အဆင်မြင့် ပညာရေး ဥပဒေ မူကြမ်း ပြန်လည် ရေးဆွဲရာ၌ ကျောင်းသား သမဂ္ဂ ပါဝင်ရေးဆွဲမည် ဖြစ်ကြောင်း သိရသည်။
အဆင့်မြင့် ပညာရေး ဥပဒေနှင့် ပတ်သက်ပြီး ပညာရေး ဝန်ကြီးဌာန၊ ပညာရေးမြှင့်တင်မှု ကော်မတီ (ပြည်သူ့ လွှတ်တော်)၊ ပညာရေး မြှင့်တင်မှု ကော်မတီ(အမျိုးသား လွှတ်တော်)၊ အမျိုးသား ပညာရေး မူဝါဒ ကော်မရှင်၊ ပါမောက္ခချုပ်များ ကော် မတီ နှင့် ကျောင်းသား သမဂ္ဂများ၏ တွေ့ဆုံညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့တို့သည် ရန်ကုန်မြို့ ရုံးအမှတ် (၁၃)၊ ၃ ထပ် ဆောင်၊ အဆင့်မြင့် ပညာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် သြဂုတ် ၁ ရက်က တွေ့ဆုံ ဆွေးနွေးကြသည်။
ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ရေးဆွဲခဲ့သည့် အဆင့်မြင့် ပညာရေး ဥပဒေ မူကြမ်းသည် ယခုအခါ ရှေ့နေချုပ်ရုံး၏ အတည်ပြုချက်ကို စောင့်ဆိုင်းနေသည့် အဆင့် ရောက်ရှိနေပြီဖြစ်ပြီး သက်ဆိုင်ရာ ဝန်ကြီး ဌာနများက ကျောင်းသား သမဂ္ဂ ၏ အကြံဉာဏ် ပါဝင်နိုင်ရန် အတွက် ပဋိညာဉ်ကို အခြေခံသည့် အဆင့်မြင့် ပညာရေးမူကြမ်းကို ပြန်လည် ရေးဆွဲ မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်သည့် ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ နန်းလင်းက “အဲဒီ အစည်းအဝေး မှာ အဆင့်မြင့်ပညာဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက ဥပဒေကို အစက ပြန်ဆွဲမယ်။ လက်ရှိ ရှေ့နေချုပ်ရုံး ရောက်နေတာကိုလည်း မသုံးတော့ဘူး။ နောက်ပြီး ဘယ်တော့ စဆွဲမှာလဲလို့ ကျနော်တို့က မေးတော့ ဒါတော့ အတိအကျ မပြောနိုင်ပါဘူး ဆိုပြီး ပြောလာပါတယ်”ဟု ပြောသည်။
ပဋိညာဉ်များကို အတည်ပြုရာတွင်လည်း မြန်မာတနိုင်ငံလုံးရှိ တက္ကသိုလ်တိုင်းကို မဟုတ်ဘဲ ရန်ကုန် တက္ကသိုလ်၊ မန္တလေး တက္ကသိုလ် ကဲ့သို့သော ကျောင်းများရှိ ပဋိညာဉ်များ အတည်ပြုနိုင်ရန် ကြိုးစားသွားမည်ဟု ၎င်းက ဆိုသည်။
အဆိုပါ အဆင့်မြင့်ပညာရေး ဥပဒေ ပေါ်ထွက်နိုင်ရေး အတွက် ဆွေးနွေးပွဲ၌ ဒေါက်တာ သိန်းဝင်းနှင့် ကျောင်းသား သမဂ္ဂ ကြား ငြင်းခုံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ပညာရေး မြှင့်တင်မှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်အောင်နှင့် တခြား ဆရာမကြီး များ က ဝင်ရောက် ညှိနှိုင်းပေးမှုကြောင့် အဆင့်မြင့် ပညာရေး ဥပဒေကို အစက ပြန်ဆွဲမည်ဆိုပါက အမျိုးသား ပညာရေး ဥပဒေ ပုဒ်မ ၄ (ခ) ပါ အတိုင်း ကျောင်းသားများ ဆန္ဒ၊ ဆရာများ ဆန္ဒ ပါဝင်စေရန် အဆင့်မြင့် ပညာရေး ဥပဒေ မူကြမ်း ရေးဆွဲရေး အဖွဲ့ ဖွဲ့ပြီး အဖွဲ့တွင် ကျောင်းသား သမဂ္ဂ ကိုယ်စားလှယ်များပါ ထည့်သွင်းရမည်ဟု ညှိနှိုင်းကြကာ နောက်ဆုံး၌ အချက် သုံးချက်ကို သဘောတူခဲ့ကြောင်း သိရသည်။
နှစ်ဖက် သဘောတူညီမှုဖြင့် ထုတ်ပြန်ခဲ့သည့် အချက်များမှာ အဆင့်မြင့်ပညာရေး ဥပဒေမူကြမ်းကို ပညာရေးဝန်ကြီး ဌာန၊ အဆင့်မြင့် ပညာ ဦးစီးဌာနနှင့် ပါမောက္ခချုပ်များ ကော်မတီ၏ လုပ်ငန်းစဉ်တချို့အရ ပြန်လည်ရေးဆွဲရာ၌ ရေးဆွဲရေး အဖွဲ့ ကို ဖွဲ့စည်း၍ ဆောင်ရွက်မည် ဖြစ်ကာ အဆိုပါ အဖွဲ့တွင် နိုင်ငံတဝန်းရှိ ကျောင်းသား သမဂ္ဂများမှ ရွေးချယ်သော ကိုယ်စား လှယ်များကို ပါဝင် ဆောင်ရွက်ခွင့်ပြုမည် ဟု ပါရှိသည်။
ထို့ပြင် ကျောင်းသား သမဂ္ဂများ၊ အဆင့်မြင့် ပညာ ဦးစီးဌာနနှင့် ပါမောက္ခချုပ်များ ကော်မတီတို့ ပူးပေါင်း၍ ပညာရေး ဆိုင် ရာ ဆွေးနွေးပွဲများကို ကျင်းပသွားမည်ဟု ထုတ်ပြန်ထားသည်။
အထက်ပါ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရန် လိုအပ်သည့် အသေးစိတ် ကိစ္စရပ်များကို ကျောင်းသား သမဂ္ဂများ၊ အဆင့်မြင့်ပညာ ဦးစီးဌာနနှင့် ပါမောက္ခချုပ်များ ကော်မတီတို့ ဆက်လက် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အဆင့်မြင့် ပညာ ဦးစီးဌာန ဒု ညွန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်းက “အမျိုးသား ပညာရေးရဲ့ ပုဒ်မ ၄(ခ) မှာ အဆင့်မြင့် ပညာ ဥပဒေကို ရေးဆွဲတဲ့အခါ ကျောင်းသား၊ မိဘ၊ ပြည်သူ၊ ပညာရေးဝန်ကြီးဌာနနဲ့ ဆက်စပ်ဝန်ကြီး ဌာန များ အဲဒါတွေလည်း ပါဝင်ရမယ်။ ကျောင်းသား မိဘပြည်သူရဲ့ အကြံဉာဏ်လည်း ပါဝင်ရမယ် ဆိုပြီးတော့ ပါတယ်။ အခု သူတို့နဲ့ ကျနော်တို့ ပူးပေါင်းလုပ်နေတယ်။ အဲဒီလို သဘောတူခဲ့တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ပဋိညာဉ်များ မြန်ဆန်မှသာ အဆင့်မြင့် ပညာရေး ဥပဒေက မြန်မြန်ထွက်နိုင်မည် ဖြစ်ပြီး ပဋိညာဉ်များ နှောင့်နှေး ကြန့်ကြာ နေပါက တက္ကသိုလ်များ၏ ကိုယ်ပိုင် လွတ်လပ်ခွင့်များ ပေးနိုင်ရေး အတွက် ကြန့်ကြာနေမည်ဖြစ်သည်ဟုလည်း ဆိုသည်။
ယင်း သဘောတူညီချက်များကို ပညာရေး မြှင့်တင်မှု ကော်မတီ(ပြည်သူ့ လွှတ်တော်)မှ ဒေါက်တာ တင်အောင်၊ ဒေါက်တာ ဆလိုင်းရီယန်းဗဲလ် နှင့် ပညာရေးမြှင့်တင်မှု ကော်မတီ (အမျိုးသား လွှတ်တော်)မှ ဒေါ်နော်မြစေး၊ ဦးကျော်တုတ်တို့ ရှေ့မှောက်တွင် လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့် ကျောင်းသား သမဂ္ဂများက အဆိုပါ သဘောတူညီချက်များကို သြဂုတ်လ ၄ ရက်နှင့် ၅ ရက်နေ့များ၌ မန္တလေးမြို့တွင် ပြုလုပ်မည့် ကျောင်းသား သမဂ္ဂများ စုံညီ အစည်းအဝေး၌ အသေးစိတ် ဆွေးနွေးပြီး လုပ်ငန်း စဉ်များ ချမှတ်သွားနိုင်ရန် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း နန်းလင်းက ပြောသည်။