၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့နှင့် မိတ်ဖက် နိုင်ငံရေး အင်အားစုများသည် နိုင်ငံရေးပါတီ တည်ထောင်ကာ ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း သိရသည်။
ယနေ့ ရန်ကုန်မြို့ ယုဒဿန် ခန်းမတွင် ပြုလုပ်သည့် ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့နှင့် မိတ်ဖက် နိုင်ငံရေး အင်အားစုများ ညီလာခံ (သစ်ခုတ်သမားတို့ညီလာခံ)တွင် ယင်းသို့ တရားဝင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဇူလိုင် ၁၅ ရက်က ပြုလုပ်သည့် အကြိုညှိနှိုင်းအစည်းတွင် တက်ရောက်လာသူ မိတ်ဖက် အဖွဲ့ ဝင် အားလုံးက သဘောတူဆုံးဖြတ်ခဲ့ပြီး ယနေ့တွင် တရားဝင် ကြေညာခြင်းဖြစ်ကြောင်း၊ ပါတီအမည်ကို မရွေး ချယ် ရသေးသော်လည်း ပါတီ မှတ်ပုံတင်နိုင်ရေး အတွက် အမြန်ဆုံး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ညီညွတ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ (UNDO) အထွေထွေ အတွင်းရေးမှူး ဦးအောင်သူရက ပြောသည်။
“သူတို့ အပြင်မှာ လုပ်ရတဲ့အနေအထားမှာ အခက်ခဲတွေရှိတယ်။ တောင်သူလယ်သမား သမဂ္ဂ ဆိုရင်လည်း တရားဝင် ဟုတ်ရဲ့လား ဆိုတာမျိုး။ လူ့အခွင့်အရေး ကော်မတီဆိုလည်း ဟန့်တားတာမျိုး။ ဆိုင်းဘုတ်တွေ ဖြုတ်ပစ်တာမျိုး။ ဒါမျိုး တွေ လုပ်တဲ့ အတွက်ကြောင့် သူတို့တွေက တရားဝင် ရပ်တည်ပေးပါ ဆိုလို့ ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ဆုံးဖြတ်ချက်အရ မှတ်ပုံတင် တခုတင်မယ့် အတူတူ မိတ်ဖက်နိုင်ငံရေး အင်အားစုများ ပါတီတရပ်ထောင်ပြီး လွှတ်တော်မျက်နှာစာကို သွားမယ်လို့ ဆုံးဖြတ်လိုက်တာ”ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက ပါတီ တည်ထောင်ရခြင်း၏ အဓိကရည်မှန်းချက်သည် ဒီမိုကရေစီ စံချိန်စံညွှန်းနှင့် မညီသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို လွှတ်တော်တွင်း ဝင်ရောက်ကာ ကြိုးပမ်း ဆောင်ရွက်ချင်၍ ဖြစ်ကြောင်း၊ ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို ကြွေးကြော် ဝင်ရောက်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို အားမရခြင်းသည်လည်း အကြောင်းရင်းတရပ် ဖြစ်ကြောင်း ရှင်းပြသည်။
“ကျနော်တို့ အင်အားသာ အဲဒီလိုရှိရင် ကျနော်တို့က ပြုပြင်ပြောင်းလဲနိုင်မယ်လို့ ယုံကြည်တယ်။ ဘာကြောင့်ဆို ဗျူဟာချင်း မတူဘူး။ သူတို့က ပြင်ဆင်ရေးအောက်က သွားတာ။ ကျနော်တို့က ၂၀၀၈ အခြေခံ ဥပဒေက တရား မဝင် ဘူး ဆိုတဲ့ဟာနဲ့ သွားမှာ။ မတူဘူး”ဟု ဦးအောင်သူရက ပြောသည်။
၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းလိုမှုဖြင့် အစိုးရ ကို တရားစွဲဆိုရန် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိခရိုင် တရားရုံးတွင် ဇူလိုင် ၁၈ ရက်က ကြိုးစားခဲ့ သော်လည်း ယင်းအမှုသည် ခရိုင်တရားရုံး အဆင့်တွင် စီရင်ပိုင်ခွင့် မရှိဟု အကြောင်းပြသဖြင့် အောင်မြင်မှု မရှိခဲ့ ကြောင်း သိရသည်။
ထို့အတွက်ကြောင့် လွှတ်တော်တွင်းဝင်ကာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေးကို ဆက်လက် ကြိုးစား ဆောင်ရွက် ရန် နိုင်ငံရေးပါတီ တည်ထောင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း မိတ်ဖက်အဖွဲ့ဝင်များက ပြောဆိုသည်။
ပါတီကို ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့က ဦးစီး ဆောင်ရွက်သွားမည် ဖြစ်သော်လည်း အသက် အရွယ် အရ ဖြစ်စေ၊ ၁၉၉၀ ရလဒ်ကို တန်ဖိုးထားခြင်းကြောင့်ဖြစ်စေ ၁၉၉၀ ကိုယ်စားလှယ်များ အနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ဘဲ အားကောင်းမောင်းသန် မျိုးဆက်သစ်များ ကိုသာ နေရာပေးသွားမည် ဖြစ်ကြောင်း သိရ သည်။
“သူတို့ စည်းရုံးရေး ကောင်းတယ်။ ဒေသ အသီးသီးက နေရာတွေမှာရှိတဲ့ လူထုလူတန်းစားတွေ ပါလာတယ်ဆိုတော့ အင် အားကောင်းမယ့် ပါတီလည်း ဖြစ်နိုင်တယ်။ ပိုပြီးတော့ တတိယအုပ်စု အင်အားရှိတဲ့ ပါတီတခု ဖြစ်လာမယ်လို့ ကျနော် ထင်တယ်”ဟု ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့ ဥက္ကဋ္ဌလည်းဖြစ် ရှမ်းတိုင်းရင်းသား ခေါင်းဆောင် တဦးလည်းဖြစ်သူ ခွန်ထွန်းဦးက မှတ်ချက်ပြုသည်။
သစ်ခုတ်သမားတို့ ညီလာခံသို့ ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့နှင့် မိတ်ဖက် အဖွဲ့အစည်းများ ဖြစ် သည့် ညီညွတ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ (UNDO)၊ ပြည်ထောင်စု တိုင်းရင်းသား တောင်သူလယ်သမား သမဂ္ဂ နှင့် လူ့ အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေး ကော်မတီတို့၏ ဒေသအသီးသီးမှ အဖွဲ့ဝင်များ တက်ရောက် ကြသည်။
၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့အား ၂၀၁၄ မတ်လ ၂၂ ရက်နေ့၌ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင် နှင်းဆီ ခန်းမတွင် ကျင်းပခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲမှနေ၍ စတင်ဖွဲ့စည်းခဲ့သည်မှာ ၄ နှစ် ကျော်ပြီ ဖြစ်သည်။
စတင်ဖွဲ့စည်းစဉ်က ၁၉၉၀ လွှတ်တော် ကိုယ်စားလှယ်များနှင့်သာ ဖွဲ့စည်းခဲ့သော်လည်း နောက်ပိုင်းတွင် အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ပြင်ပရောက်များဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့(UNDO)၊ နိုင်ငံရေး နယ်ပယ် အသီးသီးမှ လုပ်ဖော်ကိုင်ဖက်များ၊ ပညာရှင်များနှင့်အတူ လက်တွဲ၍ ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခု ပါတီထောင်ရာတွင် ဦးဆောင်မည့် ၁၉၉၀ လွှတ်တော် ကိုယ်စားလှယ်များသည် ၁၉၉၀ ပြည့် ရွေးကောက်ပွဲတွင် ပါဝင် ရွေးကောက် ခံခဲ့သည့် ကိုယ်စားလှယ်များ ဖြစ်သည်။
၁၉၉၀ ပြည့် ရွေးကောက်ခံ ကိုယ်စားလှယ်များသည် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) အဖွဲ့ကို လည်း ဖွဲ့စည်း ခဲ့ကြသည်။
၁၉၉၀ ပြည့် မေလ ၂၇ ရက်က ကျင်းပသည့် ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ ကျင်းပပြီး ၈ နှစ်ကျော် ကြာသည့်တိုင် နဝတ၊ နအဖ စစ်အစိုးရက ရွေးကောက်ပွဲ ရလဒ်အား အသိအမှတ်ပြု အကောင်အထည် ဖော်ခြင်း မရှိသည့်အတွက် စစ်မှန်သည့် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးကို မျှော်ကိုးပြီး ပြည်သူ့ လွှတ်တော် ခေါ်ယူရေးကို ရှေးရှုကာ ရွေးကောက်ခံ ကိုယ်စားလှယ်များက ၁၉၉၈ ခုနှစ် စက်တင်ဘာလ ၁၆ ရက်တွင် CRPP ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
CRPP တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD)၊ မွန် အမျိုးသား ဒီမိုကရေစီ အဖွဲ့၊ ဇိုမီး အမျိုးသား ကွန်ဂရက် တို့မှ ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး အဖွဲ့ဝင် ၁၉ ဦး ရှိကြောင်း သိရသည်။