သတင်း

အာရှစံချိန်တင်မူးယစ်မှု စွဲချက်တင်/မတင် ကြားနာမည်

Want create site? Find Free WordPress Themes and plugins.

အာရှဒေသတွင်း ပမာဏအများဆုံးအဖြစ် မင်္ဂလာဒုံမြို့နယ်မှ ဖမ်းမိသည့် မူးယစ်ဆေးဝါး အမှုတွင် ဖမ်းဆီးထားသူ မင်းဦးခိုင် အပါအဝင် ၁၀ ဦးအား သြဂုတ် ၈ ရက်နေ့တွင် စွဲချက်တင်သင့်/မသင့် ကြားနာမည်ဖြစ်ကြောင်း မြောက်ပိုင်းခရိုင်တရားရုံး မှသိရသည်။

အမှုအား သုံးနှစ်နီးပါးကြာ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် စွဲချက်အမိန့်အတွက်ကြားနာမှုပြုလုပ်ရန် ဖမ်းဆီးထားသူများအား သြဂုတ် ၂ ရက်နေ့က ရုံးထုတ်ခဲ့သော်လည်း စစ်ဆေးနိုင်ခြင်းမရှိခဲ့ဘဲ သြဂုတ် ၈ ရက်နေ့ ကိုသာ ရုံးချိန်းပြန်လည်ချိန်းဆိုခဲ့ခြင်းဖြစ်သည်။

ကွင်းဆက်အမှုများတွင် ထောင်ဒဏ် ၄၈ နှစ်ချခံရသူ ကိုမိုးဇံက “ ငါတို့ကွာ ဒီကိစ္စမှာဘာမှလည်းမသိဘူး၊ ပါလည်းမပါဘူး၊ အခု အစစ်ခံရပြီး ၄၈ နှစ်ချခံရတယ်၊ငါတို့ဓားစာခံ ခံရတာ၊ အဲဒါကို မီဒီယာတွေသိအောင် ပြောပေးပါကွာ” ဟု သြဂုတ် ၂ရက်နေ့ရုံးချိန်းမှ အပြန်တွင် ပြောသည်။

၂၀၁၅ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်၊ စက်မှုဇုန်နယ်မြေ၊ အိုးအိမ် ၆လမ်းသွားလမ်းမပေါ်တွင် ကုလားတန်မြစ်ဝှမ်းဖွံ့ဖြိုးရေး(KDD) ကုမ္မဏီပိုင်ကွန်တိန်နာယာဉ်ငယ်ပေါ်မှ မူးယစ်ဆေးပြား ၂၆ ဒသမ ၇ သန်း(ငွေကျပ်တန်ဖိုး ၁၃၃ ဒသမ ၅ဘီလီယံခန့်)အား စတင်ဖမ်းမိခဲ့ခြင်းဖြစ်သည်။

အမှုကွင်းဆက်အနေဖြင့် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်နှင့်ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တို့ရှိ နေအိမ်နှင့် ဂိုထောင် အတွင်းမှလည်းသန်းနှင့်ချီသည့် မူးယစ်ဆေးဝါးများအား ထပ်မံဖမ်းမိခဲ့သည်။

ယင်းကွင်းဆက်အမှုများနှင့်ပတ်သက်၍ ထွန်းဇော်ဌေး(ခ)ကျော်ဌေး၊ သိန်းထွန်းအေး၊အောင်တင်ဝင်း၊ ထွန်းမင်း၊ ေဇာ်ဇော်မင်း၊ ထွန်းကျော်ဇံ(ခ)မိုးဇံ၊ သန်းရွှေ(ခ) စာဂျင်မီ၊ညွန့်ဝင်း၊ ရန်ရှောက်ဟွာ(ခ) စိုင်းအောင်၊ ခင်မောင်သန်း(ခ) အာနိုး၊မောင်ဝင်း(ခ)ကျော်ထူးနှင့် မဝင်းငြိမ်းခိုင်(ခ)ငြိမ်းငြိမ်းတို့အားအရှေ့ပိုင်းခရိုင်တရားရုံးက ဇွန်လ ၂၀ ရက်နေ့တွင် နှစ်ရှည်ထောင်ဒဏ်များချမှတ်ခဲ့ခြင်းဖြစ်သည်။

ကွင်းဆက်အမှုများအတွက် ပြစ်ဒဏ်ချမှတ်ခံရသူများတွင် အမှုတွင်အဓိကကျသည့် KDD ကုမ္မဏီပိုင်ရှင် မင်းဦးခိုင် ပါဝင်မှုမရှိဘဲ ဝန်ထမ်းအများစုသာပါဝင်နေပြီးတရားခံပြေးအဖြစ်ကြေညာထားသည့် နေအိမ် နှင့်ဂိုထောင် ငှားရမ်းခဲ့လုပ်ကိုင်ခဲ့သူများကိုလည်း ဖမ်းမိခြင်းမရှိသေးကြောင်း တရားရုံးမှတ်တမ်းများအရ သိရသည်။

ထောင်ဒဏ် ၄၈ နှစ်ပြစ်ဒဏ်ချခံရသူ ကိုဇော်ဇော်မင်းနှင့် ကိုမိုးဇံတို့၏ မိသားစုဝင်များက “သူတို့က ကုမ္မဏီကို အလုပ်ဝင်တာ ၅ လလောက်ပဲရှိသေးတယ်၊ သူတို့လုပ်တဲ့ ရုံးမှာလည်း ဆေးတွေဖမ်းမိတာမရှိဘူး၊ သူတို့ဆီမှာလဲ မမိဘူး၊ ဒါကို တခြားအမှု ၃ ခုလုံးမှာ ဆွဲထည့်ခံရပြီးပြစ်ဒဏ်ချမှတ်ခံရတယ်၊ သူတို့က ဓားစာခံ ခံရတာပါ” ဟု ပြောသည်။

၎င်းပြစ်ဒဏ်များနှင့်ပတ်သက်၍ မျှတမှုမရှိဟုဆိုကာ ဝင်းငြိမ်းခိုင်၊ ညွန့်ဝင်း၊ သန်းရွှေ၊ဇော်ဇော်မင်းနှင့် မိုးဇံတို့ အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ရာဇဝတ်အယူခံတင်ထားပြီးဖြစ်ကြောင်း ၎င်းတို့၏ မိသားစုဝင်များကပြောသည်။

အရှေ့ပိုင်း ခရိုင်တရားရုံး ပြစ်ဒဏ်ချမှတ်မှုများမင်္ဂလာဒုံမြို့နယ်တွင် ဖမ်းမိသည့်အမှု ကွင်းဆက်အဖြစ် ဒဂုံအရှေ့ပိုင်းမြို့နယ်နှင့်ဒဂုံမြောက်ပိုင်းမြို့နယ်တို့မှ ဖမ်းမိသည့် မူးယစ်ဆေးဝါး အမှု ၃ မှုတွင် ဇော်ဇော်မင်း၊ မိုးဇံ၊ သန်းရွှေ၊ ညွန့်ဝင်း၊ ရန်ရှောက်ဟွာ၊ ခင်မောင်သန်းနှင့် မောင်ဝင်းတို့ ၇ ဦးအနေဖြင့်

ပါဝင်ပတ်သက်သည်ဟုယူဆကာ မူးယစ်ဆေးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ၂၀(က)/၂၁ ဖြင့် ထောင်ဒဏ် ၄၈ နှစ်စီချမှတ်ခံရသည်။

ဇော်ဇော်မင်း၊ မိုးဇံနှင့် ကုမ္မဏီယာဉ်မောင်း သန်းရွှေတို့သည်မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း၊ ရွှေကမ္ဘာအိမ်ရာရှိ KDD ရုံးတွင်လုပ်ကိုင်သူများဖြစ်ကြောင်း သိရသည်။ မူးယစ်ဆေးဖမ်းမိသည့် နေအိမ်များနှင့် ဆက်စပ်မှုမရှိသည့်အပြင် ရောက်ဖူးခြင်းလည်းမရှိကြောင်း၊ မိမိတို့လုပ်ကိုင်သည့် ရုံးမှလည်း မူးယစ်ဆေးဖမ်းမိမှုမရှိကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့ကြသည်။

ရန်ရှောက်ဟွာသည် အမှုမှ တရားခံပြေးကြေညာထားသည့် မူဆယ်မြို့နေ ဝမ်တာချိန်ထံသို့ ငွေတခါလွှဲလျှင် ၂ သိန်းကျပ်ဖြင့် ငွေလွှဲပို့ပေးခဲ့သူဖြစ်ကြောင်း သိရသည်။

ခင်မောင်သန်းနှင့် မောင်ဝင်းတို့သည် တရွာတည်းနေထိုင်သူများဖြစ်ပြီးအခင်းဖြစ်နေအိမ်များတွင် နေထိုင်သည့် အထောက်အထားများနှင့် တရားပြေးဝင်းလှိုင်နှင့်ဆက်သွယ်မှုများကြောင့် ပြစ်ဒဏ်ချခံရခြင်းဖြစ်ကြောင်း သိရသည်။

တရားခံပြေးကြေညာထားသည့် ဝင်းလှိုင်၏ဇနီးဖြစ်သူ မဝင်းငြိမ်းခိုင်အား ပါဝင်ပတ်သက်သည်ဟုဆိုကာ အမှုနှစ်ခုအတွက် ထောင်ဒဏ် ၃၂နှ စ်ချမှတ်ခဲ့သည်။ မဝင်းငြိမ်းခိုင်နှင့်ဦးလေးတော်စပ်ပြီး သူမနေအိမ်တွင် ယာဉ်မောင်းလုပ်ကိုင်သူ ညွန့်ဝင်းကိုမူ အမှု ၃ မှုအတွက် ထောင်ဒဏ် ၄၈ နှစ်ချမှတ်ခဲ့သည်။

မဝင်းငြိမ်းခိုင်မှ လင်မယားချင်းအဆင်မပြေသဖြင့် ဝင်းလှိုင်နှင့် ၂၀၁၅ ခုနှစ်ဖေဖော်ဝါရီလကတည်းက ကွာရှင်းထားကြောင်းနှင့် ကွာရှင်းစာချုပ်အားတရားရုံးသို့တင်ပြခဲ့သည်။ ယင်းစာချုပ်သည် လင်မယားကွာရှင်းပြီးကြောင်းခိုင်မာလုံလောက်သည့်သက်သေအဖြစ် ယုံကြည်လက်ခံရန် မဖြစ်နိုင်ကြောင်း တရားသူကြီးက သုံးသပ်ခဲ့သည်။

ဒဂုံအရှေ့ပိုင်းမြို့နယ်၊ ၁၁၀ ရပ်ကွက်၊ အင်ကြင်းလမ်းနေအိမ်မှ စိတ်ကြွဆေးပြား ၃၈သိန်းကျော်နှင့်အတူ ဖမ်းမိ သည့် သိန်းထွန်းအေးနှင့် အောင်တင်ဝင်းတို့အားယင်းတမှုတည်းအတွက် မူး/စိတ်ပုဒ်မ ၂၀(က)ဖြင့် ထောင်ဒဏ် နှစ် ၂၀ စီချမှတ်ခဲ့သည်။

ယင်းအမှုတွင် ထွန်းဇော်ဌေး(ခ)ကျော်ဌေးနှင့် ထွန်းမင်းတို့ကိုလည်း မူး/စိတ်ပုဒ်မ၂၀(က)/၂၁ ဖြင့် ထောင်ဒဏ် ၁၆ နှစ်စီချမှတ်ခဲ့သည်။

သိန်းထွန်းအေးသည် အခင်းဖြစ်အိမ်အား၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ လာရောက်ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း တရားလိုပြသက်သေတဦးက ထွက်ဆိုခဲ့သည်။

အောင်တင်ဝင်းသည် အလုပ်ရှာရန် ရန်ကုန်သို့ရောက်ရှိစဉ် တရွာတည်းနေသူငယ်ချင်း သိန်းထွန်းအေးထံ တညတည်းခိုးခဲ့ပြီး ၎င်းတို့အတူ အလုပ်ရှာရန်ထွက်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းအောင်တင်ဝင်းက ထွက်ဆိုခဲ့သည်။

ထွန်းဇော်ဌေး(ခ) ကျော်ဌေးသည် တရားခံပြေးဖြစ်သူ လှမောင်၏ဇနီးမမြတ်နှင်းအေး၏ အကိုဖြစ်သည်။ ၎င်းတို့အား သဘောမတူ၍ ဆက်သွယ်မှုမရှိကြောင်း၊တရားခံပြေး ကျော်အေးလှိုင်၏ နေအိမ်အားပြုပြင်ပေးစဉ် ကျာ်အေးလှိုင်၏ကားအားအသုံးပြုခဲ့ပြီး အဆောင်၌ ထိန်းသိမ်းထားစဉ် ဖမ်းဆီးခံရခြင်းကြောင်း ထွက်ဆိုခဲ့သည်။

ကျူရှင်ဆရာဖြစ်သူ ထွန်းမင်းသည် နေမင်းထွန်းကားဂိတ်တွင် စာရေးအဖြစ်လုပ်ကိုင်သူဖြစ်ပြီး ယင်းကားလိုင်းဖြင့် ပေးပို့ခဲ့သည့် ကော်ဇောလိပ်များအတွင်းမှ မူးယစ်ဆေးများဖမ်းမိမှုတွင် တာဝန်ရှိသည်ဟုဆိုကာ ဖမ်းဆီးခံရခြင်းဖြစ်သည်။

စံချိန်တင် မူးယစ်ဆေးများနှင့် KDD ကုမ္မဏီကမ္ဘာတွင် ဒုတိယအများဆုံးနှင့် အာရှတွင်ပမာဏအများဆုံးအဖြစ် မူးယစ်ဆေးပြားများကိုမင်္ဂလာဒုံမြို့နယ်၊ စက်မှုဇုန်နယ်မြေအတွင်း လမ်းမပေါ်တွင် ရပ်တန့်ထားသည့် KDDကုမ္ပဏီပိုင် ယာဉ်ပေါ်မှ ၂၀၁၅ ခုနှစ် ဇူလိုင် ၂၆ ရက်တွင် ဖမ်းမိခဲ့သည်။

မူးယစ်ဆေးများနှင့်ပတ်သက်ပြီး သြဂုတ် ၃ ရက်နေ့တွင် မရမ်းကုန်းမြို့နယ်ရှိကုမ္မဏီရုံးနှင့် ဝန်ထမ်းများ ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေစစ်ဆေးစဉ်တွင် ကုမ္မဏီပိုင်ရှင်ဖြစ်သည့်မင်းဦးခိုင်က ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

ဆက်စပ်ဖော်ထုတ်ချက်များအရ KDD ကုမ္မဏီလိပ်စာတခုဖြစ်သည့် ဒဂုံမြောက်ပိုင်းမြို့နယ်၊ ၄၁ရပ်ကွက်ရှိ နေအိမ်တွင်လည်း ဆေးပြား ၁၅ သိန်းအား စက်တင်ဘာ ၃ ရက်နေ့တွင်ဖမ်းမိခဲ့ခြင်းဖြစ်သည်။

အမှုတွင် ထွက်ပြေးတိမ်းရှောင်ခဲ့သည့် မင်းဦးခိုင်အား ထိုင်းနိုင်ငံ၊ မဲဆောက်ခရိုင်အတွင်း ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့တွင် မြဝတီမြို့မှ မြန်မာနိုင်ငံမူးယစ်တပ်ဖွဲ့က လွှဲပြောင်းဖမ်းဆီးခဲ့သည်။

တရားရုံးနှင့် ရဲမှတ်တမ်းများအရ မင်းဦးခိုင်၏ ဖော်ထုတ်ချက်ဖြင့် စက်တင်ဘာ ၂၁ ရက်နေ့တွင် လုပ်ဖော်ကိုင်ဖက်များဖြစ်သည့် ဝင်းလှိုင် ဝယ်ယူထားသည့် ဒဂုံအရှေ့မြို့နယ်၊ တက္ကသိုလ်ရိပ်မွန်အိမ်ယာ၊

ဂန္ဓမာလမ်းနေအိမ်ဂိုထောင်မှ စိတ်ကြွဆေးပြား ၁၉ သိန်းကျော်တို့ကိုဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ စက်တင်ဘာ ၂၆ ရက်နေ့တွင်ဝင်းလှိုင်နှင့်ကျော်အေးလှိုင်တို့ ငှားရမ်းထားသည့် ဒဂုံအရှေ့မြို့နယ်၊ ၁၁၀ ရပ်ကွက်၊အင်းကြင်းလမ်းနေအိမ်မှ စိတ်ကြွဆေးပြား ၃၈ သိန်းကျော်နှင့် ICE ၃၅၀ဂရမ်အားလည်းကောင်း ဖမ်းမိခဲ့သည်။

ယင်းသို့ ဒဂုံအရှေ့နှင့် ဒဂုံမြောက်မြို့နယ်တို့တွင် ဖမ်းမိသည့် မူးယစ်ဆေးဝါး အမှု ၃ခုနှင့်ပတ်သက်ပြီး ပစ်ဒဏ်ချမှတ်ခံရသူများတွင် မင်းဦးခိုင် ပါဝင်ခြင်းမရှိဘဲတရားလိုသက်သေ(လိုပြ-၂၀) အဖြစ် ထွက်ဆိုပေးခဲ့သည်ကို တရားရုံးမှတ်တမ်းတွင်ဖော်ပြထားသည်။

မင်းဦးခိုင်မှ သက်သေအဖြစ်ထွက်ဆိုရာတွင် ဝင်းလှိုင်၊ ကျော်အေးလှိုင်တို့နှင့်အတူ KDDကုမ္မဏီတည်ထောင်ကာ ပုဇွန်များ နိုင်ငံခြားတင်ပို့သည့် လုပ်ငန်းလုပ်ကိုင်ခဲ့ကြောင်း၊ ဝင်းလှိုင်နှင့် ကျော်အေးလှိုင်တို့ မူးယစ်ဆေးရောင်းဝယ်မှုကိစ္စများအားမသိရှိကြောင်းနှင့် ဒဂုံမြောက်မြို့နယ်ရှိ နေအိမ်များသို့ ရောက်ဖူးခြင်းမရှိကြောင်းထွက်ဆိုခဲ့သည်။

တရားရုံးသို့ ရဲတပ်ဖွဲ့တင်ပြသည့် မှတ်တမ်းများအရ မူးယစ်ဆေးများ ဖမ်းမိသည့်ဒဂုံမြောက်ပိုင်းမြို့နယ်မှ နေအိမ်မှာ KDD ၏ ရုံးလိပ်စာတခုသာဖြစ်ပြီးတရားခံပြေးလှမောင်နှင့် ဆက်စပ်ကြောင်းသိရသည်။

ယင်းထွက်ဆိုမှုများသည် ရဲထံအစစ်ခံချက်နှင့် ကွဲလွဲနေသည့်အတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၆၂ အရ ရဲထံအစစ်ခံချက်နှင့် တိုက်ဆိုင်စစ်ဆေးခဲ့ရကြောင်းလည်း သိရသည်။

လက်ရှိ မြောက်ပိုင်းခရိုင်တရားရုံးတွင် မူးယစ်ဆေးမှုဖြင့် အမှုရင်ဆိုင်နေသည့် မင်းဦးခိုင်အား ဒဂုံမြောက်မြို့မရဲစခန်းမှ မူး/စိတ် (ပ) ၁၅/၂၀၁၅နှင့် သာကေတနယ်မြေရဲစခန်းမှ မူး/စိတ်(ပ) ၆/၂၀၁၅ တို့ဖြင့်လည်း အမှုဖွင့်ခဲ့ကြောင်းသိရသည်။

မင်းဦးခိုင်သည် အမေရိကန်နိုင်ငံ Indiana University Bloomington မှ ဘွဲ့ရခဲ့ပြီး Peace Makers Co.,Ltd တွင်လည်း လုပ်ကိုင်ခဲ့ဖူးကြောင်း၊ ၎င်းဖွင့်ထားသည့် KDD ကုမ္ပဏီအနေဖြင့်

ရေထွက်ပစ္စည်းများအား အမေရိကန်၊ ဂျပန်နှင့် ဟောင်ကောင် တို့ကိုအဓိကတင်ပို့ကြောင်းတို့ကို လူမှုကွန်ရက်တခုဖြစ်သည့် LinkedIn ၎င်းက ဖော်ပြထားခဲ့သည်။

KDD ကုမ္မဏီအား ၂၀၁၄ ခုနှစ် ဝင်ဘာ ၁၃ ရက်နေ့တွင် မှတ်ပုံတင်ထားပြီး မင်းခိုင်ဦးနှင့်ကျော်အေးဆိုသူတို့ ဒါရိုက်တာအဖွဲ့တွင် ပါဝင်ကြောင်း ကုမ္မဏီများ မှတ်ပုံတင်ရေးဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။

KDD မှ ပြည်ပတင်ပို့မည့် ရေထွက်ပစ္စည်းများအား လှိုင်သာယာမြို့နယ်၊ေ ရွှလင်ပန်းစက်မှုဇုန်ရှိ ထွန်းနေလင်း အအေးခန်းစက်ရုံတွင် သိုလှောင်အေးခဲကာ ထုပ်ပိုးမှုပြုလုပ်ရကြောင်းသိရသည်။

အမှုများနှင့်ပတ်သက်ပြီး ဝင်းလှိုင်၊ ကျော်အေးလှိုင်၊လှမောင်နှင့် ဝမ်တာချိန်တို့အပါအဝင် ၁၀ ဦးခန့်ကို တရားခံပြေး အဖြစ် ကြေညာထားပြီး ယနေ့အထိဖမ်းဆီးရမိခြင်းမရှိသေးကြောင်းသိရသည်။

ဆက်စပ်ဖတ်ရှုရန်စိတ်ကြွဆေးပြား ၃၃ သန်းကျော် ဖမ်းဆီးရရှိမှု သံသယ တရားခံများကို တရားစွဲနိုင်ရန် ရဲတပ်ဖွဲ့ စီစဉ်နေ

Did you find apk for android? You can find new Free Android Games and apps.
Loading