အင်ဒိုနီးရှားနိုင်ငံ လန်းဘော့ကျွန်းတွင် ယမန်နေ့ ညနေက လှုပ်ခဲ့သော ၆.၉ မဂ္ဂနီကျု့ငလျင်ကြောင့် သေဆုံးသူအနည်းဆုံး ၉၁ ဦး အထိ မြင့်တက်လာရာ ကယ်ဆယ်ရေးသမားများမှာ အဆောတလျင် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေရ ကြောင်း သိရသည်။
တနင်္ဂနွေနေ့ညနေပိုင်းက လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ထောင်နှင့်ချီသော အဆောက်အဦများ ပျက်စီးခဲ့ပြီး၊ လူနေ အိမ်များ၊ ဗလီများနှင့် စာသင်ကျောင်းများ အကြားမှ အသက်ရှင်ကျန်ရစ်သူ များကို ကယ်ဆယ်ရေးအဖွဲ့များက လိုက်လံရှာ ဖွေနေသည်။
အမျိုးသား သဘာဝဘေးဌာနမှ ပြောခွင့်ရသူ ဆူတိုပိုပါ ဝိုနူဂရိုဟိုက “ရှာဖွေကယ်ဆယ်ရေးအဖွဲ့က အပျက်အစီးများတဲ့ နေရာမှာ ရှင်းလင်းပြီး ကယ်ဆယ်ရေးလုပ်နေပါတယ်၊“ထိခိုက်တဲ့သူအရေအတွက် ပိုများလာမယ်လို့ ကျနော်တို့ ခန့်မှန်း ပါတယ်” ဟု ပြောသည်။
ငလျင်လှုပ်ခတ်ပြီးနောက် ဆူနာမီသတိပေးမှုများထုတ်ပြန်ခဲ့ကာ နောက်ပိုင်းတွင် ယင်းသတိပေးမှုများ ပြန်လည်ရုတ် သိမ်း ခဲ့သည်။ အရှေ့တောင်အာရှ၏ထိပ်တန်းခရီးသွားဆွဲဆောင်ရာ ဘာလီကျွန်း တွင်လည်း ၎င်းငလျင်ဒဏ်ကို ခံစားခဲ့ရာ တုန်ခါ မှုပြင်းထန်သဖြင့် ကမ္ဘာလှည့်ခရီးသွားများ လမ်းပေါ်သို့ ပြေးထွက်ခဲ့ကြသည်။
လန်းဘော့ကျွန်းဒေသခံများနှင့် ခရီးသွားဧည့်သည်များမှာ ငလျင်ကြောင့် အဆောက်အဦများပြင်ပသို့ ထိတ်လန့် တကြား ပြေးထွက်ခဲ့ရာ နောက်ထပ် ၅.၃ မဂ္ဂနီကျု့အဆင့် နောက်ဆက်တွဲ ငလျင်များ ဆက် လက်လှုပ်ခတ်ခဲ့ရာ လူအများအပြားမှာ တုန်လှုပ်ခြောက်ခြားစွာဖြင့် လမ်းပေါ်တွင် တညတာ ကုန်ဆုံး ခဲ့ရသည်။
ယနေ့အထိ လျှပ်စစ်မီးပြတ်တောက်နေပြီး အဓိကမြို့ကြီးဖြစ်သည့် မာတာရန်၌ ပျက်စီးနေသော ဆေးရုံများပြင်ပတွင် သွေးအလိမ်းလိမ်းဖြင့် ထိခိုက်ဒဏ်ရာရသူများကို ကုသနေပေးရသလို၊ လူနာများကို ယာယီရွက်ဖျင်တဲများအောက်တွင် နေရာချထားကာ ဒရစ်ပုလင်းချိတ်သည့်တိုင်များ၊ မော်နီတာများ ဝိုင်းရံကာ ခွဲစိတ်ခန်းဝတ်စုံပြာနှင့်ဆရာဝန်များက ကြည့်ရှုကုသပေးနေရသည်။
ကမ္ဘာတလွှားမှ အားလပ်ရက်ခရီးသွားသူများ ကမ်းခြေအပန်းခြေခြင်းနှင့်တောင်တက်ခြင်းတို့အတွက် ဆွဲဆောင်မှုကောင်း သည့် လန်းဘော့ကျွန်းတွင် ရက်သတ္တတပတ်အတွင်း ဒုတိယအကြိမ် ငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
ဘာလီကျွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်လည်း ငလျင်ဂယက်ခံစားသိရှိရသော်လည်း လေယာဉ် ပြေးလမ်းများနှင့် လေကြောင်းပို့ဆောင်ရေးမှာ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နိုင်ခဲ့ကြောင်း သဘာဝဘေးဌာနမှ တာဝန်ရှိသူများက ပြောသည်။