နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော်တွင် သတင်းယူနေသည့် မဇ္ဈိမ သတင်းထောက် မင်းမင်းကို ပြည်သူ့ လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ချုပ် တင်ဆွေဝင်း ဆိုသူက ဆဲဆိုခဲ့ခြင်းနှင့် ပတ်သက်ပြီး လွှတ်တော် နှင့် တပ်မတော် သို့ တိုင်ကြားစာများ ယနေ့ ပေးပို့လိုက်ကြောင်း သတင်းရရှိသည်။
ပြည်သူ့လွှတ်တော်၊ လွှတ်တော် အခွင့်အရေး ကော်မတီ ဥက္ကဌ၊ ပြည်သူ့လွှတ်တော် တပ်မတော်သား အစုအဖွဲ့ ခေါင်း ဆောင် များထံသို့ စာပို့၍ လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရန် တင်ပြရခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ သတင်း မီဒီယာ ကောင်စီထံသို့လည်း ပေးပို့ထားကြောင်း ကာယကံရှင်သတင်းထောက် ကိုမင်းမင်းက ဧရာဝတီသို့ ပြောသည်။
“မဖြစ်သင့်တဲ့ ကိစ္စမို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ သတိပေးတာပဲ ဖြစ်ဖြစ်၊ တစုံတရာ ဆောင်ရွက်နိုင်ဖို့ တင်ပြ တာပါ”ဟုလည်း ၎င်းက ပြောပြသည်။
မဇ္ဈိမ သတင်းဌာန၏ သတင်းဌာန အကြီးအကဲ ဦးမျိုးသန့်က လက်မှတ်ရေးထိုး ပေးပို့သည့် စာတွင် ဇူလိုင် ၂၅ ရက်က ပြည်ထောင်စု လွှတ်တော်တွင် မဇ္ဈိမ သတင်းထောက် ကိုမင်းမင်းအား တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ချုပ် တင်ဆွေဝင်း က ဆဲဆိုမှုအတွက် လိုအပ်သလို အရေးယူပေးပါရန်ဟု ဖော်ပြထားကြောင်းလည်း တွေ့ရသည်။
အဆိုပါ ကိစ္စတွင် ကိုမင်းမင်း အနေဖြင့် သတင်း မီဒီယာများ၏ကျင့်ဝတ်နှင့် အညီ သတင်း ရယူခဲ့သော်လည်း တပ် မတော်သား လွှတ်တော် ကိုယ်စားလှယ်၏ ဆဲဆိုခံရမှုကြောင့် သတင်း မီဒီယာသမားများ၏ဂုဏ်သိက္ခာကို ထိခိုက်ခဲ့ သည်ဟု တိုင်ကြားစာတွင် ရေးသားထားသည်။
သတင်းမီဒီယာ ကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော်က“သတင်းသမားကိုပဲ ဖြစ်ဖြစ်၊ တခြား ဘယ်သူ့ကိုပဲ ဖြစ်ဖြစ် ပြောခွင့် မရှိဘူး။ ဒါက ကြမ်းတမ်းတဲ့ အသုံးအနှုန်းပဲ။ သက်ဆိုင်တဲ့ တာဝန်ရှိတဲ့ အဖွဲ့အစည်းကို နောင်ဒါမျိုး မဖြစ်ဖို့ တာဝန်ယူ သင့်တယ်။ လုပ်ဆောင်ပေးသင့်တယ်လို့ မြင်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ပြည်သူ့လွှတ်တော်၊ လွှတ်တော် အခွင့်အရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာ လှမိုးကလည်း မဇ္ဈိမ သတင်းဌာန ၏ တင်ပြစာ ကော်မတီသို့ ရောက်ရှိလာရာ နောက်ရက်များတွင် ဆွေးနွေးရမည် ဖြစ်ကြောင်း၊ သက်ဆိုင်သူ ကာယကံ ရှင် ကို ခေါ်ယူ မေးမြန်းခြင်း၊ သက်သေ အထောက်အထားများကို မေးမြန်းခြင်းများ ဆောင်ရွက်ရဦးမည်ဟု ဧရာဝတီ ကို ပြောပြသည်။
“ဥက္ကဌဆီကို ဒီနေ့မှ စာရောက်တယ်ဆိုတာ သိရတဲ့အတွက်ကြောင့် အစည်းအဝေး ထိုင်ရဦးမယ်။ အဖွဲ့ဝင်တွေကို ချပြ ရဦးမယ်။ သက်ဆိုင်ရာ ကာယကံရှင်ကို ခေါ်မေးရဦးမယ်။ သူ့ရဲ့ လုပ်ငန်း Process လေးတွေ ရှိသေးတယ် လေနော်။ အဲဒါလေးတွေ ပြီးရင်တော့ ပြန်ပြောပြပါမယ်နော်”ဟု ၎င်းက ပြောသည်။
မဇ္ဈိမ သတင်းဌာန၏ ဇူလိုင်လ ညပိုင်းက ဖော်ပြခဲ့သည့် Facebook စာမျက်နှာ၌ ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့် တောင်းခံသည့် ရုပ်သံ သတင်း အစပိုင်းတွင် ဗိုလ်ချုပ် တင်ဆွေဝင်းက ဆဲဆိုမှု ပြုလုပ်သွားသည်ကို တွေ့ရသည့်အခါ လွန်စွာ စိတ်ပျက်မိကြောင်း သတင်းမီဒီယာ အသိုင်းအဝိုင်းက ထုတ်ဖော် ပြောဆိုခဲ့ကြသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မဇ္ဈိမ သတင်းဌာနမှ ကိုမင်းမင်းက“ဒါကတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ဆုံးဖြတ် ချက် အပေါ် မူတည်ပါလိမ့်မယ်။ အဓိက ကတော့ အလားတူကိစ္စကိစ္စမျိုးတွေ ထပ်မဖြစ်စေချင်တော့ဘူး။ ဒါကအပြန် အလှန် ယုံကြည် လေးစားမှုကိုလည်း ထိခိုက်စေတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဗိုလ်ချုပ် တင်ဆွေဝင်းသည် စစ်တက္ကသိုလ် (ပြင်ဦးလွင်)မှ သိပ္ပံဘွဲ့နှင့် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှ မဟာ ဝိဇ္ဇာ ဘွဲ့ (ကာကွယ်ရေး ပညာ)ဖြင့် ဘွဲ့ရထားသူ တဦးဖြစ်ပြီး လက်ရှိတွင် ဗိုလ်ချုပ်အဆင့်နှင့် နေပြည်တော်တိုင်း စစ် ဌာနချုပ် ၌ အရန် အင်အားအဖြစ် တွဲဖက်ထားကြောင်း၊ တပ်မတော်သား ကိုယ်စားလှယ် အဖြစ် ဗိုလ်ချုပ် တောက်ထွန်း အစား ရွေးချယ် ခံရသူတဦး ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။