ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာတွင် ကား အရှိန်မြှင့် မဆင်မခြင် မောင်းနှင်မှုကြောင့် ဆယ်ကျော် သက် ကောလိပ်ကျောင်းသားနှင့် ကျောင်းသူတဦး သေဆုံးရသည့်အတွက် ကျောင်းသားများ၏ ဆန္ဒပြပွဲ များ ပေါ်ပေါက်လာပြီး ၉ရက်မြောက်နေ့တွင် အစိုးရက ကားတိုက်၍ သေဆုံးခြင်းနှင့် ပတ်သက်ပြီး ပြစ်ဒဏ်ကို ၃နှစ်မှ ၅နှစ်သို့ တိုးမြှင့်လိုက်သည်။
ထိုသို့ ဖြစ်ပေါ်လာသည့် ဆန္ဒပြမှုများနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာက နိုင်ငံရေး အတိုက်အခံများသည် သေဆုံးမှုကို အကြောင်းပြုပြီး အစိုးရဆန့်ကျင်ရေး စိတ်ဓာတ်များ လှုံဆော်ရန် ကြိုးစားနေကြောင်း စွပ်စွဲပြောဆိုလိုက်ပြီး၊ အတိုက်အခံများကမူ ၎င်းတို့ပါဝင် ပတ်သက် ခြင်း မရှိဟု ဆိုသည်။
သေဆုံးမှုမှာ ပုဂ္ဂလိကလုပ်ငန်းပိုင် ဘတ်စ်ကားများ ခရီးသည်ရရှိရေးအတွက် တစင်းနှင့် တစင်း လုကာ မောင်း နှင်ရင်း ကောလိပ်ကျောင်းသား အုပ်စုတစုကို ဇူလိုင်လ ၂၉ ရက်နေ့က ဝင်တိုက်ခဲ့ခြင်း ဖြစ်ပြီး၊ ဒေါသထွက် နေသည့် ကျောင်းသားများက သယ်ယူပို့ဆောင်ရေး ဥပဒေကို ပြင်ဆင်ရန် တောင်းဆိုသောကြောင့် လူဦးရေ ၁၈ သန်းရှိသည့် မြို့တော် ဒါကာတွင် လုပ်ငန်းအားလုံး ရပ်ဆိုင်း ခဲ့ရသည်။
ဝန်ကြီးချုပ် ဟက်စီနာကမကထပြုသည့် အစိုးရအဖွဲ့ အစည်းအဝေးအပြီး တက်ရောက်သည့် တရားရေးဝန်ကြီး အနစ်ဆူလ်ဟက်က “အဆိုပြုထားတဲ့ ဥပဒေအရ အသက်သေဆုံးစေတဲ့ စည်းကမ်းမဲ့ မောင်းနှင်မှု ကျူးလွန် တယ်လို့ စွပ်စွဲခံရသူဟာ ထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်တယ်” ဟု သတင်းထောက်များကို ပြောသည်။
ရည်ရွယ်ချက်ရှိရှိ ကားနှင့် တိုက်သတ်ပါက လူသတ်မှု စွပ်စွဲချက်ကို ရင်ဆိုင်ရမည်ဖြစ်ပြီး သေဒဏ် ကျခံရ မည် ဖြစ်သည်ဟုလည်း သူကပြောသည်။
ရှိတ်ဟာစီနာ၏ အာဏာရ အဝါမီလိဂ် အဖွဲ့ချုပ်သည် ပါလီမန်တွင် အများစုအနေအထားရယူ ထားသောကြောင့် ထိုအဆိုပြုသော ဥပဒေကို ပါလီမန်၏ အတည်ပြုချက်မှာ တရားဝင်စေရန်ုလုပ် ဆောင်မှု တခုသာဖြစ်သည်။
အစိုးရ ဆန္ဒပြပွဲများ ရပ်ဆိုင်းရန် ကျောင်းသားများကို သတိပေးသော်လည်း အချို့က သြဂုတ်လ ၆ ရက်နေ့ အထိ ရဲများကို အုတ်ခဲများဖြင့် ပစ်ခတ်ခဲ့ပြီး အချို့သော ကျောင်းသားများမှာ မြို့တွင်း စီတန်း လှည့်လည်ရန် ကြိုးစားနေကြသည်။
အလားတူ ကျောင်းသားများက ကားများကို ရပ်တန့် ခိုင်းကာ ယာဉ်မောင်းလိုင်စင်များနှင့် ယာဉ်၏ အခြေအနေ ကို စစ်ဆေးခြင်းများ ပြုလုပ်နေသောကြောင့် ရဲအဖွဲ့က မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်များသုံးပြီး ဆန္ဒပြသူများ ကို လူစုခွဲရန်ကြိုးစားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ဆန္ဒပြပွဲများ အပေါ်ရဲတပ်ဖွဲ့၏ ကိုင်တွယ်မှုကို ဝေဖန်ခဲ့ပြီး၊ ဆန္ဒပြသူများသည် ညီညွတ်ပြီး တနိုင်ငံလုံး၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်ဟု အမေရိကန်သံရုံးက ဖေါ်ပြခဲ့ပြီး နောက် သြဂုတ်လ ၅ ရက်နေ့တွင် ဆိုင်ကယ်စီးသူများ အပါအဝင် လက်နက်ကိုင်လူတစုက အမေရိကန် သံအမတ်လိုက် ပါလာသော ယာဉ်တန်း တိုက်ခိုက်ခံခဲ့ရသည်။
ယင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရခြင်းမရှိသော်လည်း ယာဉ် ၂စီး ပျက်စီးသည့်အတွက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေသည်။
အလားတူ ရှိတ်ခ် ဟာဆီနာကို ထောက်ခံသည့် ကျောင်းသားအဖွဲ့က ဆန္ဒပြသူများကို တိုက်ခိုက်ရန် ကြိုးစား ကြောင်း လူမှုကွန်ရက်တွင် ရေးသူ ဓာတ်ပုံဆရာ ရှဟီဒူလ် အလမ်ကို ရဲက ဖမ်းဆီးခဲ့သည်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI) ကမူ အလမ်သည် ဒါကာ ဆန္ဒပြပွဲများ အကြောင်း အယ်လ်ဂျာ ဇီယာ အင်္ဂလိပ်ပိုင်းကို ပြောကြားခဲ့ပြီးနောက် အဖမ်းခံရခြင်းဖြစ်ကြောင်းပြောပြီး သူ့ကို ချက်ခြင်း ချွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုသည်။
အစိုးရသည် မော်တော်ယာဉ် ဥပဒေများကို အကောင်အထည်ဖေါ်မှု မရှိဘဲ ယာဉ်ကြောပိတ်ဆို့သော မြို့တော်မှ ပုဂ္ဂလိက ဘတ်စ်ကားလိုင်းများကို ကျောင်းသားများက ယာဉ်တိုက်မှုအတွက် အပြစ်တင်ကြသည်။
ယာဉ်တိုက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နှစ်စဉ် လူ ၁၂၀၀၀ သေဆုံးပြီး ၃၅၀၀၀ ဒဏ်ရာ ရှိသည်ဟု နိုင်ငံပိုင် ဘင်္ဂလားဒေ့ရှ် တက္ကသိုလ် အင်ဂျင်နီယာနှင့် နည်းပညာ ယာဉ်တိုက်မှု သုတေသနဌာနကဆိုသည်။