မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဒုံသမိချောင်းရေလ ျှံမှုကြောင့် သြဂုတ် ၃ ရက်နေ့တွင် ကျေးရွာအုပ်စု ၁၈ စုမှ ကျေးရွာပေါင်း ၃၀ ကျော်တွင် ရေလွှမ်းမှုဒဏ်ခံနေရ၍ ရေဘေးသင့်ပြည်သူ ၁ သောင်းခွဲဝန်းကျင်ထိ မြင့်တက်လာသဖြင့် သောက်ရေအခက်အခဲရှိလာကြာင်း သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ခေါ်ခိုင်ခိုင်လဲ့က ပြောသည်။
“ရွာထဲမှာကိုက ရေက ၄ ပေလောက်ရှိနေတယ်။ အဲဒီရွာတွေက လူတွေကလည်း ဘယ်လိုထွက်ရမှန်း မသိကြဘူးဖြစ်နေတယ်။ အဲဒီလိုရွာတွေအားလုံးပေါင်း ၂၆ ရွာကျော် ရှိနေပါတယ်။ အိမ်ထောင်စု ၃၀၀၀ ကျော်ရှိပြီးတော့ လူဦးရေ ၁၅၀၀၀ ကျော်ရှိနေပါတယ်”ဟု ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။
ဇူလိုင် ၃၁ ရက်နေ့က သထုံမြို့နယ်တွင် ကျေးရွာပေါင်း ၂၀ ကျော်ရေနစ်မြုပ်နေပြီး ရေဘေးသင့်ပြည်သူ ၄၅၀၀ ဝန်းကျင်သာရှိခဲ့ပြီး ယခုရက်ပိုင်းအတွင်း ရေဘေးသင့်ပြည်သူ ၁ သောင်းဝန်းကျင်ထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့ရွာမှာက အိမ်ခြေ ၂၀၀ ကျော်ရေလွှမ်းနေတယ်။ ရေတွင်းတွေလည်း မြုပ်နေတော့ သောက်သုံးရေ အခက်အခဲဖြစ်နေပါတယ်။ နောက်ပြီး နွမ်းပါးတဲ့ မိသားစုတွေ ချက်ပြုတပ းသောက်ဖို့က နေအိမ်တွေရေတွေမြုပ်နေတော့ အခက်အခဲတွေတွေ့နေရပါတယ်။ ရေကျသွားပြီထားဦး အိမ်က ရေမြုပ်ခဲ့တော့ ချက်ဖို့ပြုတ်ဖို့က အခက်အခဲတွေ တွေ့ရဦးမှာပါ”ဟု ဒလပန်းကျေးရွာနေ ဦးဘပု ပြောသည်။
“၂၅ ရက်နေ့ကတည်းက ဒီကျောင်းကိုရောက်နေတာ ဒီမှာပဲအိမ်တယ်၊ ဒီမှာပဲစားတာပေါ့၊ သူများလာလှူတာ၊ အဒေါ်တို့ နေရာက လူတရပ် မြုပ်နေသေးတာ”ဟု ရေဘေးရှာင်စခန်းရောက်နေသည့် သထုံမြို့၊ ဈေးမသွယ်ကျေးရွာမှ ဒေါ်ဟန်ရွှေက ဆိုသည်။
လက်တလော ရေဘေးဒဏ်ခံနေရသော ကျေးရွာများမှာ ဆင်ကျုံး၊ ရွှေဘော်ကုန်း၊ ရွာကြီး၊ ကျုံမှိန်၊ ချောင်းဝ၊ အနန်းပင်၊ ဒင်္ဂါးဆိပ်၊ အင်းကွဲ၊ တံတားဦး၊ ဒုံဝန်၊ ဒူးရင်းဆိပ်၊ ကြက်/သောင်၊ ဈေးမသွယ်အထက်၊ ငါးကြီးအင်း၊ ဝီယော်၊ ထုံးဘိုလေး၊ ထုံးဘိုကြီး၊ ရွှေဘော်ကုန်း၊ ဒလပန်း၊ မင်းလွင်ကြီး၊ မင်းလွင်လေး၊ စောအဲဖိုး၊ ငါးကြီးအင်း၊ ဝါးခုတ်တော၊ ဝင်းဖုန်၊ ဖားပိုင်းကုန်း၊ ပိနဲ္ဒတော၊ ရှမ်းစု၊ ညောင်ချောင်း၊ ဝါးဂုတ်၊ အင်းလွဲ၊ နောင်ကတုတ်၊ ကျောက်တောင် စသည့် ကျေးရွာများပါဝင်သည်။