သတင်း

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး နော်ဝေပါဖို့ ထိုင်းဖိတ်ခေါ်

Want create site? Find Free WordPress Themes and plugins.

ပဋိပက္ခများဖြစ်ပွားခဲ့ရာ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးစီမံကိန်းအတွက် နော်ဝေနိုင်ငံ ပူးပေါင်းဆောင်ရွက် လာဖို့ ထိုင်းဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာက စင်ကာပူတွင် ကျင်းပနေသည့်၅၁ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးအစည်းအဝေး၌ ဖိတ်ခေါ်လိုက်သည်။

ထိုစီမံကိန်းသည် ထိုင်းနိုင်ငံမှ နာမည်ကြီး စီးပွားရေးသုတေသနအဖွဲ့က ရင်းနှီးမြှပ်နှံသူများ ဖိတ်ခေါ် ဖို့ ဦးဆောင်ပြီး ကြိုးပမ်းနေသော စီမံကိန်းလည်း ဖြစ်သည်။

အဆိုပါ စီမံကိန်းတွင် နော်ဝေနိုင်ငံပါဝင်လာရန် မျှော်လင့်ထားပြီး၊ စီမံကိန်းတွင် ပြည်သူ့ကျန်းမာရေး အစီအစဉ်၊ အခြေခံ အဆောက်အဦ၊လူ့အသိုင်းအဝိုင်း အခြေခံဖွံ့ဖြိုးမှုနှင့် အသက်မွေးဝမ်းကျောင်း ပညာရေး အစီအစဉ်များလည်း ပါဝင်သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မီဒီယာများကိုပြောသည်။

အဆိုပါဖိတ်ခေါ်မှုကို နော်ေ၀ နိုင်ငံခြားရေးဝန်ကြီးနှင့် သီးသန့်တွေ့ဆုံခဲ့သော အစည်းအဝေးတွင် တောင်းဆိုခဲ့ခြင်း ဖြစ် ကြောင်း အာဆီယံဝက်ဘ်ဆိုက်တွင် လွှင့်တင်ထားသော သတင်းထုတ်ပြန်ချက် အရသိရသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ယင်းစီမံကိန်းသည် ဒေသခံ ပြည်သူများအပြင် အစိုးရအတွက်ပါ စီးပွား ရေးဖွံ့ဖြိုးမှုနှင့် အကျိုး အမြတ် ရရှိစေရန် ကူညီပေးနိုင်မည် ဖြစ်ကြောင်းမီဒီယာများကိုပြောသည်။

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် အဆင်းရဲဆုံး ပြည်နယ်တခု ဖြစ်သော်လည်း သဘာဝရင်းမြစ်များ ကြွယ်ဝပြီး စိုက်ပျိုး ရေး၊ ငါးလုပ်ငန်းနှင့် စွမ်းအင်ကဏ္ဍဘက်တို့တွင် အောင်မြင်မည့် ရင်းနှီးမြှပ်နှံမှု များ အတွက် အလားအလာကောင်းများကို ပိုင်ဆိုင်ထားသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူ အထူးစီးပွားရေးဇုန်သည် တရုတ်သမ္မတရှီကျင့်ဖျင်၏ နိုင်ငံခြားရေး မူဝါဒ အရ One Belt One Road Initiative မဟာဗျုဟာကျအရေးကြီးသော ဆိပ်ကမ်းတခုဖြစ်သည်။ တရုတ်နိုင်ငံသည် နိုင်ငံပေါင်း ၇၀နှင့်ချိတ်၍ ကုန်သွယ်ရေး၊ ရင်းနှီးမြှပ်နှံမှု လမ်းကြောင်းများ တိုးတက်လာစေရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိသည်။

ထိုင်းအခြေစိုက် စီးပွားရေး သုတေသနနှင့် ဖွံ့ဖြိုးရေးဌာန (IBERD)နှင့် မြန်မာအစိုးရတို့ ယခင်လက နေပြည်တော်တွင် တွေ့ ဆုံပြီး ဒေသတွင်း ရင်းနှီးမြှပ်နှံသူများကို ဆွဲဆောင်နိုင်မည့် ရှေ့ပြေးစီမံချက် ရေးဆွဲရန် ညှိနှိုင်းဆွေးနွေးခဲ့သည်။

အစိုးရနှင့်စိတ်ဝင်စားသည့်ဖွံ့ဖြိုးရေးလုပ်ဆောင်သူ(developer)များကြားတွင်ဖွံ့ဖြိုးရေးအစီအစဉ်များနှင့်စီးပွားရေးအခွင့်အလမ်းများအတွက်IBERD က အတိုင်ပင်ခံအဖွဲ့ တခုအနေဖြင့် ဆောင်ရွက်ခွင့်ရ ရန် ကမ်းလှမ်းခဲ့သည်။

ရခိုင်ပြည်နယ်အတွက် အကြံပြုချက်များ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူထားသူ လူမှု ဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဦးဝင်းမြတ် အေး က မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ် အတွက် ပြည်ပအကူအညီများကို ငြင်းပယ်သွားမည် မဟုတ်ဟု ဧရာဝတီသတင်းဌာနသို့ပြောသည်။

သို့သော်ယင်းစီမံကိန်းအတွက်နော်ဝေနိုင်ငံအား ဖိတ်ခေါ်ခြင်းပြုမပြု ဆိုသည်ကို အတည်ပြုပြောကြား ရန် ၎င်းက ငြင်းဆန်ခဲ့သည်။

“ရခိုင်ပြည်နယ်မှာ မိတ်ဖက်နိုင်ငံအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကျနော်တို့ ဆုံးဖြတ်ထားပါတယ်။ ဒါပေမယ့် ပြည်ပနိုင်ငံ တနိုင်ငံချင်းစီ အတွက် ကျနော်တို့မှာ သီးသန့်မူဝါဒတွေ ရှိပါတယ်။ ချမှတ်ထား တဲ့ မူဝါဒအတိုင်း တနိုင်ငံချင်းကို လက်ခံ သွားမှာဖြစ်ပါတယ်”ဟုဦးဝင်းမြတ်အေးကပြောသည်။

ရခိုင်ပြည်နယ်တွင် ပူးပေါင်းဆောင်ရွက်မည့် ထိုင်းနိုင်ငံ၏ ကမ်းလှမ်းချက်ကို နော်ဝေနိုင်ငံဘက်က မီဒီယာသို့ တစုံတရာ မှတ်ချက်မပေးခဲ့ပေ။

နော်ဝေနိုင်ငံသည် မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်နေဆဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဘဏ္ဍာရေး ဖွံ့ဖြိုးမှုနှင့် အပစ်အခတ်ရပ်စဲထားသည့် နယ်မြေများတွင် လူသားချင်းစာနာမှု စီမံချက်များ အနေဖြင့် ပါဝင်ပေးခဲ့သည့် နိုင်ငံတကာ အသိုင်း အဝိုင်းမှ ပထမဆုံးနိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံ၏ ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍတွင် နော်ဝေကုမ္ပဏီများက စိတ်ဝင်စားကြောင်း သိရှိရသည်။

၂၀၀၇ခုနှစ် နှောင်းပိုင်းက တပ်မတော်က နယ်မြေရှင်းလင်းမှု စစ်ဆင်ရေး ဆင်နွှဲခဲ့သဖြင့် ထွက်ပြေး သွားသော ဘင်္ဂါလီ ၇သိန်းနီးပါး ရခိုင်ပြည်နယ်သို့ ပြန်လာရေး လိုအပ်သည့် အခြေအနေများ ဖန်တီး ပေးရန်မြန်မာနိုင်ငံကို နော်ဝေနိုင်ငံက ဖိအားပေးနေခဲ့သည်။

“စီးပွားရေး ဖွံ့ဖြိုးမှု အစီအစဉ်ကတော့ ပဋိပက္ခဖြစ်ပွားရာ ဒေသတင်မကဘဲ ရခိုင်ပြည်နယ် တခုလုံး ကို တိုးတက်လာဖို့ ရည်မှန်းထား ပါတယ်။ ဒီနယ်မြေမှာ ရင်းနှီးမြှပ်နှံချင်တဲ့ မည်သည့် မဆိုဒေသခံ ပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း အာရုံစိုက်ဖို့လိုပါတယ်”ဟု ဦးဝင်းမြတ်အေး ကပြော သည်။

ရခိုင်ပြည်နယ်လူမှုစီးပွား ဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး ကော်မတီ အနေဖြင့် ထိုင်းနိုင်ငံမှ စီးပွားရေးအဖွဲ့ များနှင့် ပူးတွဲလုပ်ကိုင်နေကြောင်းဦးဝင်းမြတ်အေး၏အဆိုအရသိရသည်။

ထိုင်းနိုင်ငံသည် ရင်းနှီးမြှပ်နှံမှု အခွင့်အလမ်းများ သုတေသနပြုရန် အဖွဲ့တဖွဲ့ကိုလည်း မကြာသေးမီ က စေလွှတ်ခဲ့သည်။ ထိုင်းနိုင်ငံသည် ငါးလုပ်ငန်းနှင့် ဆက်သွယ်ရေးလုပ်ငန်းတို့တွင် ရင်းနှီးမြှပ်နှံမှု များကိုစိတ်ဝင်စားနေကြောင်း ဦးဝင်းမြတ်အေး ကပြောသည်။

ထိုင်းနိုင်ငံသည် စီမံကိန်းအချို့ကို အဆိုပြုပြီးဖြစ်သော်လည်း ယင်းစီမံကိန်းများမှာ သုံးသပ်နေဆဲသာ ဖြစ်ကြောင်း ဦးဝင်းမြတ်အေးကပြောသည်။

ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြသည့် နန်းလွင်၏ Thailand Seeks Norway’s Help to Develop Rakhine State ကို ဘာသာပြန်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading