ယနေ့ခေတ်မှာတော့ ဒီပန်းခြံများဟာ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ရဲ့ အနောက်ဘက်အခြမ်းမှာမှာ တည်ရှိတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ ကျော် ခရစ်မပေါ်မှီအချိန်များမှာ ဒီပန်းခြံများဟာ ဝူနိုင်ငံတော်ရဲ့ ဘုရင်မင်းမြတ်တွေ အမဲလိုက်ရာ နေရာအဖြစ် တည်ရှိခဲ့ပါတယ်။
ခရစ်ပေါ်ပြီး ၄ ရာစုလောက်မှာ ဒီပန်းခြံများဟာ သီးသန့်ပန်းခြံအဖြစ်မှ အများပြည်သူ လည်ပတ်ဖို့ နာမည်ကျော်ကြားတဲ့ ပန်းခြံများ ဖြစ်လာခဲ့ပါတယ်။
ယူနက်စကိုရဲ့ တရားဝင် အင်တာနက် စာမျက်နှာမှာ ဖော်ပြပါရှိချက်အရ ဒီပန်းခြံတွေဟာ ရှေးယခင်က ရှိခဲ့ဖူးတဲ့ ကျောက်တုံးများ၊ ပန်းပင်များ၊ ထူးခြားလှပတဲ့ အဆောက်အဦများနဲ့ ကဗျာဆန်စွာ တည်ဆောက်ထားတဲ့ ပန်းခြံများ ဖြစ်ကြောင်းနဲ့ ကဗျာဆန်စွာ တည်ဆောက်ထားတယ်လို့ သိရပါတယ်။
ဒီပန်းခြံတွေရဲ့ တည်ဆောက်ထားရှိမှုဟာ ပန်းခြံတည်ဆောက်မှုပညာအရ အရှေ့တိုင်းရော အနောက်တိုင်းမှာ ပါရှိတဲ့ ပညာရှင်တွေအတွက် စံပြုအတုယူစရာ ကောင်းတယ်လို့ UNESCO ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
(၁) Humble Administrator’s ပန်းခြံ
၁၃ ဧက ကျယ်ဝန်းတဲ့ ဒီပန်းခြံမှာ အရှေ့၊ အလယ်၊ အနောက် ဆိုပြီး အပိုင်း ၃ ပိုင်း ပါရှိပါတယ်။ ဒီပန်းခြံဟာ တရုတ်ပြည်က ပန်းခြံတွေမှာ အကျယ်ဆုံးဖြစ်ပြီး ပန်းခြံတွင်းမှာရှိတဲ့ တံတားများ၊လမ်းများ တည်ဆောက်ပုံကို ယနေ့ခေတ် ပန်းခြံပညာရှင်များ အတုယူလေ့လာဖို့ အကောင်းဆုံးနေရာ ဖြစ်တယ်လို့ သိရပါတယ်။
(၂) Lingering ပန်းခြံ
ဒီပန်းခြံဟာ ဒုတိယအကြီးဆုံး ပန်းခြံဖြစ်ပြီး ၁၆ ရာစုမှာ တည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။ တည်ဆောက်ပြီး သိပ်မကြာခင်မှာ စွန့်ပစ်ခံခဲ့ရတဲ့ ဒီပန်းခြံကို ၁၈၇၃ ခုနှစ်ရောက်မှ ပြန်လည် ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
ပန်းခြံထဲမှာ ရှိနေတဲ့ နားနေဆောင်တွေက အဓိက နိုင်ငံခြားသား ဧည့်သည်တွေကို ဆွဲဆောင်ရာနေရာ ဖြစ်ခဲ့ပါတယ်။ ဒီပန်းခြံမှာရှိတဲ့ အဆောင်နှစ်ခုမှာ တရုတ် ရိုးရာတူရိယာများနဲ့ ရာဇဝင်များကို သီချင်းလုပ်ဆိုတဲ့ အခန်းများအဖြစ် တည်ရှိနေပါတယ်။
(၃) Master of Nets ပန်းခြံ
ဒီပန်းခြံကိုတော့ ယခင်က “Ten Thousand Value Hall” လို့ ခေါ်ဆိုခဲ့ပြီး ၁၁၄၀ ခုနှစ်များမှာ တည်ဆောက်ခဲ့ပါတယ်။ ပန်းခြံ တည်ဆောက်သူ Shi Zhengzhi က တံငါသည်တွေကို ကိုယ်စားပြုထားတဲ့ တည်ဆောက်ပုံ ဖြစ်ပါတယ်။
ပန်းခြံ တည်ဆောက်သူ Shi Zhengzhi သေဆုံးသွားပြီး နောက်မှာ ပန်းခြံဟာ ထိန်းသိမ်း စောင့်ရှောက်သူ မရှိဘဲ ဖြစ်နေခဲ့ပြီး ၁၈ ရာစုရောက်မှာ အငြိမ်းစား ဝန်ထမ်းတဦးဖြစ်တဲ့ Song Zongyuan က ပြန်လည်ပြုပြင်ခဲ့ပါတယ်။ သူဟာ ဒီပန်းခြံကို ပြုပြင်ပြီးတဲ့နောက်မှ “Master Of Nets” လို့ အမည်ပြောင်းခဲ့ပြီး ၁၉၅၈ ခုနှစ်မှာ အစိုးရကို လှူဒါန်းခဲ့ပါတယ်။
(၄) The Lion Grove ပန်းခြံ
ဒီပန်းခြံကိုတော့ ၁၄ ရာစုမှာ ဇန်ဘုန်းတော်ကြီးတပါးက တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒီပန်းခြံဟာ ပန်းခြံထဲမှာရှိတဲ့ ခြင်္သေ့ပုံ ကျောက်တုံးတွေကြောင့် အထူးကျော်ကြားတာ ဖြစ်ပြီး ရေတံခွန်များ၊ ကြာပန်းများကြောင့် ကမ္ဘာလှည့် ခရီးသွားများအတွက် လည်ပတ်လို့ကောင်းတဲ့ နေရာ တနေရာ ဖြစ်လာခဲ့ပါတယ်။
Ref;UNESCO