ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် နီးလာသဖြင့် မုံရွာမြို့မှ အခြေစိုက်၍ ချင်းတွင်းမြစ်တွင်း ပြေးဆွဲနေသည့် ရေယာဉ်များ ပြေးဆွဲမှု ခေတ္တ ရပ်နားထားကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ရေကြောင်း ပို့ဆောင်ရေး ညွန်ကြားမှု ဦးစီး ဌာန က သိရသည်။
မုံရွာမြို့၏ ချင်းတွင်းမြစ်ရေ အမြင့်ဆုံး စိုးရိမ်ရေမှတ်မှာ ၁၀၀၀ စင်တီမီတာ ဖြစ်ပြီး ယခုအခါ စိုးရိမ်ရေ အမှတ်သို့ ရောက်ရှိ ရန်နီးနေသဖြင့် ရေယာဉ်များ ပြေးဆွဲရာတွင် အန္တရာယ် တစုံတရာ ဖြစ်ပေါ်မှု မရှိစေရန် ကြိုတင် ကာကွယ်သည့် အနေဖြင့် ပြေးဆွဲနေသည့် ရေယာဉ်များ အားလုံးကို သြဂုတ်လ ၆ ရက် နေ့လယ် ၁ နာရီ အချိန်မှ စတင်၍ သွားလာမှုများ ခေတ္တ ရပ် နားထားခြင်း ဖြစ်သည်။
စစ်ကိုင်းတိုင်း ဒေသကြီး ရေကြောင်း ပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးအောင်သန်းက “စိုးရိမ်ရေမှတ် ရောက်ရှိဖို့ ၂၂ စင်တီမီတာပဲ လိုတော့တာမို့ ယာယီ ရပ်နား လိုက်တာပါ။ ဘယ်လောက် ကြာမယ်ဆိုတာ ပြောလို့ မရသေး ဘူး။ မိုးရွာတဲ့ အပေါ်မှာ မူတည်တယ်။ အထက်မှာ မိုးများပြီး ရေထပ်တိုးတယ် ဆိုရင် ရပ်နားတာ နည်းနည်း အချိန်ကြာ မယ်” ဟု ပြောသည်။
မုံရွာမြို့မှ အခြေပြု၍ ချင်းတွင်းမြစ် အတွင်း၌ ခရီးသည်တင် ရေယာဉ် နေ့စဉ် ၁၀ စီး ပြေးဆွဲလျက်ရှိကာ ကုန်တင်ရေယာဉ် ၁၂ စီးခန့် ပြေးဆွဲလျက် ရှိကြောင်း မုံရွာမြို့ ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကြီးကြပ်မှု ကော်မတီသို့ မှတ်ပုံ တင်ထားသည့် စာရင်းများတွင် ဖော်ပြထားသည်။
အဆိုပါ ကော်မတီသို့ မှတ်ပုံတင်ထားသည့် ခရီးသည်တင်ယာဉ် ၁၃၇ စီး၊ ကုန်တင်ယာဉ် ၅၇၇ စီးရှိပြီး ခရီးသည်တင် ရေ ယာဉ် အသင်း ၁၉ သင်းနှင့် ကုန်တင်ရေယာဉ် အသင်း ၂၀ ရှိကြောင်း သိရသည်။
ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်သို့ ရောက်ရှိမှုကြောင့် နှစ်စဉ် ရေယာဉ် သွားလာမှုများကို ယာယီ ရပ်နားထားရလေ့ ရှိပြီး ၂၀၁၅ ခုနှစ်က ရပ်နားထားမှုမှာ တလခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။
ဦးအောင်သန်းက ဆက်လက်၍“နှစ်တိုင်း ရပ်နားရ တတ်ပါတယ်။ ချင်းတွင်းမြစ်ရေ ကြီးပြီဆိုတာနဲ့ မလိုလားအပ်တဲ့ အန္တရာယ် တွေ ဖြစ်လာမှာစိုးလို့ ရပ်နားတာပါ။ ရေကြီးပြီဆိုရင် ဝဲတွေ ဖြစ်တယ်။ ဝဲတွေဖြစ်ရင် ရေယာဉ်တွေ မှောက်တတ် တယ်။ အဲဒီလို ရေယာဉ်တွေ မှောက်တတ်လို့ ရေတက်တဲ့ ရာသီဆိုရင် ခေတ္တရပ်နားပါတယ်။ အဓိကတော့ ရေယာဉ်တွေနဲ့ လူတွေ အန္တရာယ် မရှိစေချင်လို့ပါပဲ”ဟု ဆိုသည်။
ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်သို့ရောက်ရှိလာမှုကြောင့် သြဂုတ်လ ၅ ရက်က ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲ ရေး ကြီးကြပ်မှု ကော်မတီဝင်များ၊ ရေယာဉ်အသင်း ပိုင်ရှင်များ၊ ရေယာဉ်ပိုင်ရှင်များနှင့် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြား မှု ဦးစီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းကာ အမြန်ရေယာဉ်များ အနေဖြင့် သြဂုတ်လ ၆ ရက် နေ့လယ် ၁ နာရီ နောက်ဆုံးထား ပြေးဆွဲထွက်ခွာကြရန် ဆုံးဖြတ်ကြခြင်း ဖြစ်သည်ဟု သိရသည်။
မုံရွာမြို့ ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေးကြီးကြပ်မှု ကော်မတီ အတွင်းရေးမှူး ဦးဇော်ဝင်းက“တပတ် လောက် ကြာချင်လည်း ကြာမယ်။ နှစ်ပတ်လောက်လည်း ဖြစ်သွားနိုင်တယ်။ ရေမကျမချင်း ပိတ်ထားရမှာ။ အထက်ပိုင်း ဘက်က ရေလုံးဝ ကျသွားပြီဆိုမှ ပြန်ဖွင့်ပေးမယ်။ ရပ်နားထားတဲ့ အချိန်မှာ စည်းကမ်းမလိုက်နာဘဲ ပြေးဆွဲတာကို တွေ့ ရင် ထိထိရောက်ရောက် အရေးယူမှုတွေ လုပ်သွားမယ်”ဟု ပြောသည်။
မုံရွာမြို့ အခြေစိုက်၍ ချင်းတွင်းမြစ် အတွင်း ပြေးဆွဲနေသည့် ရေယာဉ်များအားလုံး ခေတ္တ ရပ်နားထားမှုကြောင့် ခရီးသည် များ ခရီးသွားလာခြင်း နှောင့်နှေးမှု မရှိစေရန် ရေယာဉ်များ ရပ်နားထားချိန်၌ မြန်မာ့ရေကြောင်းပိုင် သင်္ဘော နှစ်စီးဖြင့် အပတ် စဉ် တနင်္လာနေ့နှင့် သောကြာနေ့များ၌ ပြေးဆွဲပေးသွားမည်ဟုလည်း အဆိုပါ ကော်မတီက ပြောသည်။
၂၀၁၆ ခုနှစ်က အောင်စိုးမိုးကျော် ခရီးသည် ရေယာဉ်တိမ်းမှောက်ပြီး နောက်ပိုင်းတွင် ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီ (ရ.စ.က)နှင့် စစ်ဆေးရေး အဖွဲ့များကို မြို့နယ်တိုင်း ဖွဲ့စည်းခဲ့ပြီး ချင်းတွင်းမြစ်တွင်း ပြေးဆွဲနေ သော ကုန်တင်ရေယာဉ်၊ ခရီးသည်တင် ရေယာဉ်များကို သတ်မှတ်စည်းကမ်းနှင့် လိုက်နာမှု ရှိမရှိ စစ်ဆေးလျက်ရှိပြီး စည်းကမ်း မလိုက်နာသော ရေယာဉ်များကို အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။
ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကြီးကြပ်မှု ကော်မတီမှ ဥက္ကဋ္ဌ ဦးအာကာမြင့်က“လက်ရှိတော့ ခန္တီး၊ ဟုမ္မ လင်း၊ နမ့်တော၊ မင်းကင်း စတဲ့ ဒေသတွေ သွားတဲ့ ရေယာဉ်တွေကို ပြေးဆွဲမှု ခေတ္တ ပိတ်ထားပါတယ်။ အောင်စိုးမိုးကျော် ရေယာဉ်လို ဖြစ်မှာ စိုးလို့ပါ။ ရေပြန်ကျပြီ ဆိုတာနဲ့ ချက်ချင်း ပြန်ဖွင့်ပေးသွားမှာပါ။ အခုအချိန်မှာ တခုခုဖြစ်သွားမယ် ဆိုရင် ဆုံးရှုံးမှု တန်ဖိုးက အရမ်းကြီးမား နိုင်ပါတယ်။ ဒါကြောင့် ယာယီ ရပ်နားခဲ့တာပါ”ဟု ရှင်းပြသည်။
ချင်းတွင်းမြစ်ရေ၏ မြို့အလိုက် အမြင့်ဆုံး စိုးရိမ်ရေမှတ်များမှာ မုံရွာမြို့တွင် ၁၀၀၀ စင်တီမီတာ၊ မင်းကင်းမြို့တွင် ၁၃၅၀ စင်တီမီတာ၊ ကလေးဝမြို့တွင် ၁၅၅၀ စင်တီမီတာ၊ မော်လိုက်မြို့တွင် ၁၂၃၀ စင်တီမီတာ၊ ဖောင်းပြင်မြို့တွင် ၁၃၂၅ စင်တီ မီတာ၊ ဟုမ္မလင်းမြို့တွင် ၂၉၀၀ စင်တီမီတာ၊ ခန္တီးမြို့တွင် ၁၃၆၀ စင်တီမီတာတို့ ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ရေ ကြောင်း ပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနမှ သိရသည်။