ထိုင်းနိုင်ငံရှိ ကန်ကရာချန်ဆည် အတွင်း ရေပိုလျှံလာသဖြင့် ဖက်ချ်ဘူရီ ပြည်နယ်သည် ရေလွှမ်းမိုး မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ထိုင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ဖက်ချ်ဘူရီပြည်နယ်ရှိ ကန်ကရာချန် ဆည်သည် ရေအမြင့် ၉၇ ရာခိုင်နှုန်းအထိ တက်လာသဖြင့် ယနေ့ညအတွက် ရေချိန် ၂၅ စင်တီမီတာအောက်မှ ၃၀ စင်တီမီတာအထိ မြင့်သွားမည့် အလားအလာ နှင့် ရင်ဆိုင်နေရပြီး၊ ဆည်တမံမအတွင်းရှိ ရေ ကုဗမီတာ သန်းပေါင်း ၉.၃၁ ကို မြောင်နှင့် ဘန်လက် ခရိုင်ကဲသို့သော ရေဆင်းဇုန်ထဲသို့ နေစဉ် ရေပိုလွှဲမှ တဆင့်ထုတ် လွှတ်လျှက်ရှိသည်။
သို့သော် သက်ဆိုင်ရာအာဏာပိုင်များက ယင်းဆည်တမံ၏အကျိုးသက်ရောက်မှု လျော့ပါးသက်သာ စေရန် တဆင့်ခြင်း ကိုင်တွယ်လျက်ရှိသည်။ ထိုင်းရေတပ်က လှေအစီး ၂၀ စေလွှတ်၍ ဖက်ချ်ဘူရီမြစ် နှင့်အနီးတဝိုက်နယ်မြေသို့ ရေစီးဆင်းမှု အဆင်ပြေစေရန် စီမံလုပ်ဆောင်လျက်ရှိသည်။
မြစ်ဝှမ်းတလျှောက်နေထိုင်ကြသည့်ဒေသခံများ ကုန်းမြင့်ပိုင်းသို့ ပစ္စည်းများပြောင်းရွှေ့ပိုင်းလျက်ရှိရာ စစ်သား ၄၅၀ ခန့်က လည်း ဝိုင်းဝန်းကူညီခဲ့ကြသည်။ကြိုတင်ကာကွယ်သည့်အနေဖြင့် သဲအိတ်များ လည်း ချထားပြီးဖြစ်၊ အချိန်နှင့် တပြေးညီ ဆောင်ရွက် ရမည့် ရေဘေးကယ်ဆယ်ရေးဌာနကိုလည်း ဖက်ချ်ဘူရီပြည်နယ်ခန်းမတွင် ဖွင့်လှစ်ထားလိုက်သည်။
စနေနေ့ကတည်းက ဖက်ချ်ဘူရီပြည်နယ်ရှိ ကန်ကရာချန်၊ သယန့်၊ ဘန်လက်၊ မြောင်နှင့် ဘန်လွန်း ခရိုင်များရှိ ဒေသခံများ ကို ရေဘေးဖြစ်လာပါက အသင့်ရှိရန် ပြင်ဆင်ပြီးဖြစ်သည်။ အာဏာပိုင်များက ဒေသခံများပိုင်ဆိုင်သည့် ပစ္စည်းများ ကို မြေပြင်အထက် အနည်းဆုံး၅၀ စင်တီမီတာတွင် ထားရှိကြ ရန် နှိုးဆော်ထားသည်။
ကန်ကရာချန်ဒေသသည် မြန်မာနိုင်ငံ တနင်္သာရီဒေသနှင့် ဆက်စပ်နေပြီး၊ မနက်ဖြန်တွင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယွဒ် ချန်အိုချာက ယင်းပြည်နယ်သို့ လာရောက်မည်ဖြစ်ကြောင်း သတင်းရင်း မြစ်တခုက ဆိုသည်။
တော်ဝင်ဆည်မြောင်းဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူး သဝီဆတ်သနာဒါချိုပေါက ဆည်တမံ အများအပြားသည် စိုးရိမ်ရေမှတ်ရောက်ရှိနေကြောင်း ပြောသည်။
“ဆည်တမံတွေအားလုံး ၈၀ ရာခိုင်နှုန်းအထိ ရေပြည့်လာပြီဆိုတော့ ကျနော်တို့ သတိကြီးကြီးနဲ့ အနီးကပ်စောင့်ကြည့်ဖို့ လိုပါတယ်” ဟု သူက ပြောသည်။
အဆိုပါဦးစီးဌာန၏အင်တာနက်စာမျက်နှာတွင် ယမန်နေ့က ရေပြည့်နေသော ဆည်တမံ ၄ ခုပုံကို လွှင့်ထုတ်ခဲ့ရာ ကန်ကရာချန်အပြင် အခြားဆည်တမံ ၃ ခုမှာ စခွန်နကွန်ပြည်နယ်ရှိ နန်အွန်ဆည်၊ ကန်ချနဘူရီပြည်နယ်ရှိ ဗဂျီရာလောင်ကွန်ဆည်နှင့် ဆရီနတ်ခါရင်ဆည်တို့ဖြစ်ကြသည်။