အမျိုးသမီးများ၏ ကာယိန္ဒြေပျက်စီးစေရန် ကိုယ်ထိလက်ရောက် ကျူးလွန်သည့် ပုဒ်မ ၃၅၄ နှင့် တရားစွဲဆိုခံထားရသည့် ဗေဒင်ဆရာ အောင်ချစ်ပို၏ အမှုကို စမ်းချောင်းမြို့နယ် တရားရုံးတွင် စစ်ဆေးမှုများ ပြုလုပ်နေပြီ ဖြစ်သည်။
ဗေဒင်ဆရာ အောင်ချစ်ပို က “မနေ့က ရုံးချိန်းက ပထမဆုံးတော့ မဟုတ်ပါဘူး။ ပထမဆုံးရုံးချိန်းက ပျက်သွားလို့ ဒါကဒုတိယ ရုံးချိန်းပါ” ဟု သြဂုတ်လ ၇ ရက်နေ့က ဧရာဝတီသို့ ပြောသည်။
စမ်းချောင်းမြို့နယ်၊ ကိုးထပ်ကြီးဘုရား ဗေဒင်ဟောခန်း၌ ဗေဒင်လာမေးသည့် အမျိုးသမီးကို ဗေဒင်ဆရာ အောင်ချစ်ပိုက ယတြာချေပေးမည်ဆိုပြီး ကာယိန္ဒြေ ပျက်စီးစေသည့် လက်ရောက်မှု ကျူးလွန်ခဲ့ကြောင်း ထို့ကြောင့် ဗေဒင်ဆရာ အောင်ချစ်ပိုကို ပုဒ်မ ၃၅၄ ဖြင့် ဇန်နဝါရီ ၃၀ ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့သည်။
၎င်းအမှုနှင့်ပတ်သက်၍ စမ်းချောင်းမြို့မ ရဲစခန်းမှ ဒုရဲအုပ် ရဲမိုးအောင်က စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ၆ လကျော် အကြာတွင် အဆိုပါအမှုကို ပထမဆုံးရုံးတင်စစ်ဆေးခြင်းဖြစ်သည်။
တရားရုံး စစ်ဆေးမှုနှင့် ပတ်သက်ပြီး တရားလို အမျိုးသမီးအား မေးမြန်းရာတွင် “မနေ့က စမ်းချောင်းမြို့နယ် တရားရုံးမှာ ပထမဆုံး ရုံးချိန်းပါ။ ပထမဆုံးဆိုတော့ နှစ်ဖက် မေးမြန်းတာ လောက်ပါပဲ။ အမှုကိုတော့ (Legal Clinic Myanmar)က လိုက်ပါဆောင်ရွက်ပေးတယ်” ဟု ဧရာဝတီသို့ ပြောသည်။
တရားလိုဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် ဥပဒေရေးရာ ကုစားရေးရုံး (Legal Clinic Myanmar) ရှေ့နေကလည်း ပါဝါမတင်ရသေးသည့် အတွက် ၂၀ ရက်နေ့ လာမယ့်ရုံးချိန်းတွင် တင်မည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
ဗေဒင်ဆရာ အောင်ချစ်ပို၏ တရားလွှတ်တော်ရှေ့နေ ဦးစိုးဝင်းအောင် က “တရားလိုကို နိုင်ငံတော်ဘက်က အဓိက စစ်မေးတယ်။ တရားခံ အောင်ချစ်ပိုရဲ့ရှေ့နေက တရားလိုကို ပြန်လှန်မေးခွန်းမေးတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဗေဒင်ဆရာ အောင်ချစ်ပိုကို သရုပ် ဆောင် ဒိန်းဒေါင်၏သမီး ဒိန်းပိုပိုဒေါင် မှလည်း ပုဒ်မ ၃၅၄ (အမျိုးသမီး ကာအိန္ဒြေ ပျက်စီးမှု)နှင့် ပုဒ်မ (၅၀၆) (ခြိမ်းခြောက်မှု) ဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် စမ်းချောင်းမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားသည်။
ဗေဒင်ဆရာ အောင်ချစ်ပို အနေဖြင့် အမှုရင်ဆိုင်နေရခြင်းကြောင့် ကိုးထပ်ကြီးဘုရားဝင်းရှိ ဟောခန်းကို ဂေါပကမှ ယာယီ ပိတ်ထားရသည်။
ယခုနှစ် အစောပိုင်းက အမျိုးသမီးတချို့သည် စမ်းချောင်းမြို့နယ် ကိုးထပ်ကြီးဘုရားမှ ဗေဒင်ဆရာ အောင်ချစ်ပို ထံတွင် သွားရောက်၍ ဗေဒင်မေးရာတွင် ၎င်းတို့အား ကာယိန္ဒြေပျက်စီးစေသည့် ထိပါးမှုများ လုပ်ဆောင်ခဲ့ကြောင်း လူမှုဆက်သွယ်ရေး ကွန်ရက် Facebook စာမျက်နှာပေါ်တွင် ဝန်ခံရေးသားခဲ့သည်။
ယင်းသတင်းပျံ့နှံ့သွားပြီးနောက် ဗေဒင်ဆရာ အောင်ချစ်ပိုထံတွင် ယင်းသို့သော အဖြစ်အပျက်မျိုး ကြုံတွေ့ခဲ့ရဖူးကြောင်း အခြား အမျိုးသမီးငယ် အချို့ကလည်း ဖွင့်ပြောလာကြပြီး ထိုသို့ ကြုံတွေ့ခဲ့ရသော အမျိုးသမီးများ စု၍ ရဲစခန်းတွင် သွားရောက် အမှုဖွင့်နိုင်ရန် ကြိုးစားခဲ့ကြခြင်းဖြစ်သည်။
ထိုသို့ အမှုဖွင့်ခံရပြီးနောက်ပိုင်း ဗေဒင်ဆရာအောင်ချစ်ပိုမှလည်း တိုင်ကြားသူ တက္ကသိုလ်ကျောင်းသူအား အသရေဖျက်မှုဖြင့် ပြန်လည် အမှုဖွင့်ခဲ့သည်။
ထိုအမျိုးသမီးများ၏ တရားစွဲမှုကြောင့် စမ်းချောင်းမြို့မရဲစခန်းမှ ဗေဒင်ဆရာအောင်ချစ်ပိုအား ဖမ်းဆီးခဲ့သော်လည်း အာမခံဖြင့် ပြန်လွှတ်ထားပြီးနောက် သူ၏ နေအိမ်တွင်ပင် ဗေဒင်ဆက်လက်ဟောနေကြောင်း သိရသည်။
ဆက်စပ် ဖတ်ရှုရန် – ဗေဒင်ဆရာအောင်ချစ်ပိုအမှု ဘာဆက်ဖြစ်မလဲ
ဗေဒင်ဆရာ အောင်ချစ်ပို ကာယိနြေ္ဒ ပျက်စီးစေရန် ထိပါးမှုဖြင့် အမှုဖွင့်ခံရ