပ်ဖွဲ့မှ ရဲအုပ် ဗိုလ်ဗိုလ်ဝင်းထွဋ်က “အလောင်းတွေ ပြန်တွေ့ပါတယ်။ ၅ ယောက်လုံး သေသွား ပါတယ်။ တယောက်က တရုတ် နိုင်ငံသားပါ။ သူတို့ထဲမှာ ဆင်ပေါင်ဝဲတို့ ရမည်းသင်းတို့ နယ်က လူတွေချည်းပဲ။ မိသားစု တွေကို ဆက်သွယ်တာ လုပ်ထုံးလုပ်နည်း အတိုင်း ဆက်ဆောင်ရွက်ရမှာပေါ့” ဟု ပြောသည်။
ပိတ်မိနေသူများကို အခြားလုပ်သား ၄ ဦးက တွင်းထဲသို့ ဆင်းကယ်ဆယ်ရာ ၎င်းတို့ပါ အောက်ဆီဂျင် ပြတ်လပ် သွားသဖြင့် သြဂုတ်လ ၃ ရက်၊ မနက် ၂ နာရီတွင် ကလေးဝမြို့ ဆေးရုံသို့ ပို့ဆောင်လိုက်ရသည်ဟု သိရသည်။
ပိတ်မိနေသူများကို မြို့နယ်မှ ကယ်ဆယ်ရေး အဖွဲ့များ၊ အုပ်ချုပ်ရေး တာဝန်ခံများနှင့် ရဲတပ်ဖွဲ့ဝင်များက ကယ်ဆယ်ရာ ယနေ့ နေ့လည် ၂ နာရီ၌ သေဆုံးလျက် အလောင်းများကို ပြန်ရှာတွေ့ခြင်း ဖြစ်သည်။
ရဲအုပ် ဗိုလ်ဗိုလ်ဝင်းထွဋ်က “သေဆုံးသွားတဲ့ တရုတ်နိုင်ငံသားကတော့ ကျွမ်းကျင် လုပ်သားလို့ ပြောတယ်။ သူတို့က အဆိုင်းတဆိုင်းကို ၅ ယောက် ဝင်ရတယ်။ တရုတ်နိုင်ငံသားကျ မိုင်းလုပ်ငန်းမှာ ကျွမ်းကျင်တော့ တရုတ်က တယောက် မြန်မာက ၄ ယောက် တွဲဝင်ကြတာပေါ့။ မီသိန်းဓာတ်ငွေ့လိုင်းပေါက်ကွဲပြီး အောက်ဆီဂျင် ပြတ်တောက် သွားတာ” ဟု ပြောသည်။
သေဆုံးသွားသူများ ပိတ်မိခဲ့သည့် ကျောက်မီးသွေးကျင်းမှာ အနက်ပေ ၆၃၀ ကျော် နက်သည်ဟု သိရသည်။မနက်အစောပိုင်းက ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည့် လုပ်သား ၄ဦးကမူ ကျန်းမာရေး ကောင်းမွန်သွားပြီဖြစ်သည်ဟု သိရသည်။