အုပ်ချုပ်ရေးမှူး ရာထူးတာဝန်များကို အမျိုးသမီးများအား ပေးအပ်ရန် အစီအစဉ်ရှိကြောင်း ပြည်ထဲရေး ဝန်ကြီး ဌာန ဒု ဝန်ကြီး ဗိုလ်ချုပ် အောင်သူ က ပြောသည်။
သြဂုတ်လ ၈ ရက်က ကျင်းပသော ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ လေးမျက်နှာ မဲဆန္ဒနယ်မှ ဦးဇော်မင်းသိန်း မေးမြန်း သော ပြည်ထဲရေး ဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ရာထူး တာဝန်များကို အမျိုးသမီးများအား ခန့်အပ် တာဝန်ပေးရန် အစီအစဉ် ရှိမရှိ မေးခွန်းအပေါ် ပြန်လည် ဖြေကြားခြင်း ဖြစ် သည်။
ဗိုလ်ချုပ် အောင်သူ က “လက်ရှိ တာဝန် ထမ်းဆောင်လျက် ရှိတဲ့ အရာထမ်း အမျိုးသမီးများ အနေဖြင့် ရာထူးများ အဆင့် ဆင့်တိုးမြှင့် ရရှိသည့် အချိန်များတွင် အုပ်ချုပ်ရေးမှူး ရာထူးတာဝန်များကို ထမ်းဆောင်ခွင့် ရရှိလာမည်” ဟု ဖြေကြားသွား သည်။
ပြည်ထဲရေး ဝန်ကြီးဌာန အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွင် အုပ်ချုပ်ရေး ရာထူး အဆင့်ဆင့် အတွက် လုပ်ငန်း သဘော သဘာဝ အပေါ် အခြေခံကာ အမျိုးသား ဝန်ထမ်းများကိုသာ ရာထူး တိုးမြှင့်ခန့်အပ် ထားခဲ့သော်လည်း ယခု ပြောင်းလဲ ကျင့် သုံးလာသော လူနေမှု ပတ်ဝန်းကျင်နှင့် အုပ်ချုပ်ရေး သဘောတရား တို့ကို ချိန်ဆ၍ အမျိုးသမီး ဝန်ထမ်း များသည်လည်း ထိုက်သင့်သော ရာထူးနေရာများ ရရှိလာမည် ဖြစ်ကြောင်း ဗိုလ်ချုပ် အောင်သူက ပြောသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းသိန်းက မြန်မာနိုင်ငံရှိ ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍတွင် အမျိုး သမီး များက တာဝန် အများအပြား ယူထားသကဲ့သို့ အခြားဌာနများနှင့် တပ်မတော်၊ ရဲတပ်ဖွဲ့ ဌာနများတွင် အမျိုးသမီး အရာရှိ ကြီးများကို တွေ့နေရပြီ ဖြစ်ကြောင်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးရာတွင်လည်း အမျိုးသမီး အုပ်ချုပ်ရေးမှူး ၉၇ ဦး အထိ ရွေးချယ်နိုင်ခဲ့ကြောင်း၊ အမျိုးသမီး လွှတ်တော် အမတ် ၁၅၀ ကျော် အထိရှိလာပြီ ဖြစ်သကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးများ၊ ဝန်ကြီးချုပ်များမှ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အထိ တာဝန်ယူလာကြောင်း ဥပမာပေး ပြောဆိုသည်။
“မေးခွန်းမှာပါတဲ့ မြို့နယ်၊ ခရိုင်၊ တိုင်း အုပ်ချုပ်ရေးမှူး ရာထူးတာဝန်များမှာတော့ အမျိုးသမီး တဦးတယောက်မှ မတွေ့ရ ပါဘူး။ ရာထူး တူရင်တောင်မှ ရုံးအဖွဲ့မှာပဲ နေရာပေးထားတာ တွေ့ရပါတယ်”ဟု ၎င်းက ပြောသည်။
ငြိမ်းချမ်းရေး အတွက် ကျားမတန်းတူရေး မဟာမိတ် AGIPP မှ အကြံပေး ဒေါ်နန်းဖြူဖြူလင်းက မြန်မာ့လူနေမှု အဖွဲ့ အစည်း ၏ ဓလေ့အရ ကန့်သတ်ထားမှုများကြောင့် အမျိုးသမီးများသည် အမျိုးသားများနှင့် ရင်ပေါင်တန်း လုပ်ကိုင်နိုင်ရန် အခွင့်အရေးများ မရရှိခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။
ထို့ပြင် အထွေထွေ အုပ်ချုပ်ရေးမှူး တာဝန်ကို အမျိုးသမီးများ အနေဖြင့်လည်း အောင်မြင်စွာ ထမ်းဆောင်နိုင်မည်ဟု ယုံကြည် ကြောင်း၊ ခေတ်အဆက်ဆက်၌ အခွင့်အရေး မရရှိခဲ့၍ လုပ်ငန်း အတွေ့အကြုံ နည်းနိုင်သော်လည်း လုပ်ကိုင် ရင်း ဖြင့် သင်ယူနိုင်မည် ဖြစ်ကြောင်း၊ လိုအပ်သည်များကို အစိုးရဘက်မှ ပံ့ပိုးပေးရန်လိုကြောင်း ပြောကြားသည်။
ဒေါ်နန်းဖြူဖြူလင်းက “နေ့စဉ် မိသားစုအဆင့်မှာလည်း အုပ်ချုပ်ရေးမှူး တာဝန်ကို ယူနေတဲ့ အမျိုးသမီးတွေက အဲဒီ တာ ဝန်ကို ယူနိုင်ပါတယ်။ ဒါပေမယ့် အခွင့်အရေး မရခဲ့တော့ လုပ်ငန်း အတွေ့အကြုံတော့ လိုလိမ့်မယ်”ဟု ဆိုသည်။
လက်ရှိတွင် ပြည်ထဲရေး ဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၌ ဒု ညွှန်ကြားရေးမှူးချုပ် ၁ ဦး၊ ညွှန်ကြားရေးမှူး ၃ ဦး၊ ဒု ညွှန်ကြားရေးမှူး ၁၃ ဦး၊ လက်ထောက် ညွှန်ကြားရေးမှူး ၅၉ ဦး၊ ဦးစီးဌာနမှူး ၁၆ ဦး၊ ဒု ဦးစီးမှူး ၅၅၆ ဦးဖြင့် စုစု ပေါင်း အမျိုးသမီး ဝန်ထမ်း ၆၄၈ ဦး တာဝန် ထမ်းဆောင်လျက် ရှိကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၈)၌ နိုင်ငံသားများနှင့် မူလအခွင့်အရေးနှင့် တာဝန်များ ပုဒ်မ ၃၅၂ တွင် နိုင်ငံတော် သည် အလုပ်အကိုင် ခန့်ထားရာတွင် ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်း ရွေးချယ် တာဝန်ပေးရာတွင် ဖြစ်စေ သတ်မှတ်ထားသော အရည် အချင်းနှင့် ပြည့်စုံပါက မြန်မာနိုင်ငံတော်၏ မည်သည့် နိုင်ငံသားကိုသော်မျှ လူမျိုးဇာတိ ကိုးကွယ်ရာ ဘာသာ သာသနာ အမျိုးသား/အမျိုးသမီးကို အကြောင်းပြုလျက် ရာထူးရွေးချယ် ခန့်ထားခြင်းကို ခွဲခြားမှု မပြုရဟု ဖော်ပြထား သည်။
သို့ရာတွင် အမျိုးသားများနှင့်သာ လျော်ကန် သင့်မြတ်သည့် ရာထူးတာဝန်များ အတွက် အမျိုးသားများအား ရွေးချယ်ခန့် ထားခြင်းကို ဤပုဒ်မ အရ အဟန့်အတား မဖြစ်စေရဟု ပါရှိသည်။