“ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) သည် မူလက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) မထိုးရန် ဆုံးဖြတ်ခဲ့သော်လည်း ယခုအခါ ထိုးရန် စဉ်းစားချက် အချို့ ရှိထားကြောင်း သိရသည်။
UWSA အနေဖြင့် အပစ်ရပ် လက်မှတ်ထိုးရန် တပ်မတော်နှင့် အစိုးရဘက်က NCA ကို ပြင်ဆင်ခွင့်ရှိကြောင်း၊ မကြိုက်ပါက နှုတ်ထွက်ခွင့်ရှိကြောင်းကို စာအားဖြင့် ကတိပြု ထုတ်ပြန် ပေးရန်လိုအပ်ကြောင်း UWSA ၏ လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက ဧရာဝတီသို့ ပြောသည်။
ဦးညီရမ်းက “၂၁ ပင်လုံတတိယအကြိမ် ရောက်တုန်းက ကျနော်တို့ FPNCC ကနေပြီးတော့မှ ထုတ်ပြန်တဲ့ စာတမ်းထဲမှာ ရေးပြီးသားပဲလေ၊ ရှင်းရှင်းလေး၊ တကယ်လို့ အထဲမှာဝင်ပြီးတော့ ပြင်ပါလို့တော့ တပ်မတော်ပိုင်းကပြောတာပေါ့။ တချို့ အချက်တွေက မကြိုက်ဘူးဆိုရင် ပြန်ထွက်လို့ရတယ်ဆိုတာလည်း ပြောနေတာပေါ့။ အဲလိုပြောမယ့်အစား တိုက်ရိုက် စာသားနဲ့ ထုတ်ပြန်နိုင်ရင်တော့ ကျနော်တို့ အနေနဲ့ စဉ်းစားမယ်ဆိုတဲ့ အတိုင်းအတာထိလောက်ပဲရှိတယ်။ စဉ်းစားမှုတချို့ရှိတယ်လို့တော့ ပြောလို့ရတာပေါ့” ဟု ပြောသည်။
UWSA ၏ ဒုဥက္ကဋ္ဌ ဦးပေါက်ယူရိ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်ထိကျင်းပခဲ့သော ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကို သီးခြားစီတွေ့ဆုံကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆွေးနွေး ခဲ့ကြသည်။
ထို့နောက် UWSA က ၎င်းတို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် NCA စာချုပ်အပေါ် သဘောထားအမြင်ကိုထုတ်ပြန် ခဲ့ရာမှာ တပ်မတော်က NCA စာချုပ်ကို ပြင်ဆင်နိုင်ကြောင်း၊ မကြိုက်လျှင် နှုတ်ထွက်ခွင့်ရှိကြောင်းပြောသဖြင့် ယင်းအချက်ကို စာအားဖြင့် ကတိပြု ထုတ်ပြန်ပေးပါက NCA ထိုးရန် စဉ်းစားမည်ဟုဆိုသည်။
UWSA မှ လိုလားသော တောင်းဆိုမှုအပေါ် UWSA နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင် (PC) ကြားညှိနှိုင်းရန် လိုအပ်ကြောင်း တိုင်းရင်းသားအရေး သုတေသီတဦး ဖြစ်သူ ဦးမောင်မောင်စိုးက ပြောသည်။
ဦးမောင်မောင်စိုး က “ငြိမ်းချမ်းရေးညီလာခံမှာ ဦးဇော်ဌေး ပြောထားတာ ရှိပါတယ်၊ တချို့ဟာတွေကတော့ NCA ထဲမှာ မပါတာတွေ ရှိပါတယ်တဲ့ ဒါတွေ ကျနော်တို့ ဖြည့်စွက် စဉ်းစားလို့ ရပါတယ် ဆိုပြီးတော့ ပြောထားတာမျိုးလည်းရှိတယ်။ အဲတော့ လုပ်ရမှာကတော့ UWSA နဲ့ ထပ်ပြီးတော့ တရားဝင် ညှိနှိုင်းဆွေးနွေးဖို့ လိုအပ်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
NCA ထိုးနိုင်ရေး UWSA နှင့် PC ကြားတွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းနေကြကြောင်း၊ UWSA ဌာနချုပ်နှင့် PC အကြားတိုက်ရိုက် အဆက် အသွယ်ရှိသည့်အတွက် မည်သည့် အချိန်တွင် တွေ့ ဆုံမည်ကိုမိမိအနေဖြင့် မသိရကြောင်း၊ တပ်မတော်နှင့် UWSA ခေါင်းဆောင်များ အကြားတွင်လည်း မကြာခန တွေ့ဆုံဆွေးနွေးရန် အမြင်ရှိကြသည်ဟု ဦးညီရမ်းက ပြောသည်။
“အမြဲတမ်းတွေ့ဖို့လိုတယ်လို့ နှစ်ဦး နှစ်ဖက်ကတော့ အဲလိုမျိုးမြင်ကြတယ်။ အဲလိုမျိုးသဘောတူညီမှုတွေတော့ ရှိကြတယ်။ ဒီကိစ္စမျိုးတွေက စားပွဲဝိုင်းမှာ များများတွေ့ဆုံဖို့ လိုအပ်တာပေါ့။ ပိုပြီးမှ ယုံကြည်မှု တည်ဆောက်ဖို့တော့ လိုကြတာပေါ့နော်။ ဒါမျိုးကင်းကွာရင်တော့ နှစ်ဖက်အတွက်လည်း မကောင်းဘူးလေ၊ တိုင်းပြည်အတွက်ပဲနစ်နာတယ်” ဟု ဦးညီရမ်း က ပြောသည်။
ဦးမောင်မောင်စိုး ကတော့ UWSA မှ NCA ကို မကြိုက်လျှင် နှုတ်ထွက်ခွင့်ပေးရန်နှင့် NCA စာချုပ်ကို ပြင်ဆင်နိုင်ကြောင်း တပ်မတော် ဘက်က စာအားဖြင့် ထုတ်ပြန်ပေးရန် တောင်းဆိုမှုသည် ၂ ဦး ၂ ဖက် နားလည်မှု ရှိသည့်အပေါ်မှာ မူတည်သည်ဟု ဆိုသည်။
ဦးမောင်မောင်စိုး က “မကျေနပ်ရင်တော့ နှုတ်ထွက်ကြမှာပဲလေ။ ဒါကရှင်းရှင်းလေးဘဲ။ ခင်ဗျား ဒီစာချုပ်တခုကို မကျေနပ်ရင် တော့ နှုတ်ထွက်မှာဘဲ၊ အဲလိုအနေအထားမျိုးမှာကတော့ ကြေညာစရာလိုသလား၊ မလိုသလားတောင် မသိပါဘူး။ ဒီသဘော တူညီမှုကို မကျေနပ်တော့ဘူး၊ ကွဲလွဲမှု ရှိရင်တော့ ပဋိပက္ခဖြစ်မှာဘဲလေ၊ နှုတ်ထွက်ကြမှာဘဲ၊ အဲတော့ ဒါကကြေညာဖို့ လိုအပ်ကောင်းမှ လိုအပ်လိမ့်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
UWSA တောင်းဆိုသည့် ထုတ်ပြန်ချက်ကို အစိုးရနှင့် တပ်မတော်ဘက်က ထုတ်ပြန်ပေးခဲ့ပါက တခြားသော NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပေါ်တွင် ရိုက်ခတ်သွားနိုင်ခြင်းကြောင့် တပ်မတော်ဘက်မှ ဆောင်ရွက်ပေးရန် အခြေအနေ အလွန်နည်းပါးကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နေသူ တဦးက ပြောသည်။
ဦးမောင်မောင်စိုး ကတော့ တရုတ်အစိုးရက ကြားဝင် စေ့စပ် ညှိနှိုင်းပေးနေခြင်းကြောင့် UWSA နှင့် PC အကြား ယခုလ သို့မဟုတ်ပါက နောက်လ အတွင်း တွေ့ဆုံနိုင်သည့် အခြေအနေရှိကြောင်း ခန့်မှန်းမိသည်ဟု ဆိုသည်။
UWSA သည် ၁၉၈၉ ခုနှစ်က တပ်မတော်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူခဲ့ပြီး သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်က ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး စာချုပ်များကို လက်မှတ်ထိုးထားသည်။