မြန်မာနိုင်ငံ တဝန်းရှိ လမ်းမကြီးများကို အစိုးရနှင့် စာချုပ်ချုပ်ဆို၍ စီမံခန့်ခွဲ လုပ်ကိုင်နေသည့် ကုမ္ပဏီများနှင့် ပတ်သက်ပြီး စိစစ် ကြပ်မတ်မှု အားနည်းသည့် အတွက်ဟုဆိုကာ ဆောက်လုပ်ရေး ဝန်ကြီးဌာနသည် ပြည်သူ့ လွှတ်တော်၌ ဝေဖန်ခံရ ကြောင်း သတင်း ရရှိသည်။
သြဂုတ်လ ၆ ရက်က ကျင်းပသည့် ပြည်သူ့ လွှတ်တော်တွင် အစိုးရနှင့် ချုပ်ဆိုခဲ့ကြသော BOT (Built, Operate, Transfer) စာချုပ်ပါ စည်းမျဉ်း၊ စည်းကမ်းအတိုင်း လိုက်နာ ဆောင်ရွက်ခြင်း ရှိ၊ မရှိကို စိစစ်၍ လိုက်နာမှု ရှိစေရေး ဆောင် ရွက်ရန် အစိုးရအား တိုက်တွန်းသည့် အဆိုတခု ဆွေးနွေးစဉ် ဥပေဒပြု အမတ်များက ဝေဖန်ကြခြင်း ဖြစ်သည်။
အဓိက ထောက်ပြသည်မှာ BOT စနစ်ဖြင့် လမ်းပိုင်းများ လုပ်ပိုင်ခွင့်ရနေသည့် ကုမ္ပဏီများသည် လမ်းအသုံးပြုခကို ပြည်သူ လူထုထံမှ အပြည့်အဝ ကောက်ခံသော်လည်း လမ်းထိန်းသိမ်း ပြုပြင်မှုအား အမှန်တကယ် ဆောင်ရွက်နိုင်ခြင်း မရှိဟု လွှတ်တော် အမတ်များက ပြောဆိုသည်။
အဆိုပါ ကုမ္ပဏီများကိုလည်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက ထိန်းသိမ်းနိုင်မှု မရှိ ဆိုသည့် အချက်ကို ဝေဖန်ကြခြင်း ဖြစ်ကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က “ပြည်သူ့ ကိုယ်စားလှယ် တဦး အနေနဲ့ ချစ်ခြင်း၊ မုန်းခြင်းကင်းစွာ အကြံပြု ထောက်ပြလိုတာက ဒီ BOT စနစ်နဲ့ ဆောင်ရွက်တဲ့ လုပ်ငန်းတွေမှာ Focal အဖြစ် ဆောင်ရွက် တဲ့ တာဝန်ခံ ဝန်ကြီးဌာနရဲ့ အားနည်းချက်နဲ့ ရပ်တည်ချက်တွေဟာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်” ဟု ပြောသည်။
လှိုင်သာယာ-ဒေးဒရဲ လမ်းပိုင်းတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ဇေကမ္ဘာ ဆောက်လုပ်ရေး ကုမ္ပဏီကြား ချုပ်ဆိုထား သည့် စာချုပ်ကို လေ့လာကြည့်သည့် အခါ“အချို့လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ချက်များ အတိုင်း ဆောင်ရွက် နိုင်ရန် မဖြစ်နိုင်ပါက လိုအပ်သလို ညှိနှိုင်း ဆောင်ရွက်ခွင့် ရှိသည်” ဟု တွေ့ရကြောင်း ၎င်းက ထောက်ပြသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)မှ ဒေါ်ယဉ်မင်းလှိုင်က “စံချိန်စံညွှန်းဆိုတာ ညှိနှိုင်းလို့ ရရမယ့် ကိစ္စ မဟုတ်ပါဘူး။ ဒီလို သတ်မှတ်ချက်မျိုးက တော်တော်လေး အံ့သြဖွယ် ဖြစ်ပါတယ်”ဟု ဆိုသည်။
ထို့ပြင် ဟိုပုံး-တောင်ကြီး လမ်းပိုင်းတွင် ၁၂ မိုင်သာ ကွာဝေးသည့် လမ်း၌ ကားလေးများအား လမ်းကြေး ၁၅၀၀ ကျပ်ကို မြို့ဝင်ကြေးနှင့် အတူပေါင်း၍ ကောက်ခံနေသဖြင့် အသွားအပြန် ကျပ် ၃ ထောင် ပေးရသော်လည်း လမ်းပိုင်း ပျက်စီးမှု များ အတွက် တာဝန်ယူမှု မတွေ့ရကြောင်း ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)မှ ဦးစိုင်းကျော်အောင် က ပြော သည်။
၎င်းက ဆက်လက်၍ အစိုးရက ငွေကြေး အကုန်ခံ၍ တည်ဆောက်ပေးထားသည့် မိုင်းပွန်မြို့ အဝင် တံတားကို BOT စနစ် ဖြင့် ပုဂ္ဂလိက ကုမ္ပဏီတခုအား တံတားကြေး ကောက်ခံခိုင်းခြင်းသည် ဒီမိုကရေစီခေတ်တွင် မဖြစ်သင့်ကြောင်းလည်း ပြောဆိုသည်။
ရှမ်းပြည်နယ် တောင်ပိုင်းတွင် ယာဉ်အသွားအလာ များပြားလာသည့် အလျောက် လုံလောက်သည့် လမ်းအကျယ် မရှိခြင်း၊ စာချုပ်ပါ စည်းကမ်းအတိုင်း ဆောင်ရွက်ထားမှု မရှိခြင်း၊ သက်ဆိုင်ရာ ဌာနက ကြတ်မတ်မှု အားနည်းခြင်း စသည့် အချက် များကြောင့် မလိုလားအပ်သည့် ယာဉ်တိမ်းမှောက်မှုများ ဖြစ်ခြင်း၊ လူသေဆုံးခြင်းတို့ကို စိတ်မချမ်းမြေ့ဖွယ် တွေ့ရကြောင်း ဦးစိုင်းကျော်အောင်က ဆွေးနွေးသွားသည်။
ကျေးသီးမြို့နယ် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးစိုင်းကျော်အောင်က “ပိုက်ဆံကောက်မယ့် တိုးဂိတ်အနီး ဝန်းကျင်ရှိ အဝင် အထွက် လမ်းပိုင်းကိုသာ အကြီးအကျယ် ချဲ့ထွင်နေပြီး အမှန်တကယ် လိုအပ်တဲ့ အန္တရာယ်များတဲ့ တောင်တက်လမ်းများ ကိုတော့ သာမန်လောက်သာ ပြင်ဆင်ထားတာကို စိတ်ပျက်ဖွယ်ရာ တွေ့မြင်ရပါတယ်”ဟုလည်း ပြောသည်။
BOT စနစ်ဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံး စခဲ့သည့် ကုမ္ပဏီမှာ Diamond Palace ကုမ္ပဏီနှင့် အေးရှားဝေါလ် ကုမ္ပဏီတို့ ဖြစ်ပြီး မန္တလေး -လားရှိုး-မူဆယ်-နမ့်ခမ်းလမ်းအား တပ်မတော် အစိုးရလက်ထက် ၁၉၉၆ ခုနှစ်တွင် စတင်ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း၊ BOT စနစ်ဖြင့် ဆောင်ရွက်နေသည့် လမ်းမိုင်ပေါင်း ၃ ထောင်ကျော်ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီး ဌာနမှ သိရသည်။
နိုင်ငံတကာတွင်လည်း ကျင့်သုံးလျက် ရှိသည့် BOT စနစ်ကို ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ကြား အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း အနေဖြင့် လမ်းဖောက်လုပ် ပြုပြင် အဆင့်မြှင့်တင်ခြင်း၊ လုပ်ငန်း လုပ်ကိုင်ရေး၊ လွှဲပြောင်းပေးရေး စနစ်ကို ၁၉၉၆ ခုနှစ်တွင် စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာန အနေနှင့် BOT ကုမ္ပဏီများ ချုပ်ဆိုသည့် စာချုပ်အရ အရပ်ကတိ စာချုပ်ကဲ့သို့ ဖြစ်နေသည့် အတွက် ခိုင်မာမှု အားနည်းနေသည့်အပြင် BOT ကုမ္ပဏီများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေဖြင့် ပြန်လည် ကာကွယ် ပေးထားသည့် အတွက် လိုက်လျောညီထွေမှု မရှိကြောင်း အဆိုပါ ဝန်ကြီးဌာနက ရှင်းလင်းသည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်လင်း က BOT စာချုပ်ချုပ်ဆိုပြီး စည်းကမ်းချက်များကို မလိုက်နာသည့် အတွက် ၂၀၀၆ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကုမ္ပဏီပေါင်း ၂၃ ခု၊ လမ်းပိုင်း ၃၂ ခုကို ပြန်လည် သိမ်းဆည်းခဲ့ကြောင်း၊ သို့ သော် BOT စနစ်ဖြင့် ဆောင်ရွက်သည့် ကုမ္ပဏီများသည် သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးစီး၍ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့် ရရှိထားလျှင် ယင်းကုမ္ပဏီများကို ဝန်ကြီးဌာနက တိုက်ရိုက် အရေးယူ၍ မရတော့ကြောင်း လွှတ်တော်၌ ရှင်းပြသွားသည်။
BOT လမ်းကိစ္စကို ဝင်ရောက်ဆွေးနွေးသူ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးဆွေမြင့်ဦးက “ကျနော်တို့ မြန်မာနိုင်ငံ မှာ စည်းမျဉ်း စည်းကမ်းများ ရှိပေမယ့် စည်းမျဉ်းစည်းကမ်းနဲ့ မညီတာ၊ စည်ကမ်း ချိုးဖောက်တာတွေ မြင်နေရ၊ ကြားနေရ၊ ခံစားနေရပေမယ့် အခုချိန်အထိ မပြုပြင်နိုင်သေးတာကိုလည်း အမြန်ဆုံး ဖြေရှင်းပေးစေလိုပါတယ်”ဟု လွှတ်တော်တွင် ပြောဆိုသည်။
ယင်းအဆိုကို ပါဝင်ဆွေးနွေးသူ ၁၇ ဦးအထိရှိပြီး အာဏာရ NLD၊ ရခိုင်အမျိုးသား ပါတီ၊ SNLD နှင့် တပ်မတော်တို့မှ ပါဝင် ဆွေးနွေးကြသော်လည်း အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကမူ ပါဝင်ဆွေးနွေးခြင်း မရှိပေ။
အဆိုကို အတည်ပြုပေးရန် ဝန်ကြီးဌာနကလည်း ထောက်ခံသဖြင့် ယမန်နေ့က ကျင်းပသည့် ပြည်သူ့ လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။