နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံများ၏ ကျွန်းတံခါးများ၊ ကျွန်းဘောင်များကို ပေါ်လစ်တင် ဆေးသုတ်ရာ၌ ကုန် ကျ သည့် အသုံးစရိတ်နှင့် ပတ်သက်ပြီး စုံစမ်းရေး ကော်မတီတရပ် ဖွဲ့၍ စစ်ဆေးခဲ့ရာ ပုံမှန်ထက် ၃ ဆ ပိုမို ကုန်ကျနေ ကြောင်း သိရသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် လွှတ်တော် အဆောက်အအုံများ အရောင်တင် စရိတ် (ပေါ်လစ်တင်ခြင်း) ကျပ် သိန်းပေါင်း ၅၈၀၀ ကုန်ကျခဲ့ကြောင်း စာရင်းတင်ပြမှုကို စုံစမ်း စစ်ဆေးခဲ့ရာ အမှန်တကယ်တွင် ၄ ပုံ တပုံသာ ကုန်ကျသည်ကို တွေ့ရ ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင် က ပြောသည်။
“သိန်း ၅၈၀၀ ဆိုတာ ဒီနှစ် တခုတည်း။ သုံးပြီးပြီ ကုန်လာပြီ။ ဘယ်လောက် ကုန်တယ်ဆိုပြီးမှ ကျမတို့ဆီကို စာရင်းရောက် တာ။ အခုလည်း သုံးပြီးမှသိလို့ ချက်ချင်း ကန့်ကွက်ခဲ့တာ။ အခုဟာက သုံးပြီးသွားပြီ”ဟု ၎င်းက ယနေ့ လွှတ်တော် အစည်း အဝေး အပြီးတွင် သတင်းထောက်များကို ပြောသည်။
၎င်းးတို့ ကော်မတီ၏ တွေ့ရှိချက်များတွင် သုတ်ဆေးများသည် အရည်အသွေး မမီ၍ တချို့နေရာများတွင် ဆေးများ လောင် ပြီး ပျက်စီး နေသည်များကိုပါ တွေ့ရကြောင်း၊ ထို့ပြင် တင်ပြထားသည့် စရိတ်၏ ၄ ပုံ ၁ ပုံသာ ကုန်ကျကြောင်းကို လည်း စုံစမ်းတွေ့ရှိချက် အစီရင်ခံစာရေးကာ လွှတ်တော်များ အုပ်ချုပ်မှု ပူးပေါင်း ကော်မတီ ဥက္ကဋ္ဌ အမျိုးသား လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးအေးသာအောင်ထံသို့ တင်ပြ ထားကြောင်း၊ ဦးအေးသာအောင်က တဆင့် ပြည်ထောင်စု လွှတ်တော် နာယက ထံသို့ ထပ်မံ တင်ပြထားကြောင်း ဆိုသည်။
လွှတ်တော်များ ဆိုင်ရာ အုပ်ချုပ်မှု ပူးပေါင်း ကော်မတီ ဥက္ကဋ္ဌမှာ အမျိုးသား လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးအေးသာအောင်၊ ဒု ဥက္ကဋ္ဌ မှာ ပြည်သူ့လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အဖွဲ့ဝင်များ အဖြစ် ပြည်သူ့လွှတ်တော်မှ ကိုယ်စားလှယ် ၂ ဦး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၂ ဦးတို့ ပါဝင်ကြောင်း သိရသည်။
စုံစမ်းစစ်ဆေးရေး အဖွဲ့ ခေါင်းဆောင်လည်း ဖြစ်သူ ဒေါ်ယဉ်မင်းလှိုင် က “ဆုံးဖြတ်တာက လူကြီးတွေ ဆုံးဖြတ်မှာ။ ကော်မတီဝင် အင်ဂျင်နီယာတွေ အနေနဲ့ ကျမက အဖွဲ့ခေါင်းဆောင် အဖြစ် စစ်ဆေးတယ်။ အစီရင်ခံစာ တင်တယ်။ လို အပ် သလို အရေးယူ ဆောင်ရွက်နိုင်ပါရန် ဆိုပြီးတော့ ပညာရပ်ပိုင်း ဆိုင်ရာ စစ်ဆေး တင်ပြတာပါ”ဟု ပြောသည်။
ပေါ်လစ်တင်ခြင်း ကိစ္စကို စုံစမ်းစစ်ဆေးခြင်းသည် လွှတ်တော်နှင့် သမ္မတ အိမ်တော်၏ ပြုပြင်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများကို စီမံခန့်ခွဲသည့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အိုးအိမ်ဦးစီးဌာန လက်အောက်မှ အရာရှိများကို ဖြစ်ကြောင်း ယင်းစုံစမ်းရေး ကော်မတီက ပြောပြသည်။
အဆိုပါ လွှတ်တော် ပြုပြင်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများ စီမံခန့်ခွဲသည့် အဖွဲ့က လွှတ်တော် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ သာမန် အသုံးစရိတ် ဘတ်ဂျက်မှ ခွဲဝေ သုံးစွဲခြင်း ဖြစ်သည်ဟု ဒေါ်ယဉ်မင်းလှိုင် က ပြောသည်။
၎င်းက ဆက်လက်၍ “လွှတ်တော်ရဲ့ ဘတ်ဂျက် သီးသန့်ထားတာ။ ဆောက်လုပ်ရေး အောက်မှာ မထားပါနဲ့။ ထားလို့ ရှိရင် ကိုယ်က တခုခု အပြစ်ပြောလိုက်တယ်ဆိုရင် သူက သူ့ဝန်ကြီးဌာန နောက်မှာ သွားပုန်းတယ်။ သူ့ဝန်ကြီးဌာနက လမ်းညွှန် သလိုလို ဖြစ်တယ်။ သူ့ဝန်ကြီးဌာနက ကျတော့လည်း လွှတ်တော်ပိုင်းနဲ့ ပတ်သက်တာမျိုးကို သူတို့ကို သိပ်ပြီးတော့ ဖိအား မပေးဘူး။ ဝန်ထမ်းပိုင်းဆိုင်ရာ အားနည်းချက် ရှိနေတယ်။ အဲဒါကြောင့် ငွေကုန်ပေမယ့် အကျိုးမရှိတဲ့ ကိစ္စတွေ ဖြစ်နေ တာ”ဟုလည်း ထောက်ပြသည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာနကမူ ယင်းကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂ လခန့်ကပင် ဌာနတွင်း စုံစမ်းခဲ့ပြီး လွှတ်တော်သို့ အစီရင်ခံစာ တင်ပြခဲ့ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန အဆောက်အအုံ ဦးစီးဌာန၏ ဒုညွှန်ချုပ် ဦးမြင့်ဇော်က ပြော သည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးမြင့်ဇော်က“ဒီကိစ္စက လွန်ခဲ့တဲ့ ၂ လ လောက်ကတည်းက ပြီးတဲ့ အနေ အထားမှာ ရှိတယ်။ ပြီးတယ်ဆိုတာက ကျနော်တို့ကတော့ ဆေးသုတ်တယ် ဆိုတဲ့ နေရာမှာ ဆေးအရေအတွက် မှန်သလား။ ကျင်း မှန်သလား၊ ဈေးနှုန်းမှန်သလား ဆိုတာကို ဒါကိုပဲ ကြည့်ပြီးတော့ လွှတ်တော် ဥက္ကဋ္ဌ ဆီကို Report ပြန်ပေးထားပါတယ်။ ဆုံးဖြတ် တာကတော့ သူတို့ပဲ ဆုံးဖြတ်ပါလိမ့်မယ်”ဟု ပြောဆိုသည်။
ယခုလို အသုံးစရိတ်များ တင်ပြခြင်းကို ယခင် လွှတ်တော် သက်တမ်းကပင် တင်ပြခဲ့ခြင်း ဖြစ်ပြီး ထိုစဉ်က လွှတ်တော် ပူးပေါင်းကော်မတီတွင် ကိုယ်စားလှယ်များ ပါဝင်ခွင့် မရခဲ့ကြောင်း၊ နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြား ချက်ဖြင့် လွှတ်တော် ကိုယ်စားလှယ်များထဲမှ အင်ဂျင်နီယာ ဘွဲ့ရ ကိုယ်စားလှယ် ၄ ဦး ပါဝင်ခွင့် ရလာခြင်း ဖြစ်ကြောင်း သိရသည်။
လွှတ်တော်များ ဆိုင်ရာ အုပ်ချုပ်မှု ပူးပေါင်း ကော်မတီဝင် တဦးဖြစ်သူ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိုက်က “နောင်ကို ဒီလို လေလွင့်မှုတွေ မဖြစ်အောင် ကျနော်တို့ ကော်မတီက ဂရုစိုက်ရမှာပေါ့။ ဒီလိုတွေ မဖြစ်စေချင်လို့ ပြောခဲ့ ပြီးပြီ။ နောက်ဆုံး သည်းမခံနိုင်တော့လို့ ကျနော်တို့က စပြီး ထုတ်ပြောခဲ့တာ။ ကျနော်တို့ ကိုယ်တိုင်လည်း အဂတိတရား တွေ ကင်းရှင်းအောင် ကြိုးစားနေတယ်”ဟု ဧရာဝတီသို့ ပြောသည်။
၂၀၁၈-၁၉ ဘဏ္ဍာနှစ် အတွက် ပြည်သူ့လွှတ်တော် အနေဖြင့် အသုံးစရိတ် ကျပ် ၉၄၁၄.၆၆၉ သန်း တောင်းခံထားပြီး သာမန် အသုံး စရိတ် ကျပ် ၉၂၃၂.၂၃၂ သန်း၊ ငွေလုံး ငွေရင်း အသုံးစရိတ် ကျပ် ၁၈၂.၄၃၇ သန်း သုံးစွဲခွင့် ရရှိရန် ဇူလိုင်လ ၂၆ ရက် နေ့ က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြထားကြောင်း သိရသည်။