ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(မြန်မာနိုင်ငံ) အား စီမံခန့်ခွဲမှု အတွေ့အကြုံရှိ ဗုဒ္ဓဘာသာဝင် ကိုယ်စားလှယ်တဦးက ဥက္ကဋ္ဌ အဖြစ်ဦးဆောင်ကာ ပြန်လည်ဖွဲ့စည်းမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်လိုက်သည်။
ဘာသာပေါင်းစုံအဖွဲ့တွင် အထွေထွေအတွင်းရေးမှူးအဖြစ် ခရစ်ယာန်ဘာသာမှ ကိုယ်စားလှယ်အား ခန့်အပ် မည်ဖြစ်ပြီး သံတမန်ရေးရာ အတွေ့အကြုံ လူပုဂ္ဂိုလ်တဦးက ဂုဏ်ထူးဆောင်နာယကအဖြစ် ဆောင်ရွက်မည် ဖြစ်ကာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ တို့မှ ကိုယ်စားလှယ်များ အချိုးကျစွာ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ညွန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက “ အများပြည်သူရဲ့ ဆန္ဒပြုချက်အတိုင်း ပြန်ဖွဲ့မှာပါ”ဟု ဧရာဝတီသို့ ပြောသည်။
၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ ၈၇.၉ ရာခိုင်နှုန်း၊ ခရစ်ယာန်ဘာသာ ၆.၂ ရာခိုင်းနှုန်း၊ အစ္စလာမ်ဘာသာ ၄.၃ ရာခိုင်နှုန်း၊ ဟိန္ဒူဘာသာ ဝ.၅ ရာခိုင်နှုန်း၊ နတ်ကိုးကွယ်သူ ဝ.၈ ရာခိုင်နှုန်း၊ အခြားဘာသာ ဝ.၂ ရာခိုင်နှုန်းနှင့် ဘာသာမရှိသူများ ဝ.၁ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသည်။
အဖွဲ့အား ပြန်လည်ပြီးအတည်ပြုဖွဲ့စည်းမည့် အချိန်ကာလအား ပြောဆိုနိုင်ခြင်းမရှိသေးသော်လည်း လုပ်ဆောင်ချက်များအား သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းလည်း ဦးအောင်ဆန်းဝင်းက ပြောသည်။
အဖွဲ့အနေဖြင့် ၂၀၁၂ ခုနှစ် ရခိုင်အရေးအခင်း၊ ၂၀၁၃ ခုနှစ် မိတ္ထီလာ အရေးအခင်းနှင့် လားရှိူးအရေးအခင်းတို့တွင် သံဃနာယကအဖွဲ့များ၏ သြဝါဒခံယူကာ ဒေသအုပ်ချုပ်ရေးအဖွ့ဲများနှင့် ပူးပေါင်း၍ ပဋိပက္ခများ ညှိနှိုင်းဖြေရှင်းခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ပြောထားသည်။
လတ်တလောတွင် ဘာသာပေါင်းစုံးချစ်ကြည်ညီညွတ်ရေးအဖွဲ့များအား ဗဟိုအဆင့် ၁ ဖွဲ့၊ တိုင်ဒေသကြီး/ပြည်နယ် ၁၁ ဖွဲ့၊ ခရိုင်အဆင့် ၃၉ ဖွဲ့၊ မြို့နယ်အဆင့် ၇၇ ဖွဲ့၊ စုစုပေါင်း ၁၂၈ ဖွဲ့အထိ ဖွဲ့စည်းထားကြောင်း သိရသည်။
လူမျိုးရေးအငြင်းပွားများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်၊ ဒေသတွင်းစစ်ပွားများ ဖြစ်ပွားနေသည့် ကချင်ပြည်နယ်နှင့် ဗုဒ္ဓသာဘာနှင့် ခရစ်ယာန်ဘာသာဝင်များသာ အများစုရှိသည့် ချင်းပြည်နယ်တို့တွင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့များ ဖွဲ့စည်းနိုင်ခြင်း မရှိသေးပါ။
ဘာသာပေါင်းစုံအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်သို့ လေ့လာရေးခရီးစဉ်များ သွားရောက်ခဲ့သေ်ာလည်း အဖွဲ့၏ တည်ရှိမှုအပေါ် မလိုလားသူများနှင့် အမျိုးသားရေးအင်းအားစုများက ကန့်ကွက်မှုများလည်း ရှိခဲ့သည်။
လက်ရှိအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသာဉာဏ်က “ မဖွဲ့နိုင်သေးတဲ့နေရာတွေမှာ ဖွဲ့နိုင်ဖို့ ဆက်လုပ်နေပါတယ်၊ ကျနော်တို့က ဘာသာတွေအကြား ပဋိပက္ခတွေဖြစ်မလာအောင် ကြိုတင်ကာကွယ်မယ်၊ ညှိနှိုင်းဖြန်ဖြေမယ်၊ ကယ်ဆယ်ရေးတွေလုပ်မယ်၊ ဘာသာရေးသက်သက်ပဲ၊ နိုင်ငံရေးမှာ ဝင်ရောက်ပတ်သက်ဖို့ အကြောင်းမရှိပါဘူး” ဟုပြောသည်။
လက်ရှိအဖွဲ့တွင် အဓိကဘာသာကြီးလေးခုမှ ကိုယ်စားလှယ်များသာ ပါဝင်နေပြီး အခြားသော လူနည်းစုကိုးကွယ်သည့် ဘာသာများမှ ကိုယ်စားလှယ်များအနေဖြင့်လည်း ပါဝင်သင့်ကြောင်း၊ ယင်းသို့ပါဝင်ရန်အတွက်လည်း ၎င်းတို့၏ ဆန္ဒကသာ အဓိကကျကြောင်းလည်း ဒေါက်တာသာဉာဏ်က ရှင်းပြသည်။
အဖွဲ့အနေဖြင့် အမုန်းစကား တားဆီးကာကွယ်ရေး စီမံချက်အနေဖြင့် သာသနာရေးဝန်ကြီးဌာနသို့တင်ပြမှုကိုလည်း ဥပဒေတရပ်အဖြစ်ပြဌာန်းနိုင်ရန် ဥပဒေကြမ်းတရပ်အား ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်မည့် ပြည်ထဲရေးဝန်ကြီးဌာနသို့ ယခုနှစ် မေလတွင် လွှဲပြောင်းပေးပို့ထားပြီ ဖြစ်ကြောင်းသိရသည်။
ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(မြန်မာနိုင်ငံ)အား ၂၀၁၂ ခုနှစ်တွင် စတင်ဖွဲ့စည်းပြီးနောက် ၂၀၁၇ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနသို့ တရားဝင်မှတ်ပုံတင်ခဲ့ရာ မှတ်ပုံတင်လက်မှတ် အမှတ် ၁/ပြည်တွင်း/ ၁၃၈၁ ဖြင့် မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
အဖွဲ့စတင်ချိန်မှစပြီး ဗုဒ္ဓဘာသာအဖွဲ့ ဥက္ကဌ ဦးစိန်ဝင်းအောင်က အဖွဲ့ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ကျန်းမာရေးအရ နှုတ်ထွက်ခဲ့ခြင်းကြောင့် လက်ရှိအချိန်တွင် အဖွဲ့ဥက္ကဌအဖြစ် ခရစ်ယာန်ဘာသာအဖွဲ့မှ ဒေါက်တာသာဉာဏ်က ဆောင်ရွက်နေခြင်းဖြစ်သည်။
လက်ရှိဥက္ကဌ ဒေါက်တာသာဉာဏ်က “ ပြန်ပြီးတော့ အတည်ပြုဖွဲ့စည်းဖို့ ကျနော်တို့ပြန်ညှိရပါဦးမယ်၊ အဖွဲ့ဟောင်းက လူတွေပြန်ပါကြမယ်၊ ကျနော်လည်း ပြန်ပါမှာပါ” ဟုပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၀၄ ခုနှစ်မှ စတင်ပြီး ၂၀၀၉ ခုနှစ်အထိ နိုင်ငံတကာတွင် ကျင်းပပြုလုပ်ခဲ့သည့် ဘာသာပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးနှင့် ညီညွတ်မှုတည်ဆောက်ရေးဆွေးနွေးပွဲများတွင် ကိုယ်စားလှယ်များ စေလွှတ်ကာ ပါဝင်တက်ရောက်ခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆိုထားသည်။