မင်္ဂလာဒုံမြို့နယ်၊ စက်မှုဇုန်နယ်မြေအတွင်း အာရှစံချိန်တင် မူးယစ်ဆေးဝါးများနှင့် ပတ်သက်ပြီး ကုလားတန်းမြစ်ဝှမ်းဖွံ့ဖြိုးရေး (KDD) ကုမ္ပဏီပိုင်ရှင် မင်းဦးခိုင် အပါအဝင် ၁၀ ဦးအား မူးယစ်ဆေးပုဒ်မများဖြင့် မြောက်ပိုင်းခရိုင် တရားရုံးက ယနေ့စွဲချက် တင်လိုက်သည်။
KDD ကုမ္ပဏီပိုင်ရှင် မင်းဦးခိုင်အား မူး/စိတ် ပုဒ်မ ၂၀(က) ဖြင့်လည်းကောင်း၊ ဇော်ဇော်မင်း၊ ထွန်းကျော်ဇံ (ခ) မိုးဇံ၊ သန်းရွှေ (ခ) စောဂျင်မီ၊ ညွန့်ဝင်း၊ မဝင်းငြိမ်းခိုင် (ခ) ငြိမ်းငြိမ်း၊ ရန်ရှောက်ဟွာ (ခ) စိုင်းအောင်၊ ချိုချိုဝင်း၊ မောင်ဝင်း (ခ) ကျော်ထူး၊ ခင်မောင်သန်း (ခ) အာနိုး တို့အား မူး/စိတ်ပုဒ်မ ၂၀(က)/၂၁ ဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။
ထွန်းကျော်ဇံ (ခ) မိုးဇံ က “ဒီအမှုတွေကို ကျနော်တို့ လုံးဝကျူးလွန်မှုမရှိဘူး၊ ပူးပေါင်းပါဝင်တယ်ဆိုပြီး မရေရာတဲ့ စွဲချက်တွေနဲ့ စွဲချက်တင်နေတာ၊ အခုက ဓားစာခံလိုဖြစ်နေတယ်၊ ကျနော်တို့နဲ့ သက်ဆိုင်တဲ့နေရာတွေကနေ ဘာမူးယစ်ဆေးဝါးမှ ဖမ်းမိတာလဲ မရှိခဲ့ဘူး” ဟု ရုံးထုတ်အပြန်တွင် ပြောသည်။
ယနေ့ စွဲချက်တင်ခံရသူများအနက် ဇော်ဇော်မင်း၊ မိုးဇံ၊ သန်းရွှေ၊ ညွန့်ဝင်း၊ ရန်ရှောက်ဟွာ၊ ခင်မောင်သန်းနှင့် မောင်ဝင်းတို့ ၇ ဦးမှာ ဒဂုံအရှေ့မြို့နယ်နှင့် ဒဂုံမြောက်မြို့နယ်တို့မှ ကွင်းဆက်ဖမ်းမိသည့် အမှု ၃ မှုတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ ဇွန်လ ၂၀ ရက်နေ့က အရှေ့ပိုင်းခရိုင် တရားရုံးတွင် ထောင်ဒဏ် ၄၈ နှစ်စီ ချမှတ်ခံထားရသူများ ဖြစ်သည်။
ကွင်းဆက် မူးယစ်ဆေးများအား မင်းဦးခိုင်၏ ဖော်ထုတ်ချက်များအရ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း တရားရုံးနှင့် ရဲမှတ်တမ်းများတွင် ဖော်ပြထားသော်လည်း ၎င်းအမှု ပြစ်ဒဏ်ချမှတ်ခံရသူများတွင် မင်းဦးခိုင် ပါဝင်ခဲ့ခြင်းမရှိပေ။
ယနေ့စွဲချက်တင်ရာတွင် ပါဝင်သည့် မဝင်းငြိမ်းခိုင်မှာလည်း ကွင်းဆက် မူးယစ်မှုနှစ်ခုတွင် ပါဝင်ပတ်သက်သည်ဟု ဆိုကာ အရှေ့ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၃၂ နှစ်ချမှတ်ထားသူဖြစ်သည်။
ယနေ့ စွဲချက်တင်ခံရသူများအနက်မှ မချိုချိုဝင်းသည် အရှေ့ပိုင်းခရိုင် တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့သည့် အမှုများမှ ပါဝင်ပတ်သက်ခြင်း မရှိဟုဆိုကာ လွှတ်မြောက်ခဲ့သူဖြစ်သည်။
ထောင် ၄၈ နှစ်ချခံရသည့် သန်းရွှေ၏ အကိုဖြစ်သူ က “သူက ယာဉ်မောင်း၊ ဖယ်ရီမောင်းတာ၊ လုပ်တာလဲ ၁ လခွဲလောက်ပဲ၊ လစာတိုးမပေးလို့ ထွက်လိုက်တာ၊ ကျနော့်အိမ်အထိ လာဖမ်းသွားတာ၊ ကျနော်တို့မှာက ပြေးစရာမြေမရှိ၊ ပေးစရာငွေမရှိ ဖြစ်နေပြီး၊ ဘယ်လိုလုပ်ရမှန်း မသိတော့ဘူး” ဟု ပြောသည်။
အရှေ့ပိုင်းခရိုင်တရားရုံးမှ ချမှတ်ထားသည့် ပြစ်ဒဏ်များနှင့် ပတ်သက်၍ တိုင်းတရားလွှတ်တော်ထံ အယူခံတင် ထားပြီးအမှုတွင် အဓိကကျသူများ လွတ်မြောက်နေပြီး ဝန်ထမ်းများသာ ပြစ်ဒဏ်ချမှတ်ခံရမှုမှာလည်း မျှတမှုမရှိကြောင်း ကာယကံရှင် မိသားစုများက ပြောသည်။
ယနေ့ရုံးချိန်းတွင် ဇော်ဇော်မင်းမှ ရဲအုပ် ခါးလီ အားလည်းကောင်း၊ မိုးဇံမှ ဒုရဲမှူး မျိုးကြည် အားလည်းကောင်း၊ ရန်ရှောက်ဟွာနှင့် ချိုချိုဝင်းတို့မှ ရဲအုပ်မြတ်သူ၊ ဒုရဲမှူး ခင်မောင်ဝင်း၊ ဦးစံညွန့်၊ ဦးသန်းထွဋ်အောင်၊ ဦးမျိုးနိုင်ထွန်းတို့အားလည်းကောင်း ပြန်ခေါ်သက်သေ အဖြစ် စစ်ဆေးပေးရန် တောင်းဆိုခဲ့သည်။
စွဲချက်များနှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသူများမှ တရားခွင်အတွင်း အပြစ်မရှိကြောင်း ပြောဆိုခဲ့ကြပြီး ပြန်ခေါ်သက်သေများအား သြဂုတ် ၁၅ ရက်နေ့ ရုံးချိန်းတွင် စတင်စစ်ဆေးမည်ဖြစ်သည်။
စံချိန်တင် မူးယစ်ဆေးပြား၂၆ ဒသမ ၇ သန်း (တန်းဖိုး ကျပ် ၁၃၃ ဒသမ ၅ ဘီလီယံခန့်) အားမင်္ဂလာဒုံမြို့နယ်၊ စက်မှုဇုန် နယ်မြေ၊ အိုးအိမ် ၆ လမ်းသွားလမ်းမပေါ်တွင် ရပ်ထားသည့် KDD ကုမ္ပဏီပိုင် ကွန်တိန်နာယာဉ်ငယ်ပေါ်မှ ၂၀၁၅ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။
၂၀၁၅ ခုနှစ်အတွင်း ယင်းအမှုကွင်းဆက်များ အဖြစ် စက်တင်ဘာ ၃ ရက်နေ့တွင် ဒဂုံမြောက်ပိုင်းမြို့နယ်၊ ၄၁ ရပ်ကွက်ရှိ KDD ရုံးလိပ်စာ နေအိမ်မှ မူးယစ်ဆေးပြား ၁၅ သိန်းအားလည်းကောင်း၊ စက်တင်ဘာ ၂၁ ရက်နေ့တွင် ဒဂုံအရှေ့မြို့နယ်၊ တက္ကသိုလ် ရိပ်မွန်အိမ်ယာ၊ ဂန္ဓမာလမ်းနေအိမ်ဂိုထောင်မှ စိတ်ကြွဆေးပြား ၁၉ သိန်းကျော်ကိုလည်းကောင်း၊ စက်တင်ဘာ ၂၆ ရက်နေ့တွင် ဒဂုံအရှေ့မြို့နယ်၊ ၁၁၀ ရပ်ကွက်၊ အင်းကြင်းလမ်းနေအိမ်မှ စိတ်ကြွဆေးပြား ၃၈ သိန်းကျော်နှင့် ICE ၃၅၀ ဂရမ်အား လည်းကောင်း ထပ်မံဖမ်းမိခဲ့သည်။