သတင်း

နမ္မတူမြို့နယ်အတွင်း RCSS နှင့် TNLA စစ်ရေး တင်းမာနေ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်အတွင်းမှာ မကြာခဏ တိုက်ပွဲဖြစ်ပွားနေသော ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ(RCSS/SSA)နှင့် တအန်း(ပလောင်)အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ကြား စစ်ရေး တင်းမာနေဆဲ ဖြစ်ကြောင်း သိရသည်။

သြဂုတ် ၅ ရက်က နံနက်ပိုင်း ၉ နာရီ ၃၅ မိနစ်မှ ၉ နာရီ ၅၀ မိနစ်ထိ နမ္မတူမြို့နယ်၊ ပန်ကွက်ကျေးရွာနှင့် ပန်ဆော ကျေးရွာကြား RCSS နှင့် TNLA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြသည်။

TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က “ မနေ့က ခဏလေး ဖြစ်တယ်။ တိုက်ပွဲက မိနစ် ၂၀ လောက်ပဲ ကြာတယ်၊ သူက ကျနော်တို့ ရှိတဲ့ ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်လာတယ်။ ပစ်လာ ပြီးမှ ကျနော်တို့လည်း ပြန်ပစ်တယ်။ ပြီးတော့ တိုက်ပွဲက ငြိမ်လာတယ်၊ တိုက်ပွဲက နှစ်ဖက် ရင်ဆိုင် ပစ်တာ။ မနေ့က ဖြစ်တယ်။ ဒီနေ့ မဖြစ်ဘူး ဘာမှတော့ မကြားသေးဘူး”ဟု ပြောသည်။

အဆိုပါ တိုက်ပွဲ ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး RCSS မှ တာဝန်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဦးကို ဖုန်းဆက် မေးမြန်း သော်လည်း ဖုန်းကိုင် ဖြေကြားခြင်း မရှိခဲ့ပါ။

နမ္မတူမြို့နယ်၊ မိုင်းရင်ကျေးရွာမှ ဒေသခံ တဦးက “ အခုတော့ တိုက်ပွဲ ငြိမ်နေတယ်။ ဘာမှ မကြားသေးဘူး။ စစ်ရေးကတော့ နှစ်ဖက် တင်းမာနေတာပဲ မကြာခဏ ဖြစ်နေတာ။ အတတ်နိုင်ဆုံး တိုက်ပွဲ မဖြစ်အောင် ၂ ဖက် ထိန်းပေးစေချင်တယ်။ ဒေသခံတွေ ဒုက ္ခတအား ရောက်ရတယ်”ဟု ပြောသည်။

လက်ရှိမှာတော့ နမ္မတူမြို့နယ်အတွင်းမှာ RCSS နှင့် TNLA ကြား တိုက်ပွဲ ပြန်လည် ငြိမ်သက်သွားသော်လည်း စစ်ရေး တင်းမာနေဆဲ ဖြစ်ကြောင်း TNLA ဘက်က တာဝန်ရှိသူတဦးက ပြောသည်။

“အဲဒီဘက်မှာ ကြာပြီ နှစ်ဖက် ရင်ဆိုင်ထားတာပေါ့နော်။ အဲမှာ ဖြစ်လိုက် ပြန်ငြိမ်လိုက် အဲလိုမျိုး ဖြစ်နေတာ၊ မကြာ ခဏတော့ ဖြစ်တယ်။ စစ်ရေးကတော့ ကြာပြီး အဲဒီ (နမ္မတူမြို့ နယ်) ဘက်မှာ တင်းမာနေတာ၊ ပြီးခဲ့တဲ့ နှစ် ကတည်းက တဖက်က ပြန်တက်လာလိုက်၊ လက်နက်ကြီး ပစ် လိုက်၊ ပြီးရင် ပြန်ငြိမ်သွားလိုက်၊ တခါတလေ သူတို့ဘက်က လက်နက် ကြီးတွေ လှမ်းပစ်လိုက် ကျနော်တို့ ဘက်က ပြန်ပစ်တာ အဲလိုမျိုးတော့ ရှိတယ်။ တိုက်ပွဲ မဖြစ်တာတော့ မရှိဘူး” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်က ၂၀ ရက်ထိလည်း RCSS နှင့် TNLA- SSPP ပူးပေါင်း တပ်ဖွဲ့တို့ကြား နမ္မတူ မြို့နယ်၊ မိုင်းမုကျေးရွာအုပ်စု၊ ပန်လုံကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် အနီးအနားရှိ ကျေးရွာများ မှ ဒေသခံ ၁၀၀၀ ဝန်းကျင် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။

RCSS နှင့် TNLA တို့ နမ္မတူမြို့နယ်အတွင်းမှာ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လက တိုက်ပွဲ ဖြစ်ပွားမှု ၇ ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက သြဂုတ် ၅ ရက် ထုတ်ပြန်ထားသည်။

RCSS နှင့် TNLA ကြား ဖြစ်ပွားသော တိုက်ပွဲများ ရပ်တန့်နိုင်ရေးအတွက် ၂၀၁၇ ခုနှစ်က နှစ်ဖက် တာဝန်ရှိသူ များ တွေ့ဆုံ ဆွေးနွေးခဲ့ကြသော်လည်း တစုံတရာ သဘောတူညီမှု ရယူနိုင်ခြင်းမရှိခဲ့ပါ။ သို့သော်လည်း နောက်ထပ် ပြန်လည် တွေ့ဆုံရန် ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

နောက်ထပ် တွေ့ဆုံ ညှိနှိုင်းရေးအတွက် TNLA ဘက်က ၂၀၁၇ ခုနှစ်အတွင်းကပဲ စာပို့ အကြောင်းကြားထား ရာ RCSS ဘက်က တစုံတရာ အကြောင်းပြန် ကြားလာခြင်းမရှိကြောင်းလည်း TNLA ဘက်က ပြောသည်။

RCSS နှင့် TNLA ကြား ၂၀၁၅ ခုနှစ်၊နိုဝင်ဘာလက နယ်မြေ အငြင်းပွားရာကနေ စတင်၍ ယနေ့တိုင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ မြို့နယ်၊ သီပေါမြို့နယ်၊ နမ္မတူမြို့နယ် စသည့် မြို့နယ်များအတွင်း မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိ သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading