သတင်း

ကလေးမြို့ လေဆိပ် အဆင့်မြှင့်တင်မည်

Want create site? Find Free WordPress Themes and plugins.

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ လေဆိပ်ကို အဆင့်မြှင့်တင်သွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးကျော်မျိုး က ပြောသည်။

သြဂုတ်လ ၃ ရက်က ကျင်းပသော အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ချင်းပြည်နယ်၊ အမျိုးသား လွှတ်တော် ကိုယ် စားလှယ် ဦးဇုန်လှယ်ထန်းက “ကလေး လေဆိပ်အဆောက်အအုံနှင့် လေဆိပ်၏ ပရဝုဏ်အား အဆင်မြှင့်တင်ပေးရန် အစီ အစဉ် ရှိမရှိ” မေးခွန်းအပေါ် ဒုဝန်ကြီး က ယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“လက်ရှိ လေဆိပ် အဆောက်အအုံကို တိုးချဲ့ခြင်းနှင့် အဆောက်အအုံ ပြုပြင်ခြင်း လုပ်ငန်းများ အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် ကျပ်သန်း ၄၀၀ နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၃၀ လျာထားမှု ရှိကြောင်းနှင့် ရန်ပုံ ငွေ ရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်”ဟု ဒု ဝန်ကြီးက ပြောသည်။

ဦးဇုန်လှယ်ထန်းက ကလေး လေဆိပ်သည် ချင်းပြည်နယ် မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီး အနောက်ပိုင်းမှ ခရီး သွား ပြည်သူများအတွက် ဝန်ဆောင်မှုပေးနေသော လေဆိပ်ဖြစ်ပြီး လေဆိပ်တွင် လေအေးပေးစက် မရှိခြင်း၊ စားသောက် ဆိုင်မရှိခြင်းနှင့် သန့်စင်ခန်း ကောင်းမွန်မှု မရှိခြင်းတို့ကြောင့် အခက်အခဲများ ရှိကြောင်း၊ အဆောက်အအုံတွင် ဆင်ဝင် မရှိခြင်းနှင့် လေဆိပ် ပရဝုဏ် အတွင်း ကွန်ကရစ် ခင်းထားခြင်း မရှိသဖြင့် မိုးရာသီတွင် ခရီးသည်များက ရွံ့ဗွက်များကို ဖြတ်သန်း သွားလာနေရကြောင်း တင်ပြသွားသည်။

ယင်း တင်ပြချက် အရ ကလေးမြို့ လေဆိပ် အဆောက်အအုံ၏ အထွက် ခရီးသည်များ စောင့်ဆိုင်း နားနေခန်းတွင် ဌာနရှိ ပြုပြင်ပြီး ၁၀ တန် လေအေးပေးစက် ၁ လုံးကို အမြန်ဆုံး တပ်ဆင်ပေးသွားမည် ဖြစ်ကြောင်း ဒုဝန်ကြီးက ဆိုသည်။

“ကလေး လေဆိပ် လေယာဉ်ပြေးလမ်းကို Y-8 အမျိုးအစား လေယာဉ်ကြီးများ အထိ ဆင်း/တက်နိုင် အသုံးပြုနိုင်ရေး အတွက် ၈ လက်မထု ထပ်ပိုးလွှာ တင်ခြင်းလုပ်ငန်းနှင့် လက်ရှိ ပေ ၃၀၀ × ပေ ၂၀၀ လေယာဉ်ရပ်နားနေရာတွင် ATR 72 လေယာဉ် ၂ စီးသာ ရပ်နားနိုင်သဖြင့် လေယာဉ်စီးရေ ပိုမိုရပ်နားနိုင်ရေး ပေ ၆၀၀× ပေ ၂၀၀ အထိ တိုးချဲ့ခြင်းလုပ်ငန်း များကို ဆက်လက် ဆောင်ရွက်ရန် လျာထားချက် ရှိပါတယ်” ဟုလည်း ဦးကျော်မျိုးက ပြောသည်။

ချင်းပြည်နယ်နှင့် အထက်ချင်းတွင်း ဒေသ အတွက် အသုံးဝင်သည့် ကလေးလေဆိပ်အား အဆင့်မြှင့်တင်ရာ၌ အဆောက် အအုံများ တိုးချဲ့တည်ဆောက်ရုံသာမက လေဆိပ် အင်္ဂါရပ်နှင့် လျော်ညီစေရန် လေဆိပ်ပရဝုဏ်နှင့် အနီးဝန်းကျင်ရှိ တရား မဝင် တည်ဆောက်ထားသော အဆောက်အအုံများကိုပါ ဖယ်ရှားပေးစေလိုကြောင်း၊ နယ်စပ် ဒေသဖြစ်သည့်အတွက် လေဆိပ် လုံခြုံရေး အစီအမံများကိုလည်း လက်ရှိ အခြေအနေထက် ပိုမိုအဆင့်မြှင့်တင်စေလိုကြောင်း ကလေးမြို့ ဒေသခံ တဦးဖြစ်သည့် ချင်းတွင်း လူငယ်ကွန်ရက် စီမံကိန်း ဒါရိုက်တာ ဦးကျော်သက်ဝင်းက ဧရာဝတီကို ပြောပြသည်။

“ကျူးကျော်ဆိုင်ခန်းတွေက ပြီးခဲ့တဲ့ အစိုးရ အဆက်ဆက်မှာ ပိုင်ရာပိုင်ရာနဲ့ လေဆိပ် ပရဝုဏ်အတွင်းမှာ အများကြီးပဲ။ တိုက်တန်းတွေက လေဆိပ်ရဲ့ ခြံစည်းရိုးလိုကို ဖြစ်နေတော့တာ။ ဒါက မဖြစ်သင့်ဘူးလေ။ လုံခြုံရေးအရ စနစ်တကျပဲ ခြံ စည်းရိုးတွေနဲ့ ဖြစ်စေချင်တာ။ ဒါတွေကို ဥပဒေ အရ ဖယ်ရှားပေးဖို့ပေါ့”ဟုလည်း ၎င်းက ပြောသည်။

ကလေးလေဆိပ်သို့ ပြည်တွင်း လေကြောင်းလိုင်း ၂ ခုဖြစ်သော မြန်မာ အမျိုးသား လေကြောင်းလိုင်းမှ ရန်ကုန်- မန္တလေး ကလေး၊ ကလေး-မန္တလေး -ရန်ကုန် ခရီးစဉ်ကို ၁ ပတ် ၄ ရက်နှင့် Air KBZ လေကြောင်းလိုင်းမှ ရန်ကုန်- မန္တလေး- ကလေး၊ ကလေး-မန္တလေး -ရန်ကုန် ခရီးစဉ်ကို ၁ ပတ်လျှင် ၆ ရက် အသီးသီး ပျံသန်း လျက်ရှိသည်။

ကလေးလေဆိပ်တွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေး နှစ်၌ ခရီးသည် ၄၉၅၂၅ ဦး ၂၀၁၆-၁၇ ဘဏ္ဍာရေး နှစ်တွင် ခရီးသည် ၅၃၀၄၀ ဦး၊ ၂၀၁၇-၁၈ ဘဏ္ဍာရေး နှစ်တွင် ခရီးသည် ၆၀၉၆၄ ဦး ဝင်ထွက် အသုံးပြုခဲ့သဖြင့် ပြီးခဲ့သည့် ၃နှစ်အတွင်း ပျမ်းမျှ ခရီးသည် ဦးရေ တိုးတက်နှုန်းမှာ ၁၁ ရာခိုင်နှုန်းရှိပြီး လက်ရှိ ခရီးသည် အဆောက်အအုံ ဧရိယာနှင့် ဝင်ထွက်သော ခရီးသည် ဦးရေမှာ ယခု အချိန်ထိ လုံလောက်မှု မရှိသေးကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading