လာမည့် နိုဝင်ဘာ ၃ ရက်နေ့ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် ကိုယ်စားလှယ်လောင်း ၅၉ ဦးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာသည်။
ကိုယ်စားလှယ်လောင်းများအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ၁၃ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ၁၀ ဦးတို့ဖြင့် အများဆုံးပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ အနေဖြင့်လည်း ၆ ဦးရှိသည့်အနက် နိုင်ငံတော်ပုန်ကန်မှုဖြင့် တရားစွဲဆိုခံနေရသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်၏ သားဖြစ်သူ ဦးတင်မောင်ဝင်းလည်း အပါအဝင်ဖြစ်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က“ ကိုယ်စားလှယ်လောင်းတင်တဲ့သူတွေအကုန် အတည်ဖြစ်ပါတယ်၊ စိစစ်ပြီးတယောက်မှ ပယ်ချခံရတာမရှိပါဘူး” ဟုပြောသည်။
ပြည်သူ့လွှတ်တော် လစ်လပ်နေရာများဖြစ်သည့် ကန်ပက်လက်မြို့နယ်တွင် ၄ ဦး၊ လဲချာမြို့နယ်တွင် ၃ ဦး၊ တာမွေမြို့နယ်တွင် ၈ ဦးနှင့်မြင်းခြံမြို့နယ်တွင် ၄ ဦးယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသားလွှတ်တော် လစ်လပ်တနေရာဖြစ်သည့် ကချင်ပြည်နယ်၊ အမှတ် ၂ မဲဆန္ဒနယ် (မြစ်ကြီးနား) တွင်ကိုယ်စားလှယ်လောင်း ၆ ဦးယှဉ်ပြိုင်မည်ဖြစ်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များမှ လစ်လပ်နေသည့်အုတ်တွင်းမြိုနယ် မဲဆန္ဒနယ် အမှတ် ၁တွင် ၈ ဦး၊ သပိတ်ကျင်း မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ တွင် ၇ ဦး ၊ မတူပီမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ တွင် ၂ ဦး၊ တမူးမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တွင် ၄ ဦး ၊ ရသေ့တောင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တွင် ၄ ဦး၊ မင်းဘူးမြို့နယ်မဲဆန္ဒနယ် အမှတ် ၂တွင် ၅ ဦး၊ ဆိပ်ကမ်း မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တွင် ၉ ဦးတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် လစ်လပ်လျှက်ရှိသည့် ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးတနေရာအတွက်မူ ကိုယ်စားလှယ်လောင်း ၅ ဦးကယှဉ်ပြိုင်မည်ဖြစ်သည်။
ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများအား စက်တင်ဘာ ပထမပတ်မှ စတင်၍ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်းလည်းသိရသည်။
လစ်လပ် ၁၃ နေရာအတွက် မဲဆန္ဒရှင် စာရင်းများအား ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှ စာရင်းများအပေါ် အခြေခံကာ ထုတ်ပြန်ထားပြီး အတိုးအလျော့ အနည်းငယ်ရှိမည်ဖြစ်ကြောင်းကော်မရှင်ထံက သိရသည်။
ဆက္စပ္ဖတ္ရႈရန္ – NLD ကိုစမ်းသပ်မယ့် ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲ
ကြားဖြတ်ရွေးကောက်ပွဲ၌ ရသေ့တောင်မြို့နယ်မှ ၄ဦး ဝင်ပြိုင်ရန် အမည်စာရင်းသွင်း
ရွေးကောက်ပွဲမဲစာရင်း အမျိုးသမီးများ စိတ်ဝင်စားမှု လျော့နည်း