အစိုးရက လတ်တလော ဖွဲ့စည်းလိုက်သည့် ရခိုင်ပြည်နယ်အရေး လွတ်လပ်သော စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းမှုကို ထောက်ခံကြောင်း ဂျပန် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ တိုရိုခိုနိုက ပြောသည်။
သြဂုတ်လ ၇ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ၂ နိုင်ငံ ခေါင်းဆောင်များကြား ပူးတွဲပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးက အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်ပြီး မြန်မာကို ကူညီ ပံ့ပိုးမှုများ ဆက်လက် ပြုလုပ်ပေးသွားမည်ဟု ကတိပြုခဲ့သည်။
မစ္စတာ တိုရိုခိုနိုက “ဂျပန် အစိုးရ အနေနဲ့ မြန်မာအစိုးရရဲ့ အခု လတ်တလော ဆောင်ရွက်ချက် ဖြစ်တဲ့ လွတ်လပ် သော စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းမှု၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ MoU လက်မှတ် ရေးထိုးခဲ့တာကို တန်ဖိုးထားပါ တယ်”ဟုလည်း ပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း “အခုချိန်မှာ ဆိုရင် တကမ္ဘာ လုံး က စိတ်ဝင်စားတဲ့ ရခိုင်းအရေးကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒီလို ဆွေးနွေးတဲ့အခါမှာ ဂျပန်နိုင်ငံက မိတ်ဆွေ တယောက် အနေနဲ့ ပြဿနာကို ဘယ်လို ကူညီရမယ်။ ဘယ်လို ဖြေရှင်းရမယ်ဆိုပြီး အဓိကထား ချည်းကပ် တာမို့ အင်မတန်မှ တန်ဖိုးထားပါတယ်”ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ရခိုင်ပြည်နယ်ရှိ ကိစ္စရပ်များသည် အင်မတန် ရှုပ်ထွေး နက်နဲသည့် ကိစ္စများ ဖြစ်၍ လူ့အခွင့်အရေး၊ လူသားချင်း စာနာ ထောက်ထားမှု သာမက ပြည်နယ် တခုလုံး၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အတွက်ပါ ကူညီ ဆောင်ရွက်ပေးရမည် ဖြစ် ကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးက ပြောသည်။
“လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင်ကို ဂျပန်နိုင်ငံက ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ကိစ္စ၊ ဒီလို ကိစ္စမျိုးတွေနဲ့ ပတ် သက်ပြီး ဆောင်ရွက်ပေးဖို့ မြန်မာ အစိုးရကို တောင်းဆိုခဲ့ပါတယ်။ ပြီးတော့ ဒီလို ကိစ္စမျိုးတွေကို မြန်မာ အစိုးရက တခုပြီး တခု ဆောင်ရွက်နေတဲ့ အတွက် ကျနေ်ာတို့က တန်ဖိုးထားပါတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
ရခိုင်ပြည်နယ် အတွက် ဂျပန် အစိုးရက အမေရိကန် ဒေါ်လာ သန်း ၂၀ ထောက်ပံ့မည် ဖြစ်ပြီး တချို့ကို အစိုးရသို့ တိုက် ရိုက်၊ တချို့ကို ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှတဆင့် ထောက်ပံ့မည် ဖြစ်ရာ ပညာရေးအတွက် ရခိုင်တွင် ကျောင်း ၁၅ ကျောင်း ဆောက်လုပ်ပေးမည့် အစီအစဉ်တခု ပါဝင်ကြောင်း လက် ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာကရှီ အိုဆူဂါက နေပြည်တော်ရှိ Park Royal ဟိုတယ်တွင် သတင်းထောက် တချို့ကို ပြောသည်။
“ဘူးသီးတောင် ဆေးရုံကို JICA ရဲ့ အကူအညီနဲ့ အဆင့်မြှင့်ပေးပါမယ်။ နောက် ဒေါ်လာ ၃ သန်းလောက်ကို အဆောက် အအုံ၊ လမ်းနဲ့ Community စင်တာတွေ ဆောက်ပေးတဲ့ နေရာမှာ သုံးသွားဖို့ ရှိပါတယ်”ဟု မစ္စတာ တာကရှီ အိုဆူဂါက ပြောဆိုသည်။
သမ္မတဟောင်း ဦးသိန်းစိန်၏ ဂျပန်နိုင်ငံ ခရီးစဉ်တခု အတွင်း အမေရိကန် ဒေါ်လာ ၉ သန်း ထောက်ပံ့မည်ဟု ဂျပန် အစိုး ရက ကတိပြုခဲ့ရာ ယင်းကိစ္စကိုလည်း ဆက်လက် အကောင်အထည် ဖော်သွားမည်ဟု ဂျပန် တာဝန်ရှိသူများက ပြောသည်။
လာမည့် ၅ နှစ်တာ ကာလအတွင်း အမေရိကန် ဒေါ်လာ သန်းပေါင်း ၅၀၀ ဆက်လက် ကူညီရန် ဆုံးဖြတ်ထားပြီး ဖြစ် ကြောင်းလည်း ဆိုသည်။
ထို့ပြင် ရန်ကုန်မြို့ လျှပ်စစ်မီး ရရှိရေး၊ မြို့ပြဖွံ့ဖြိုးရေးနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍများတွင် ပြည်သူများ လက်တွေ့ ခံစား နိုင်သည့် အဆင့်အထိ ထောက်ပံ့သွားမည်ဟု ဂျပန် အစိုးရက ကတိပြုခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံခြားရေး ဝန်ကြီး၏ မြန်မာပြည် ခရီးစဉ်အတွင်း အဓိက တွန်းအားပေးခဲ့သည်များမှာ လွတ်လပ်သော စုံစမ်း ရေး ကော်မရှင်ကို ကြိုဆိုခြင်း၊ ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည်များ ပြန်လည် ခေါ်ဆောင်နိုင်ရေး၊ စစ်တွေမြို့ရှိ ဒုက္ခသည် စခန်းများ ပိတ်သိမ်းနိုင်ရေး၊ UN နှင့် ချုပ်ဆိုထားသည့် ဒုက္ခသည် ပြန်လည် လက်ခံရေးစာချုပ် လက်တွေ့ အလုပ် ဖြစ် စေ ရေး၊ အကူအညီများ ဆက်ပေးရေးနှင့် နိုင်ငံတကာ၏ ရခိုင်အရေး ထင်မြင်ယူဆချက်များကို မျှဝေခြင်းများ ပြုလုပ် ပေးခဲ့ကြောင်း ဆိုသည်။
ဂျပန် နိုင်ငံခြားရေး ဝန်ကြီး၏ မြန်မာပြည် ခရီးစဉ်အတွင်း သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံ ပုဂ္ဂိုလ် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေတို့နှင့် တွေ့ဆုံခဲ့ရာ ရခိုင်အရေး ဦးစားပေး ခရီးစဉ် တခုဟုလည်း သုံးသပ်လျက် ရှိကြသည်။
ရခိုင်ပြည်နယ်အရေး လွတ်လပ်သော စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းမှုကို ဇူလိုင်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော် သမ္မတ ရုံးက ကြေညာချက် ထုတ်ပြန်ခဲ့သည်။